ဂယ်လီလီယို

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက်များ စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။
This article may require cleanup to meet Wikipedia's quality standards. Please improve this article if you can. The talk page may contain suggestions.
ဂယ်လီလီယို

ဂယ်လီလီယို ဂယ်လီလေး (Galileo Galilei) (၁၅၆၄-၁၆၄၂) ကိုကြီးကျယ်သော သိပ္ပံပညာရှင်၊ ရှာဖွေ စူးစမ်းသူ၊ တီထွင်သူ၊ နက္ခတ်ပညာရှင် အဖြစ်လည်းကောင်း၊ ချိန်သီးသဘောတရားကို စတင်ဖော်ထုတ်သူ၊ အလေးချိန်သဘောတရားကို စတင် ဖော်ထုတ်သူအဖြစ်လည်းကောင်း အသိများသည်။ သိပ္ပံပညာရပ်အတွက် နယူတန်အောက်လျော့လျော့မျှပင် နေရာပေးကာ ကြည်ညိုကြလေသည်။

ဂယ်လီလီယိုအား ၁၅၆၄ အီတလီနိုင်ငံ၊ ပီဆာ (Pisa) မြို့တွင် မွေးဖွားသည်။ ပီဆာ တက္ကသိုလ်တွင် တက်ရောက်သင်ကြားရင်းမှ ငွေကြေးမတတ်နိုင်သဖြင့် တက္ကသိုလ်မှ ထွက်ရရှာသည်။ သို့သော် ပင်ကိုယ်ကပင် စွမ်းရည်ရှိသူဖြစ်သည့်အတွက် ၁၅၈၉ တွင် ထိုပီဆာတက္ကသိုလ်၌ ဆရာပြန်ဖြစ်သည်။ နောက် နှစ်အနည်းငယ်အကြာတွင် ပါဒွား (Padua) တက္ကသိုလ် သို့ပြောင်းရွှေ့ပြီး ထိုတက္ကသိုလ်တွင် ၁၆၁၀ ထိ ဆရာအဖြစ်နေထိုင်သွားခဲ့သလို ထိုတက္ကသိုလ်၌ပင် အရေးပါသည့် သိပ္ပံပညာရပ်ဆိုင်ရာ လေ့လာမှု၊ တွေ့ရှိမှုတို့ကို ပြုလုပ်သွားခဲ့ခြင်းဖြစ်သည်။

အရေးပါသည့် တွေ့ရှိချက်များမှာ

  • ခေတ်အဆက်ဆက်က သိပ္ပံသမားတို့က လက်ခံယုံကြည်လာသည့် အရစ္စတိုတယ်လ် မိန့်ဆိုချက်ဖြစ်သော "ပစ္စည်းတစ်ခုနှင့် တစ်ခုအလေးချိန်မတူလျှင် အမြင့်မှအောက်သို့ ကျသည့်နှုန်းလည်းမတူ၊ ကွာခြားသည်။" ဆိုသည့် ယုံကြည်ချက်အမှားကို လက်တွေ့စမ်းသပ်ပြီး ခြေဖျက်ကာ ကျနှုန်းတူကြောင်း သက်သေပြခဲ့သည်။ ထိုအခြင်းအရာနှင့် ပတ်သတ်သည့် နိယာမများ၊ တွက်နည်းတွက်ကိန်းများ၊ သီအိုရီများကို ပါဖော်ထုတ်ပေးခဲ့သည်။
  • အင်နားရှား (Inertia) သဘောကို ရှာဖွေတွေ့ရှိခြင်းသည်လည်း ခေတ်သစ်သိပ္ပံပညာတွင် အရေးပါသည့် အခြင်းအရာဖြစ်သည်။ ထိုမှ အင်နားရှားနိယာမ (Law of Inertia) ကို ဖော်ထုတ်သတ်မှတ်နိုင်သည်။ ၄င်းမှဆင့်ပွားပြီး နယူတန်ပထမရွှေ့လျားမှုနိယာမ (The First Law of Motion) တွင်ထည့်သွင်း နိုင်ခြင်းဖြစ်သည်။
  • အရေးအကြီးဆုံး တွေ့ရှိချက်မှာ နက္ခတဗေဒတွင်ဖြစ်သည်။ ၁၆၀ဝ ဝန်းကျင်ကပင် နက္ခတ်ပညာရပ်တွင် ကောပါးနိကပ်စ် (Copernicus) ၏အယူအစသစ်နှင့် ပတ်သတ်ပြီး ပညာရှင်အမည်ခံသူတို့ မပြတ်တမ်းငြင်းခုံနေမှုတို့ကို အဆုံးသတ်စေခဲ့ခြင်းဖြစ်သည်။ ကော်ပါးနိကပ်စ်၏ နေဗဟိုပြုသီအိုရီ (Heliocentric Theory) မှန်ကန်ကြောင်း သတ်သေပြခဲ့ခြင်းဖြစ်သည်။ ၁၆၀၄ စောစောပိုင်းကပင် ဂယ်လီလီယိုက နှုတ်ဖြင့် ပြောဆိုထောက်ခံခဲ့သော်လည်း တိကျသည့် အထောက်အထား တင်ပြနိုင်သည်မဟုတ်သည့်အတွက်ကြောင့် ငြင်းခုံစဲဖြစ်သည်။ ၁၆၀၉ တွင် ဟောလန်၌ နက္ခတ်မှန်ပြောင်း တီထွင်အောင်မြင်ကြောင်းသိလျှင် နည်းနာယူပြီး ပိုမိုအဆင့်မြှင့်သည့် မှန်ပြောင်းကို တီထွင်ကာ အထက်ပါ နေဗဟိုပြုသီအိုရီကို ထင်ရှားအောင် သက်သေပြနိုင်ခဲ့သည်။ ထိုနှစ်အနည်းငယ်အတွင်းမှာပင် နက္ခတဗေဒနှင့်ပတ်သတ်သည့် တွေ့ရှိချက်တစ်ပုံတစ်ပင်ကို ဆက်ကာဆက်ကာ ဖော်ထုတ်ခဲ့သည်။

ထိုတွေ့ရှိမှုများကပင် သူ့အားဂုဏ်တက်စေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ရှေးယိုးစွဲ၊ ဩဇာကြီး ခရစ်ကျောင်းတော်နှင့် ဆန့်ကျင်မိလေလေ ဖြစ်လာတော့သည်။ ၁၆၁၆ တွင် အဆိုပါ ကော်ပါးနိကပ်စ်၏ သီအိုရီနှင့် ပတ်သတ်သည့် ထောက်ခံပြောဆိုမှုများကို ရပ်တန်းမှရပ်ရန် သတိပေးတားမြစ်ခံရတော့သည်။ သို့ဖြင့် ဂယ်လီလီယိုသည် နှစ်များမနည်းပင် အောင့်အီးကာ နေရရှာသည်မှာ ၁၆၂၃ တွင်ပုပ်ရဟန်းမင်း (Pope) ကွယ်လွန်ပြီး ရဟန်းမင်းသစ် တက်လာသည်အထိပင်ဖြစ်သည်။ ၄င်းအားထောက်ခံသည့် ပုပ်ရဟန်းမင်းသစ်ဖြစ်လာသည့် ဆဌမမြောက် အာဗန် (Urvan) က ဂယ်လီလီယိုအား ကြည်ညိုလေးစားသဖြင့် ယခင်က တားမြစ်ချက်ကို မသိကျိုးကျွံပြုကာ နေပေးသဖြင့် ဂယ်လီလီယို တစ်ယောက် အနေအစား ချောင်လာပြန်သည် ဟုဆိုနိုင်သည်။

ထိုအချိန်မှစတင်ကာ ကျမ်းတစ်စောင်ကို ကြိုးစားပမ်းစားရေးရာ နောက်ခြောက်နှစ်အကြာတွင် ကမ္ဘာ့စနစ်ကြီးနှစ်ခုဆိုင်ရာ ဆွေးနွေးငြင်းခုန်မှု (The Dialogue Concerning The Two Chief World Systems) အမည်ရှိ ကျမ်းကိုပြီးစီးကာ ၁၆၃၂ တွင် ကျောင်းတော်၏ စိစစ်ခွင့်ပြုမိန့်အရ ပုံနှိပ်ရသည်။ သို့သော် အဆိုပါစာအုပ်သည် ကော်ပါးနိကပ်စ်၏ သီအိုရီများကို အထောက်အထား အပြည့်အစုံ၊ အချက်ကျကျဖြင့် ထောက်ခံထားသည့်အတွက် ရောမတရားဝင်စစ်ဆေးခြင်းရုံးတော် (Inquistion) မှ ၁၆၁၆ တွင် စွဲချက်တင် အမှုဖွင့်ခြင်းခံရပြန်သည်။

ဂယ်လီလီယိုကဲ့သို့ ကျော်ကြားသည့် ပညာရှင်ကို ပြစ်ဒဏ်ချရန်မှာ ခက်ခဲသည့်အလျှောက် ခေတ်ကာလ ကျောင်းတော်ဥပဒေ(Current Chuch Law) အရ အပြစ်အတိအကျမရှိ ဟုဆိုကာ အာစက်ထရီ (Arcetri) ခေါ် နေအိမ်အကျယ်ချုပ်ဖြင့် ထားစေသည်။ ဥပဒေအရ ဧည့်သည်လက်ခံတွေ့ဆုံခြင်း မပြုရဟုဆိုသော်လည်း တင်းကျပ်မှုမရှိသဖြင့် အလွယ်တကူပင် တွေ့ဆုံခွင့်၊ ဆွေးနွေးခွင့် ရပါသည်။ အခြားပစ်ဒဏ် တစ်ရပ်မှာ "နေကိုကမ္ဘာက ပတ်သည်"ဟူသည့် အဆိုကို လူသိရှင်ကြား ပြန်လည်ရုတ်သိမ်းပေးရမည် ဟူ၍ဖြစ်သည်။ ထို့ကြောင့် အသက် ၆၉ နှစ်ရှိ ပညာရှင်အိုကြီးမှာ ရုံးတော်၌ပင် ထိုကဲ့သို့ ဝန်ခံရရှာသည်။ (သို့သော် အချို့က ထိုကဲ့သို့ အမိန့်ကို လိုက်နာပြောဆိုပြီးနောက် ရုံးတော်ကျမ်းပြင်မြေကြီးကို နမ်းရှုံ့ကာ "သူကတော့ အလှုပ်မပျက်ပါလား"ဟု အရွှန်းဖောက်သည် ဟုဆိုကြသေးသည်။)

ဘာသာရေးကိုင်းရှိုင်းသူ ဂယ်လီလီယိုမှာ သူ့အားအမျိုးမျိုး ဒုက္ခပေးနေသည့် ကျောင်းတော်ကို စိတ်နာသည်မရှိဟုသိရသည်။ သက်ဆုံးတိုင် ခရစ်ယာန်ဘာသာဝင်အဖြစ် နေထိုင်သွားပြီး စက်ယန္တရားများ အကြောင်းကို ရေးသားခဲ့ရင်း အသက် ၇၈နှစ်အရွယ် ၁၆၄၂ တွင် ကွယ်လွန်သွားခဲ့သည်။ နှောင်းလူတို့အနေဖြင့် ဂယ်လီလီယိုကို အယူအဆအဟောင်းများကို ရဲရင့်စွာ ချိုးဖောက် တီထွင်လေ့လာ ဖော်ထုတ်သူ အဖြစ်လေးစားသမှုထားကြသည်။

မက္ကင်းနစ်ပညာကို ပထမဆုံး လက်တွေ့လေ့လာခဲ့သော နက္ခတ်ပညာကျော် ဂယ်လီလေအိုသည် အီတလီပြည် ပီစာမြို့၌ မွေးဖွားသည်။ သူ၏ အမည်အပြည့်အစုံမှာ ဂယ်လီလေအို ဂယ်လီလေအီဖြစ်သည်။ သူသည် အသက် ၁၉ နှစ်အရွယ်၌ ဘုရားရှိခိုးကျောင်း မျက်နှာကြက်မှ တွဲလွဲဆွဲထားသော မှန်မီး အိမ်လွှဲနေပုံကို သတိပြုမိရာမှ ချိန်သီးလွှဲပုံအကြောင်းနှင့် စပ်လျဉ်း၍ ယခင်က လူများမသိသေးသော အချက်များကို သိရှိလေသည်။


ထိုချိန်သီးဖြင့် အချိန်ကို သတ် မှတ်နိုင်သဖြင့် နောင်အခါ၌ သိပ္ပံပညာရှင်တို့သည် နာရီကို ကြံစည် လုပ်ကိုင်နိုင်ကြလေသည်။ ဂယ်လီလေအိုသည် ပီစာနှင့် ပက်ဒူအား တက္ကသိုလ်များ၌ သင်္ချာပါမောက္ခအဖြစ် လုပ်ကိုင်နေစဉ် ရူပဗေဒနှင့် နက္ခတ္တဗေဒ ပညာရပ်များကို လေ့လာခဲ့သည်။ အမြင့်မှ တစ်ပြိုင်တည်း ကျသော အရာဝတ္ထု ၂ ခုသည် အလေးချိန် မတူညီစေကာမူ မြေသို့ တစ်ပြိုင်တည်းကျရောက်ကြောင်းကို သိရှိသည်။ ထိုအချက်ကို ပီစာမျှော်စင်ကြီးပေါ်မှ အလေးချိန်မတူသော အရာဝတ္ထုများကိုချ၍ လက်တွေ့ပြသခဲ့သည်။


ဂယ်လီလေအိုသည် အဝေးကြည့်မှန်ပြောင်း (တယ်လီစကုပ်) ကို တီထွင်သူ ဖြစ်သည်။ ထိုမှန်ပြောင်းဖြင့် အရာဝတ္ထုတစ်ခုကို ကြည့်လျှင် မူလအရွယ်ထက် ၃ ဆမျှကြီး၍ မြင်ရသည်။ ထိုနောက် အဆ ၃ဝ မျှပို၍ ကြည့်အားကောင်းသောမှန်ပြောင်း ကို တီထွင်လေသည်။ ထိုမှန်ပြောင်းဖြင့် ကြည့်သောအခါ လတွင်ရှိသော တောင်များကိုတွေ့ရသည်။ ကြာသပတေးဂြိုဟ် (ဂျူပီတာ)၏ အရံဂြိုဟ် ၄ လုံးကိုလည်း တွေ့ရ၍ ကွင်းစွပ် လျက်ရှိသော စနေဂြိုဟ်(ဆက်တန်)၏ ထူးဆန်းသော ပုံ သဏ္ဌာန်ကိုလည်း မြင်ရသည်။

ဂယ်လီလေအို၏ ယူဆချက်မှတစ်ခုမှ ကမ္ဘာလုံးသည် ဝင်ရိုး ပေါ်၌ လည်ပြီးလျှင် နေကို လှည့်ပတ်လျက်ရှိသည်ဟူသော ယူဆချက်ပင် ဖြစ်သည်။ သာသနာရေး အာဏာပိုင်များက ထို အယူကို မိစ္ဆာအယူဟု စွဲမြဲ မှတ်ယူထားသဖြင့် ၁၆၁၆ ခုနှစ်၌ သူ့အား ထိုအယူကို စွန့်လွှတ်ရန် သတိပေး၏။ သို့ရာတွင် ၁၆၃၂ ခုနှစ်၌ ထိုအယူကို ထုတ်ဖော်ရေးသားသဖြင့် ရောမမြို့ ရှိ သာသနာရေးဆိုင်ရာ တရားရုံးက ခေါ်ယူစစ်ဆေးသည်။

တရားရုံးတွင် သူသည် ထိုအယူအဆ မှားယွင်းကြောင်းကို ဝန်ခံရပြီးနောက် ဇာတိရပ်ရွာသို့ပြန်၍ နေထိုင်ရသည်။ ထိုအရပ် တွင် ယခင်က ကြိုးစား၍ လေ့လာဆည်းပူးခဲ့သော မက္ကင်းနစ် ပညာရပ်အကြောင်းကို ရေးသားကာ စာအုပ်ထုတ်ဝေလေသည်။ ဂယ်လီလေအိုသည် ပညာဉာဏ်စူးရှ၍ လက်တွေ့စမ်းသပ် လုပ်ကိုင်လေ့ရှိသဖြင့် ထိုခေတ်က ထူးချွန်သော သိပ္ပံပါရဂူ တစ်ဦး ဖြစ်ခဲ့သည်။ လူအများပင် ယုံကြည်နေကြသော အယ်ရစ္စတိုတယ် ရေးသားချက်များကို မှားသည်ဟု ရဲဝံ့စွာ ပြောဆိုခဲ့၏။

သာသနာရေး အာဏာပိုင်များနှင့် အတိုက်အခံပြုကာ ကိုယ်တွေ့စုံစမ်း သိရှိ ရသော အချက်များကို ထုတ်ဖော်ပြသခဲ့၏။ ဤသို့ ရှေးဟောင်း အစဉ်အလာ အယူအဆများကို ရဲဝံ့စွာ တော်လှန်၍ မှန်ကန် သော အချက်များကို ထုတ်ဖော်ပြသခဲ့သဖြင့် သိပ္ပံပညာသည် တိုးတက်ခဲ့ပေသည်။ [၁]

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာစွယ်စုံကျမ်း၊ အတွဲ(၃)