ဂယ်ရီဗောဒီး၊ ဂျူးဇက်ပေ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂယ်ရီဗောဒီး၏ ပုံတူပန်းချီကား

ဂယ်ရီဗောဒီး ဂျီ(ခရစ် ၁၈ဝ၇-၁၈၈၂)[ပြင်​ဆင်​ရန်​]

အီတာလျံ မျိုးချစ်ခေါင်းဆောင်ကြီး တစ်ဦးဖြစ်သူ ဂျူးဇက် ပေ ဂယ်ရီဗောဒီးသည် ၁၈ဝ၇ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၌ အီတလီနိုင်ငံ နီးစမြို့တွင် မွေးဖွားသည်။ သူသည် အီတလီနိုင်ငံ သွေးစည်း လွတ်မြောက်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သော လူစွမ်းကောင်း တစ်ဦးဖြစ်သည်။သူသည် ငယ်ရွယ်ကပင် သင်္ဘောသားအဖြစ် လုပ်ကိုင်ခဲ့၏။ ၂၆ နှစ်သားအရွယ်တွင် အီတလီနိုင်ငံ လွတ်လပ်ရေးအတွက် မတ်ဇီးနီးခေါင်းဆောင်၍ လျှို့ဝှက်စွာ တည်ထောင်ခဲ့သော အီတလီလူငယ်အဖွဲ့တွင် ပါဝင်ခဲ့လေသည်။

၁၈၃၄ ခုနှစ်တွင် သူသည် သူ၏ ရဲဘော်တစ်စုနှင့်အတူ ဂျီနိုအာမြို့ရှိ လက်နက်တိုက်ကို ဝင်စီးရန်ကြံစည်ရာ သူတို့ ၏ အကြံကို ဩစတြီးယား အစိုးရ ရိပ်မိသွား၍ ၁၈၃၆ ခုနှစ် တွင် တောင်အမေရိကတိုက်သို့ ထွက်ပြေးခဲ့ရလေသည်။

တောင်အမေရိကတိုက်တွင် ၁၄ နှစ်ခန့် နေထိုင်ခဲ့စဉ် ဂယ်ရီဗောဒီးသည် ဥရုဂွေးနှင့် ဘရာဇီးနိုင်ငံများ၌ မျိုးချစ်သူပုန် များနှင့် လက်တွဲ၍ တော်လှန်ရေးစစ်ပွဲများတွင် ပါဝင်ဆင်နွှဲ ခဲ့ လေသည်။ ထိုနောက် ၁၈၄၈ ခုနှစ်တွင် အီတလီသို့ ပြန်သွား လေသည်။ ထိုနှစ်၌ အီတလီပြည်မြောက်ပိုင်းသားတို့ ဩစတြီး ယားလက်အောက်မှ လွတ်မြောက်ရန် တော်လှန်ပုန်ကန်ကြရာ တွင် ပါဝင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဂယ်ရီဗောဒီးမှာ အီတလီပြည် အလယ်ပိုင်းကိုဖြတ်၍ ဆုတ်ခွာထွက်ပြေးရလေ သည်။ ဤအကြိမ်၌ အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ သွား ရောက်နေထိုင်ခဲ့ရာ အသင့်အတင့် စီးပွားဖြစ်ထွန်းခဲ့လေသည်။ ၁၈၅၄ ခုနှစ်တွင် သူသည် အီတလီနိုင်ငံ သို့ပြန်သွား၍ မြေထဲ ပင်လယ်အတွင်းရှိ ကပရယ်ရာကျွန်းကလေးကို ဝယ်ယူပြီးလျှင် ထိုကျွန်းပေါ်တွင် အခြေစိုက်ကာ နေထိုင်ခဲ့လေသည်။

၁၈၅၉ ခုနှစ်တွင် ဆာဒင်းနီးယားပီးဒမွန်နိုင်ငံပြည့်ရှင် အီမန်းနျူအယ်ဘုရင် ခေါင်းဆောင်ကာ ပြင်သစ်တို့ အကူအညီ ဖြင့် ဩစတြီးယားကို ပုန်ကန်တိုက်ခိုက်ခဲ့ရာ ဂယ်ရီဗောဒီး လည်း ပါဝင် တိုက်ခိုက်၍ သူကြီးမှူးသော ခြေလျင်တပ်များ သည် အီတလီနိုင်ငံ မြောက်ပိုင်းတွင် အောင်ပွဲများရခဲ့လေသည်။ သို့ရာတွင် ပြင်သစ်တို့က ဩစတြီးယားနှင့် ရုတ်တရက် စစ်ပြေ ငြိမ်းလိုက်သောကြောင့် ဂယ်ရီဗောဒီးအဖို့ ရှေ့သို့ တိုးတက် ချီတက်ရန် မျှော်လင့်ချက်များမှာ ပျက်ပြားသွားလေတော့၏။ ထိုနောက် မကြာမီ ပီးဒမွန့်ဝန်ကြီးချုပ်ကောင့်ကဗူးနှင့် အင်္ဂလိပ်တို့၏ အကူအညီဖြင့် နေပယ်ဘုရင်ပိုင် စစ္စလီကျွန်းပေါ်သို့ သူ၏ ရှပ်နီတပ်သား ၁ဝဝဝ နှင့် တက်ရောက်တိုက်ခိုက်ရာ ရက်သတ္တပတ် အနည်းငယ်အတွင်း ရန်သူအားလုံးကို ကျွန်းပေါ် မှ မောင်းနှင်ထုတ်နိုင်ခဲ့ပြီးလျှင် ကျွန်းကိုလည်း သိမ်းယူနိုင်ခဲ့ လေသည်။

ကျွန်းပေါ်သို့ တက်ရောက်စဉ် သူ၏နောက်မှ လက်ရွေးစင် ရဲဘော် ၁ဝဝဝ မျှသာ ပါရှိသော်လည်း ကျွန်းကို သိမ်းပိုက် မိသောအခါ၌မူ ရန်သူများထံမှ ပိုက်ဆံကြေးငွေလက်နက် ရိက္ခာ အမြောက်အမြား ရရှိလိုက်၍ သူ၏စစ်တပ်မှာ စစ်သား ဦးရေ ၂၅ဝဝဝ အထိ အင်အားတိုးတက်ခဲ့လေသည်။ သူသည် မိမိကိုယ်ကို အာဏာရှင်အဖြစ် ကြေငြာ၍ အီတလီကုန်းမကြီး ပေါ်သို့ ဆက်လက် ချီတက်သွားခဲ့၏။

သူဖြတ်သွားရသော မြို့ရွာများက ခုခံတိုက်ခိုက်ခြင်း မပြုဘဲ အသာတကြည် လက်နက်ချအပ်ကြလေသည်။ နေပယ်မြို့ထဲသို့ ဝင်ရောက် သွားသောအခါ သူ့ကိုလူများက သောင်းသောင်းဖြဖြ ဝိုင်းဝန်းကြိုဆိုကြလေသည်။ ထိုသို့ လူများက ဝိုင်းဝန်း ချီးမြှောက်က်ကြသော်လည်း ဘဝင်မြင့်မသွားချေ။ သူသည် စစ္စလီ ကျွန်းနှင့် နေပယ်မြို့ကို ဗစ်တာအီမန်းနျူအယ်ဘုရင်အား ပေး အပ်ပြီးနောက် သူ၏နေရင်းဌာန ကပရယ်ရာကျွန်းသို့ ပြန်သွား လေသည်။

အမျိုးသားများ အတော်အတန် စည်းလုံးမိပြီဖြစ်သော်လည်း သူသည် ကြာရှည်စွာ အေးအေးဆေးဆေး မနေနိုင်သေးချေ။ အီတလီအစိုးရက သူ၏ဇာတိချက်မြှုပ်မြို့ဖြစ်သော နီးစမြို့ကို ပြင်သစ်တို့အား ပေးအပ်ခဲ့စဉ်က တစ်ကြောင်း၊ သူ၏ရဲဘော် များကို မေ့လျော့နေသည်ကတကြောင်း၊ ဤအကြောင်းများကြောင့် သူသည်စိတ်ထဲ၌ များစွာ မကျေမနပ် ဖြစ်ခဲ့ရလေ သည်။ ထို့ပြင် သူသည် ရောမမြို့ကို အီတလီပြည်၏ မြို့တော်ဖြစ်စေလိုသောကြောင့် ရောမမြို့ကို လုယူသိမ်းပိုက်လိုသော ဆန္ဒလွန်စွာ ပြင်းပြလျက်ရှိရာ ပြင်သစ်နှင့် ဩစတြီးယားတို့၏ ရန်ကို ကြောက်လန့်သော အီတလီအစိုးရက သူ့ကို အတန်တန် ဟန့်တားထားရလေသည်။ သို့သော် သူသည် ၂ ကြိမ်တိုင်တိုင် ရောမမြို့ကို သိမ်းပိုက်ရန် ကြိုးစားခဲ့သေးသည်။ ၁၈၆၇ ခုနှစ် တွင် ဒုတိယအကြိမ် ကြိုးပမ်းခဲ့စဉ် ပုပ်ရဟန်းမင်းဖက်မှ ကူရန် လာသော ပြင်သစ်တပ်များ၏ နှိမ်နင်းခြင်း ခံရလေသည်။ ထိုပြင် ရန်သူတို့၏ အဖမ်းအဆီးကိုလည်း ခံရပြီးနောက် မကြာမီ လွတ်မြောက်လာခဲ့လေ၏။

ပြင်သစ် ဂျာမန် စစ်ပွဲဖြစ်ပွားစဉ်က ဂယ်ရီဗောဒီးသည် ပြင်သစ်အပျော်တမ်းတပ်စုတစုကို ခေါင်းဆောင်၍ ပါဝင် တိုက် ခိုက်ခဲ့သေးလေသည်။

၁၈၇ဝ ပြည့်နှစ်၌မူ အီတာလျံစစ်တပ်များက ရောမမြို့ကို သိမ်းယူလိုက်သဖြင့် သူ၏အလို ပြည့်ဝသွားပေတော့သည်။ ပြင်သစ် ဂျာမန် စစ်ပြီးသွားသောအခါ သူသည် ကပရယ်ရာ ကျွန်းသို့ ပြန်သွားလေသည်။ ထိုအတောအတွင်း အီတလီနိုင်ငံမှာ လွတ်လပ်သွေးစည်းမိပြီးလျှင် ရောမမြို့မှာလည်း လွတ်လပ်သော အီတလီနိုင်ငံ၏ မြို့တော်ဖြစ်လာလေသည်။ သူ့ကို အီတလီအစိုးရက ဆုတော်ငွေ ပေါင် ၄ဝဝဝ နှင့် နှစ်စဉ် အငြိမ်းရိက္ခာငွေ ပေါင် ၂ဝဝဝ ပေးရန် ဆုံးဖြတ်ခဲ့ရာ ပထမသော် ငြင်းဆန်ခဲ့သော်လည်း နောင်အခါ၌ သဘောကြိုက် ညီ လက်ခံလိုက်လေသည်။ သူသည် ၁၈၈၂ ခုနှစ်၌ ကွယ်လွန် သွားလေရာ အီတာလျံလူမျိုးများကသူ့ကို အီတလီမျိုးချစ် ခေါင်းဆောင်ကြီး တစ်ဦးအနေဖြင့် အမြဲတစေသတိရလျက် ရှိကြပေသည်။


[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)