ဂန္ဓကုဋိ

ဝီကီပီးဒီးယား မှ

မြတ်စွာဘုရား သီတင်းသုံးရာ ဇေတဝန်ကျောင်းတော်ရှိ မွှေးကြိုင်သော ရနံ့ရှိသည့် တိုက်ခန်းဖြစ်သည်။ ဂေါတမ မြတ်စွာဘုရား လက်ထက်တော်တွင် အနာထပိဏ် သူဌေးသည် သာဝတ္ထိပြည်၏ အနောက်တောင် မျက်နှာတွင် ဇေတမင်းသား စိုက်လုပ်အပ်သော ၁၆ ပယ်ကျယ်သည့် ဥယျာဉ်ကို အသပြာငွေ ၁၈ ကုဋေဖြင့် ဝယ်ယူ၍ ၁၈ ကုဋေသော ငွေကို စိုက်ထုတ်လျက် ဘုရားရှင်အတွက် ကျောင်းတော်ကို တည်ဆောက်သည်။

ဇေတမင်းသား၏ နေရာဖြစ်သောကြောင့် ဇေတဝန်ကျောင်းတော်ဟု တွင်သည်။ ထိုဇေတဝန်ကျောင်းတော်ရာကား ရှေးဘုရား အဆက်ဆက်တို့ သီတင်သုံးရာ နေရာလည်းဖြစ်သောကြောင့် အဝိဇဟိတဌာန မစွန့်အပ်သော အရပ်ဖြစ်လေသည်။ ထိုကျောင်းတော်သည် ဘုံအားဖြင့် ၃ ဆင့်ရှိသည်။ တစ်ထောင်မျှသော ပြာသာဒ်အရန်ရှိသည်။ များစွာသော စင်္ကြံ၊ မဏ္ဍပ်၊ ဇရပ်၊ ဂူ၊ လိုဏ်တို့ ခြံရံလျက်ရှိသည်။ ဂန္ဓကုဋိ၊ သလာက ကုဋိ၊ ကောသမ္ဗလ ကုဋိ၊ ကရေရ် ကုဋိဟူသော ကုဋိလေးလုံးတို့ဖြင့် တင့်တယ်သည်။

ယင်းတို့ တင့်တယ်သော ကုဋိလေးလုံးအနက် ဂန္ဓကုဋိသည်ကား ဇေတဝန်ကျောင်းတော်ရှိ ဘုရားရှင်ကိန်းဝပ် သီတင်းသုံးရာ အခန်းဖြစ်သည်။ ဂန္ဓကုဋိ ပရိဝေဏဟုလည်း ခေါ်သည်။ ဘုရားရှင်သည် ဂန္ဓကုဋိအတွင်း၌ အမြဲတစေ သီတင်းသုံးကာ တပည့်သား သံဃာတို့ကို တရားဓမ္မ ဟောပြလေ့ရှိသည်။ ဂန္ဓကုဋိသည် ဘုရားရှင် ကိုယ်တော်မြတ်အတွက် သီးသန့်ထားသော မြင့်မြတ်သည့် နေရာဖြစ်၍ ဘုရားရှင်၏ အလုပ်အကျွေးဖြစ်သော ရှင်အာနန္ဒာသည်ပင်လျှင် ဘုရားစံရာ ဂန္ဓကုဋိအတွင်း၌ ဘုရားရှင်နှင့် အတူမနေချေ။

အနာထပိဏ် သူဌေး၏ ဇေတဝန်ကျောင်းတော်ရှိ ဘုရားစံတော်မူရာ ဂန္ဓကုဋိကို အစွဲပြု၍ နောင်တွင် ဘုရားရှင် အမြဲကိန်းဝပ်တော်မူရာကို ဂန္ဓကုဋိဟုပင် ခေါ်သည်။ ကျောင်းအမကြီး ဝိသာခါသည် ပုပ္ဖာရမကျောင်းတော်၌ ဂန္ဓကုဋိတစ်ခုကို ဆောက်လုပ်၍ ဘုရားရှင်အား လှူဖူးကြောင်း သိရသည်။ ယခုအခါ ဗုဒ္ဓဂါယာတွင် ဘုရားရှင် လက်ထက်တော်အခါက ဂန္ဓကုဋိတိုက်သစ်ကို ဆောက်လုပ်ထားသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)