ခြ

ဝီကီပီးဒီးယား မှ
ခြ
Temporal range: Early Cretaceous–Recent
Formosan subterranean termite (Coptotermes formosanus)
Soldiers (red-coloured heads)
Workers (pale-coloured heads)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်း: Insecta
Cohort: Polyneoptera
Superorder: Dictyoptera
မျိုးစဉ်: Blattodea
Infraorder: Isoptera
Brullé, 1832
မျိုးရင်းများ

† Cratomastotermitidae
Mastotermitidae
† Termopsidae
Archotermopsidae
Hodotermitidae
Stolotermitidae
Kalotermitidae
† Archeorhinotermitidae
Stylotermitidae
Rhinotermitidae
Serritermitidae
Termitidae

ခြ (Termite) သည် အိုင်စော့တားရားခေါ် မျိုးစဉ်တွင် ပါဝင်သော ပိုးကောင်မျိုးဖြစ်သည်။ မျိုးစဉ်သီးခြားထားရခြင်းမှာ အခြား ပိုးကောင်မျိုးတို့နှင့် မတူသော ပုံပန်းသဏ္ဌာန် ရှိခြင်းကြောင့် ဖြစ်၏။ ခြတို့၏ ပေါင်းသင်းဆက်ဆံပုံ၊ နေထိုင်ပုံတို့မှာ ပျားပုရွက်ဆိတ်၊ နကျယ်ကောင် စသည်တို့၏ အမူအကျင့်နှင့် မတူချေ။ ခြကို အာဖရိကတိုက်အာရှတိုက်အမေရိကတိုက်နှင့် ဩစတြေးလျတိုက်များတွင် တွေ့ရသည်။ ခြသည် ပူအိုက်သော နေရာမှန်လျှင် မည်သည့်နေရာတွင်မဆို နေလေ့ရှိ၍ တောတောင်လွင်ပြင် သဲကန္တာရ စသောဒေသအမျိုးမျိုး၌ နေနိုင်သည်။ ကျောက်ဖြစ်ရုပ်ကြွင်းများကို ထောက်ခြင်းအားဖြင့် ခြသည် အလွန်ရှေးကျသောကာလမှ စ၍ရှိခဲ့ကြောင်း သိရသည်။

ခြတို့၏ လုံ့လဝီရိယကား စံနမူနာထားလောက်ပေသည်။ ယင်းတို့သည် သေးငယ်သောကိုယ်ခန္ဓာနှင့် မလိုက်အောင် ကြီး မားခမ်းနားသော ခြတောင်ပို့ကြီးများကို ဆောက်လုပ်နိုင်ကြ၍ အချို့သော ခြတောင်ပို့ကြီး များမှာ မြေကြီးမှ ပေ ၂ဝ ကျော် အထိပင် မြင့်တတ်၏။ တောင်ပို့အတွင်း၌ နေထိုင်သောခြတို့၏ အရေအတွက်မှာလည်း သိန်းသန်းနှင့်ချီ၍ များပြားကြလေသည်။ ခြအမျိုးပေါင်း ၁၂ဝဝ ခန့် ရှိသည့်အနက် အချို့မှာ သစ်ပင်အို သစ်ပင်ဆွေးများအတွင်းဘက်၌ ဝင်ရောက်နေတတ်ကြသည်။ အချို့ကမူ သစ်ပင်စိမ်းများ၏ အပြင်ဘက်တွင် နေကြသည်။ သို့သော် မည်သို့ နေကြသည်ဖြစ်စေ ခြတို့သည် မြေကြီးဖြင့်ပြုလုပ်ထားသော ခြအိမ်အောက်၌သာလျှင် ပုန်း အောင်း၍ နေထိုင်လေ့ရှိကြသည်။ အချို့သောခြမျိုးက မြေ အောက်တွင် အသိုက်အအုံကြီးများ ဆောက်လုပ်လျက် ထို အသိုက်အအုံအတွင်း၌ အိပ်ခန်း၊ စားစရာသိုလှောင်ခန်း၊ ကလေးခန်းများအပြင် ခြသွားလမ်း၊ လေဝင်လမ်း၊ ရေစီးလမ်း စသော လမ်းကြီးလမ်းငယ်အသွယ်သွယ်တို့ကို ဖောက်လုပ်ကာ တခမ်းတနား စီမံနေထိုင်လေ့ ရှိကြသည်။ ယင်းတို့၏ မြို့တော်ကြီးသို့ဝင်ရာလမ်းမကြီးပေါ်တွင် မြေအောက်မှ တူးဖော် ထားသော ကျစ်စာများဖြင့် တောင်ကြီးသဖွယ် မို့မောက်နေ အောင် ဖို့ထားတတ်၍ ထိုတောင်ပို့အတွင်း၌လည်း ဆိုင်ရာ အခန်းများနှင့် လမ်းဖောက်လုပ်ထားသည်။ အာဖရိကတိုက်အလယ်ပိုင်းတွင် အဆိုပါ ခြတောင်ပို့ကြီးမျိုး မြောက်မြားစွာ တောင်တန်းကလေးသဖွယ် စီတန်းလျက် ပေါ်ပေါက်နေသည်ကို တွေ့နိုင်သည်။ ယင်းတို့သည် အုတ်ဖြင့် ပြုလုပ်ထားသည့်အလား ခိုင်ခံ့သည်ကိုလည်း တွေ့ရပေသည်။ ခြတောင်ပို့အတွင်း၌ ခြအမျိုးမျိုး နေထိုင်ကြသည်။

မြောက်မြားလှသော ခြထုကြီးကို အုပ်ချုပ်ရန် ခြတောင်ပို့တွင် ခြဘုရင်တစ်ကောင်နှင့် ခြဘုရင်မတစ်ကောင် ရှိသည်။ ခြနိုင်ငံ၏ ရန်စွယ်ကို ကာကွယ်ရန် ခြစစ်သားများလည်း ရှိသည်။ ခြနိုင်ငံကြီး စည်ပင်ဝပြောရေးအတွက် အစွမ်းကုန် အလုပ်လုပ်နေကြသော ခြလုပ်သားများလည်း ရှိသည်။ မွေးကျွေးပြုစု နေရဆဲဖြစ်သော ခြပေါက်စကလေးများလည်း ရှိကြသည်။ ခြပေါက်စကလေးများသည် ဥမှပေါက်လာသည့်အရွယ်မှာပင် အရွယ်ရောက်ပြီး ခြကြီးများနှင့်မခြား ဦးခေါင်း၊ ဦးမှင်နှင့် ခြေ ၆ ချောင်း စုံလင်စွာ ပါရှိသည်။ အင်္ဂါစုံ ပါရှိသော်လည်း မိမိ ဖာသာ သွားလာစားသောက်ခြင်း မပြုနိုင်သေးပေ။ ခြလုပ်သားများက ဤအကောင်ကလေးများ အရွယ်မရောက်မခြင်း ရက်အနည်းငယ်မျှ အစာရေစာ ကျွေးမွေးပြုစုကြရသည်။

ခြလုပ်သားများ၏ ကိုယ်မှာ ပျော့ပျောင်းဝဖိုင့်၍ ဦးခေါင်း နှင့် ပခုံးမှာ အညိုရောင်ဖြစ်သည်။ ခြလုပ်သားတို့သည် ခြပေါက်စကလေးများကို ကျွေးမွေးပြုစုခြင်း၊ အစာရိက္ခာ ရှာဖွေ စုဆောင်းခြင်း၊ ခြဘုရင်နှင့် ခြဘုရင်မတို့အား လုပ်ကျွေးခြင်း၊ တောင်ပို့ကြီးများ တည်ဆောက်ခြင်း၊ အခန်းများ ပြုလုပ်ခြင်း၊ မြေအောက်လမ်းကြီး များ ဖောက်လုပ်ခြင်း စသည့်အလုပ်မျိုးစုံ ကို မရပ်မနား လုပ်ကိုင်ကြသည်။ ခြစစ်သားတို့သည် သာမန်ခြလုပ်သားတို့ထက် ကိုယ်ခန္ဓာကြီးမားသည်။ ကြီးမားသော ဦးခေါင်းရှိ၍ မေးရိုးမှာလည်း ကြီးမားခိုင်ခံ့ပြီးလျှင် တံစဉ်ပုံနှင့် တူသည်။ ထူးဆန်းသည်မှာ ခြစစ်သားနှင့် ခြလုပ်သား ၂ မျိုး စလုံးပင် များသောအားဖြင့် မျက်စိ ကန်းနေသောအချက် ဖြစ်၏။ သို့သော် နားကားမပင်းပေ။ ယင်းတို့၏နားများသည် ရှေ့ခြေထောက်စုံပေါ်တွင် ရှိ၍ တစ်ကောင်နှင့်တစ်ကောင် အသံပြုအချက်ပေးသောအခါ နှံကောင်များကဲ့သို့ ပခုံးနှင့် ဦးခေါင်းကို ပွတ်၍ ထွက်ပေါ်လာသောအသံဖြင့် အချက်ပေးသည်ဟု ယူဆရသည်။

ခြဘုရင်သည် ခြလုပ်သားများထက် ကိုယ်ထည်အတန်ငယ်ကြီးမားသည်မှတပါး အသွင်အပြင် မထူး ခြားလှချေ။ သို့သော် ခြဘုရင်မကြီးမှာမူ ၄ လက်မခန့်အထိ ကြီးမားသည်။ ဦးခေါင်းမှာ အဆမတန် သေးငယ်၍ ခြေ ၆ ချောင်းမှာလည်း သေးသွယ်ပျော့ပျောင်းသည်။ ခြဘုရင်မသည် မြေအောက်ခြမြို့တော် အတွင်းရှိ သီးသန့်ခန်းမဆောင်တွင်သာ အမြဲတစေ နေထိုင်သောကြောင့် ဘုရင်မကို မြင်ဘူးသူ ရှားပေသည်။ ခြဘုရင်မ၏ တာဝန်မှာ ဥများကို အဆက်မပြတ် အုပေးရန်သာဖြစ်ရာ တစ်မိနစ်လျှင် ပျမ်းမျှဥပေါင်း ၆ဝ ခန့် ဥပေးနိုင်သည်။ ခြဘုရင်နှင့် ခြဘုရင်မ ၂ ဦးစလုံးမှ ခြလုပ်သားတို့ကဲ့သို့ မျက်စိကန်းများ မဟုတ်ကြချေ။ သို့သော် မှောင်မိုက်နေသော တောင်ပို့ထဲတွင်သာ အနေများသည့်အတိုင်း ယင်းတို့၏ မျက်စိ များသည် များစွာအသုံးမဝင်ချေ။

ခြသည် လူတို့၏အကျိုးစီးပွားကို များစွာ ပျက်စီးဆုံးပါး စေတတ်သည်။ ယင်းတို့သည် သတ္တုကလွဲလျှင် မည်သည့်အရာ ဝတ္ထုမျိုးကိုမဆို မရှောင်ဘဲ စားပစ်တတ်သည်။ အချို့အရပ် ဒေသများတွင် ခြ၏ ရန်တစ်ခုတည်းကြောင့် သစ်သားအိမ်များ ကိုပင် မဆောက်ဝံ့ကြပေ။ တိုင်၊ ရက်မ၊ ကြမ်းပြင်များကို လူ မသိအောင် အတွင်းကျိတ် စားသောက်ဖျက်ဆီးတတ်သည့် အတွက်လည်း ခြတို့၏ရန်မှာ ထင်သည်ထက်အဆပေါင်းများစွာ ဆိုးရွားကြောက်မက်ဖွယ်ကောင်းသည်။

ခြတို့သည် သစ်သားကို စားနိုင်ရန်အတွက် ယင်းတို့၏ အစာအိမ်ထဲရှိ အလွန်သေးငယ်သော ပရိုတိုဇိုဝါခေါ် တိရစ္ဆာန် လေး တစ်မျိုးက အကူအညီပေးသည်။ ပရိုတိုဇိုဝါတို့၏တာဝန် မှာ မာကျောသောသစ်သားကို ပျော့စေခြင်းဖြင့် ခြတို့အား အစာကို ချေဖျက်စေနိုင်သည်။ သို့သော် အဆိုပါပရိုတိုဇိုဝါများ ကိုယ်တိုင်ပင် မကြာခဏ ခြတို့၏အစာနှင့်ရော၍ ကြေပျက် သွားတတ်သည်။ ထိုအခါမျိုးတွင် ခြသည် သစ်သားကို ယခင် ကကဲ့သို့ ဆက်လက်၍ စားစေကာမူ အာဟာရ မဖြစ်တော့ပေ။ ခြတို့၏အစာမှာ သာမန်အားဖြင့် မြေဆွေးနှင့် သစ်ဆွေး များ ဖြစ်ကြ၏။ သစ်ဆွေးကိုမူ အနှစ်သက်ဆုံး ဖြစ်၍ ခြတို့ သည် သစ်ဆွေးရရန်အလို့ငှာ မူလနေထိုင်ရာ အိုးအိမ်ကို စွန့် ကာ အစာရှာထွက်လေ့ရှိသည်။ ယင်းတို့ အစာရှာထွက်သည့် အခါ မြေအောက်ဥမင်များဖြင့် လိုရာခရီးသို့ရောက်အောင် သွားတတ်ကြသည်။

အချို့သော ခြမျိုးများသည် မိမိတို့၏ တောင်ပို့အတွင်း အစာအလို့ငှာ မှိုတစ်မျိုးကို ပျိုး၍ ထားတတ်ကြသည်။ အချို့ ခြမျိုးမှာကား ပိုးကောင်ငယ်တို့ကို မွေးမြူ ထားတတ်သည်။ ထိုပိုးကောင်ငယ်တို့မှာ ခြတို့ကို ကြိုက်နှစ်သက်သော အာဟာရ အရည်တစ်မျိုးကို ပေးနိုင်စွမ်းရှိသည်။ ခြတွင် အုပ်သင်းဖွဲ့၍ နေတတ်သော အခြားပိုးကောင်မျိုးတို့နှင့် ကွာခြားသည့် အချက် တစ်ချက်ရှိသေး၏။ ယင်းမှာ အခြားပိုးကောင်မျိုးတို့၌ လုပ်သား သည် နပုလ္လိင်များသာ ဖြစ်ကြသော်လည်း ခြလုပ်သားများတွင်မူ အထီးအမဟူ၍ ပါရှိကြသည်။ သို့သော် ယင်းအထီးအမတို့သည် အမြုံများ ဖြစ်ကြသည်။ ခြစစ်သားတွင်လည်း ဤနည်းနှင်နှင် ဖြစ်၏။ ဥမှ ပေါက်ခါစ ခြကလေးများသည် လက်ဦးတွင် အားလုံးအတူတူလိုပင် ဖြစ်သည်။ သို့သော် အစားအစာနှင့် ပြုစုပုံ ကွဲလွဲလာသောကြောင့် ကြီးပြင်းလာသောအခါ မျိုးပွားနိုင်သောခြဘုရင်နှင့် ဘုရင်မလောင်းများ၊ ခြစစ်သားများ၊ ခြလုပ်သားများဟူ၍ အလိုအလျောက်သုံးစား ကွဲလာသည်။ ခြဘုရင်နှင့် ဘုရင်မလောင်းတို့၌ အရွယ်ရောက်လျှင် အတောင် ၂ စုံစီ ပေါက်လာသည်။ မကြာမီပင် ထိုကဲ့သို့ အတောင်ပေါက် လာသော ခြတို့သည် ပလူအဖြစ်ဖြင့် အစုလိုက်အဝေးလိုက်တွင်းမှ အဆက်မပြတ်ထွက်ကာ ပျံသန်းကြတော့၏။ သို့သော် များသောအားဖြင့် ကျီးငှက်၊ ကြွက်၊ ဖား၊ ပုတ်သင်၊ အိမ်မြှောင် တို့၏ အစာသာဖြစ်ရပြီးလျှင် အနည်းငယ်မျှသာ သေဘေးမှ လွတ်ကင်းကျန်ရစ်ခဲ့ကြသည်။

ထိုအချိန်ကား ခြတို့၏ မိတ်လိုက်ချိန်ဖြစ်၏။ အထက်ပါအတိုင်း အသက်မသေဘဲ ကျန်ရစ်ခဲ့သော ပလူကောင်တို့ သည် မြေသို့သက်ချိန်တွင် အတောင်ကိုချွတ်ပစ်ကြ၍ အသီးသီး မိတ်ရွေးပြီးလျှင် အိုးအိမ်သစ်ထူထောင်ရန် နေရာရှာကြလေ သည်။ အချို့လည်း မြေအောက်သို့ဝင်၍ မိမိတို့ဖာသာ အိုးသစ် အိမ်သစ် ထူထောင်ကြသည်။

ထူးဆန်းအံ့ဩဖွယ်ကောင်းသော ခြတို့၏ စည်းရုံးနေထိုင်ပုံနှင့် စပ်လျဉ်း၍ အကြောင်းရင်းကို ယခုတိုင် မည်သူမျှ အသေအချာ မဖြေရှင်းနိုင်သေးပေ။ ယခုအထိ အများက ကျေနပ် လက်ခံနေရသော ရှင်းလင်းချက်မှာ ဇာတိစိတ်အလျောက် ဖြစ်ရသည်ဟူသော အချက်ဖြစ်၏။ တောင်အမေရိက၊ အာဖရိကနှင့် ဩစတြေးလီးယားတိုက်၌ရှိသော ခြမျိုးတို့သည် ခြတောင်ပို့ကြီးများကို တောင်နှင့်မြောက်တန်း၍သာ တည်ဆောက်လေ့ရှိသည်။ သို့တည်ဆောက်ခြင်း၏ သဘောမှာ တောင်ပို့ ၂ ဘက်စလုံး နေရောင်ရ၍ ခြောက်သွေ့စေရန် ဖြစ်သည်ဟု ယူဆရသည်။ ယင်းတောင်ပို့ အရှေ့နှင့်အနောက်ဘက် ဘေး ၂ ဘက် ၂ ချက် သည် ပြားလျက်ရှိသည်။ ဤအချက်တို့ကား ခြ၏ဇာတိစိတ် နှင့် စပ်လျဉ်း၍ ထူးခြားသောအချက်များပေတည်း။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)