ဂန္ဓာရုံ

ဝီကီပီးဒီးယား မှ

ဂန္ဓာရုံ။ ။ ဂန္ဓာရုံဟူသည်ကား အနံ့ပင်ဖြစ်၏။ အနံ့ကို တိရစ္ဆာန်များ သည် လူတို့ထက် ပိုမို ထိရောက်စွာ ခံစားနိုင်ကြသည်။ ခွေး တစ်ကောင်ကို အဝတ်ဟောင်းတစ်စ ပေးလိုက်လျှင် ထိုခွေး သည် အဝတ်စပိုင်ရှင်ကို ရှာပေးနိုင်သည်။ ယင်းသို့ သိမှုမှာ အနံ့ဖြင့် ခွဲခြားသိရှိခြင်းပင် ဖြစ်၏။ သူစိမ်းတစ်ယောက်အား သူ့သခင်၏အဝတ်ကို ဆင်ပေးလိုက်ပါက တစ်ခဏမျှ ခွေးသည် သူစိမ်းအား သူ့သခင်အစစ်ဟု ထင်မှတ်လိမ့်မည်။ သို့ရာတွင် အနံ့ခံပြီးသည်နှင့် တစ်ပြိုင်နက် သခင်အစစ် မဟုတ် မှန်းသိ၍ ရန်မူလိမ့်မည်။ ခွေးသည် အမြင်ထက် အနံ့ကကို အားကိုး သော တိရစ္ဆာန်မျိုး ဖြစ်သည်။ အနံ့သည် အရသာနှင့် များစွာ ဆက်သွယ်မှုရှိသည်။ ကျွန်ုပ်တို့ ခံစားရသော အနံ့အသက် ဟူသ၍မှာ အနံ့နှင့် ပတ်သက်သော နဗ်ကြောစွန်းများရှိသည့် နေရာတွင် အနံ့ဓာတ်ပစ္စည်းများ လာရောက်ထိတွေ့သောကြောင့် ဖြစ်ပေါ်သည်။ အနံ့အသက်တစ်မျိုးသည် နဗ်ကြော တစ်မျိုးစီ နှင့် သက်ဆိုင်သည်။ ဆိုင်ရာနဗ်ကြောကို သွားရောက်တွေ့ထိ သောအခါ ဆိုင်ရာအနံ့အသက်ကို ရရှိနိုင်သည်။ ပစ္စည်းတစ်ခု သည် ဓာတ်ငွေ့အဖြစ်ဖြင့် တည်ရှိမှသာလျှင် ထိုပစ္စည်း၏ အနံ့ကို ရရှိနိုင်၏။ ဓာတ်ငွေ့များသည် ပျံ့နှံ့တတ်သော သဘောရှိ၍ အဝေး၌ရှိသော ပစ္စည်းများကို အနံ့ဖြင့် သိရှိကြ ရလေသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ အအေးမိ၍ နှာစေး နေသည့်အခါများတွင် အစာစားသောက်ရာ၌ ခံတွင်းမတွေ့ဘဲ ဖြစ်တတ်ကြသည်။ အနံ့နှင့် အရသာသည် တစ်ခုနှင့်တစ်ခု များစွာ ဆက်စပ်နေသောကြောင့် အနံ့မရရှိသောအခါတွင် အရသာပျက်၍ သွားသည်ကို တွေ့ရလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)