ချောင်းဆိုးခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကလေးငယ်တစ်ဦး ချောင်းဆိုးနေပုံ

ချောင်းဆိုးခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်သည်။ အဆုတ်မြှေးရောင်းလျှင် ချောင်းဆိုးရောဂါဖြစ်နိုင်၏။ အဆုတ်မြှေ:ရောင်ခြင်းသည် ရံဖန်ရံခါ တီဗီရောဂါနှင့် ယှဉ်၍ ဖြစ်တတ်လေသည်။ အဆုတ်အတွင်းရှိ သွေးကြောအချို့ ပေါက်သွားခြင်းကြောင့်လည်း ချောင်းဆိုးရောဂါဖြစ်နိုင်၏။ အဆုတ်သည် သွေးကို စုဆောင်းထားရာ အင်္ဂါမဟုတ်သည့်အတွက် ချောင်းဆိုးလိုက်သောအခါ သွေးသည် ချွဲသလိတ်နှင့်အတူ ပြင်ပသို့ ထွက်လာသည်။ ဤသို့ဖြစ်ခြင်းကို ချောင်းဆိုးသွေးပါသည်ဟု ဆိုသည်။ အဆုတ်ထဲသို့ တျူဗာကယ်များဝင်နေခြင်းကြောင့်လည်း ချောင်းဆိုးရောဂါဖြစ်နိုင်သေး၏။ အဆုတ်တွင် တျူဗာကယ်ရှိနေလျှင် အများအားဖြင့် အမြစ်ခြောက်နာ စွဲကပ်တတ်သည်။

အကြောင်းအရင်းများ[ပြင်​ဆင်​ရန်​]

တစ်ခါတစ်ရံ လေပြွန်၊ ဗရွန်ကပ်လေပြွန်နှင့် အဆုတ်၌ မည်သို့မျှ မဖောက်ပြန်ခြင်း မရှိဘဲလျက် လည်းချောင်းနောက်ပိုင်းတွင် ယားယံတတ်သည်။ လျှာခင်ရှည်နေသောအခါ လည်ချောင်း၏ နောက်ဘက်ပိုင်းကို ယားယံစေတတ်သည်။ အထူးသဖြင့် လဲလျောင်းနေချန်တွင် လျှာခင်သည် လည်ချောင်းနှင့် ထိခိုက်၍ မနားမနေ ချောင်းဆိုးတတ်သည်။ ပါးသိရောင်ခြင်း၊ လည်ချောင်း နောက်ဘက်ပိုင်းရှိ အမြှေးထူနေခြင်း၊ လေပြွန်အိမ်တွင် သို့မဟုတ် လေပြွန်အိမ်အနီးအနားတွင် ပေလိပီအဖုထွက်ခြင်း စသည်တို့ကြောင့်လည်း ချောင်းဆိုးတတ်သည်။ အသက်ရှုရာနှင့် ဆက်သွယ်သော နာဗ်ကြော(အာရုံကြော)များ ဖုရောင်ခြင်းကြောင့်လည်း ချောင်းဆိုးနိုင်၏။ ထိုချောင်းမျိုး ဆိုးရာတွင် အသက်ရှုရ အလွန်ကျပ်၏။ ဝမ်းဗိုက်အတွင်းရှိသော အင်္ဂါများ၊ အထူးသဖြင့် ဒိုင်ယာဖရမ်နှင့် ပူးကပ်လျက်တည်ရှိသော အင်္ဂါများ၏ ဖောက်ပြန်မှုကြောင့်လည်း ချောင်းဆိုးနိုင်သည်။ အသည်းရောင်ရာတွင် တျူဗာကယ်နှင့် စပ်ဆိုင်သော ပစ္စည်းများသည် အသည်းတွင် ပိတ်ဆို့နေတတ်သည်။ အစာအိမ်ဖောက်ပြန်လျှင်လည်း သလိပ်ကင်းသော ချောင်းမျိုးဆိုးတတ်သည်။ ထိုကြောင့် ချောင်တချက်ဆိုးခြင် သို့မဟုတ် ချောင်းဆိုးရာတွင် အာရတင်းတိမ်ခြင်း မရှိခြင်းသည် အများအားဖြင့် အစာမကြေခြင်း၏ လက္ခဏာဖြစ်၏။ ကျောက်ကပ်၊ ပန်ကရိ၊ သရက်ရွက်တို့၏ ဖောက်ပြန်မှုကြောင့်လည်း ချောင်းဆိုးနိုင်၏။ အချုပ်အားဖြင့် ဝမ်းဗိုက်အတွင်းရှိ အင်္ဂါများ ဖောက်ပြန်လျှင် ချောင်းဆိုးရောဂါဖြစ်တတ်ပေသည်။

ကာကွယ်နည်းနှင့် ကုသနည်း[ပြင်​ဆင်​ရန်​]

ချောင်းဆိုးရာတွင် ဗရွန်ကိုတစ် ရင်ကျပ်နာ၊ တီဗီရောဂါ၊ အဆုတ်ရောင်နာ၊ ကြက်ညှာချောင်း စသော ရောဂါများ၏ လက္ခဏာများ ဖြစ်နိုင်၏။ အဆုတ်ကို ဆက်သွယ်သော ပြွန်ချောင်းနှင့် လေဝင်လေထွက်ရာ လမ်းကြောင်းများကို ပြင်ပအညစ်အကြေးမှကင်းစင်စေရန်မျှ သာ ချောင်းဆိုးခြင်းသည် ကျန်းမာရေးနှင့် ညီညွှတ်၏။ ချောင်းဆိုးလွန်ခြင်းသည် ရင်ပတ်ကြွက်သားနှင့် ဝမ်းဗိုက်ကြွက်သားများကို နာကျင်စေတတ်သဖြင့် အဆက်မပြတ်ချောင်းဆိုးခြင်းကို ပျောက်ကင်းအောင် ကုသသင့်၏။ ကြက်ညှာချောင်းသည် အလွန်ကူးစက်လွယ်သော ရောဂါဖြစ်၍ ကြီးပြင်းသော သူများထက် ကလေးငယ်များ၌ အများအားဖြင့် ဖြစ်တတ်သည်။ ကြက်ညှာချောင်း စွဲကပ်ရာမှတဆင့်တိုး၍ ဗရွန်ကိုက်တစ် ရင်ကျပ်နာ၊ အဆုတ်ရောင်နာ၊ သွေးလွန်နာနှင့် တက်နာ ဖြစ်ပြီးလျှင် လူအမြောက်အများ နှစ်စဉ်နှစ်တိုင်း သေကုန်ကြ၏။ ကြက်ညှာရောဂါသည် လူနာသည် တစ်ခါတစ်ရံ မျက်ကန်းနိုင်သည်။ နားပင်းနိုင်၏။ တီဗီရောဂါကိုလည်း စွဲကပ်နိုင်လေသည်။

ကလေးသူငယ်တွင် ကြက်ညှာချောင်း စွဲကပ်နေလျှင် ထိုကလေးကို အခြားကလေးများနှင့် နီးနီးကပ်ကပ် မနေစေရန် မိခင်က သတိပြုရမည်။ ပါးစပ်မှထွက်သော တံတွေးမှုန်အားဖြင့် ဤရောဂါသည် ပြန့်ပွား ကူးစပ်နိုင်၏။ ချောင်းဆိုးနေချိန်တွင် ပါးစပ်မှထွက်လာသော တံတွေးမှုန်နှင့် နှာခေါင်းမှ ထွက်လာသော နှာရည်မှုန်များ ပြင်ပသို့ လွင့်စင်မသွားရအောင် အဝတ်ပိုင်း၊ အဝတ်စကလေးများဖြင့် နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ်ထားသင့်၏။ ပေးကျံနေသော အဝတ်စများကို မီးရှို့ပစ်ရမည်။ လူနာ၏ အသုံးအဆောင်ဖြစ်သော ပန်းကန်ပြား၊ ဇွန်း၊ ခက်ရင်း၊ လက်သုတ်ပုဝါနှင့် မျက်နှာသုတ်ပုဝါကို သီးခြားထားရှိရသည်။ကလေးသူငယ်ကို နေ့စဉ် စားနေကျ အဟာရဖြစ်မည့် အစားအစာကို စားစေ၍ လေကောင်းစွာရသော အခန်းတွင် အိပ်စေရမည်။ ကလေးသူငယ်အား ဖလန်နယ်စသော အနွေးထည်များကို ဝတ်နေကျအဝတ်များ အောက်တွင် ခံ၍ ဝတ်ပေးသင့်သည်။ လေကောင်းလေသန့်သည် ဤရောဂါပျောက်ကင်းရာ ပျောက်ကင်းကြောင်းတွင် အကူအညီ အထောင်အပံ့တရပ်ဖြစ်သည်။ ချောင်းဆိုးခြင်းသည် အခြားရောဂါကြီးများ ဖြစ်အောင် လမ်းခင်းပေးတတ်သဖြင့် ချောင်းဆိုးရောဂါဖြစ်သည်ဟု အထင်ရှိလာလျှင် တတ်ကျွမ်းနားလည်သော ဆရာဝန်များထံ၌ အစစ်ဆေးခံကာ အမြန်ဆုံးပျောက်ကင်းအောင် ကုသရပေမည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-ခ၊ အတွဲ-၂၊ နှာ-၃၉၆။