ချောင်အန်း တက္ကသိုလ်

ဝီကီပီးဒီးယား မှ
ချောင်အန်း တက္ကသိုလ်
중앙대학교
လက်တင်: Universitas Centralis
ဆောင်ပုဒ်Live in Truth,
Live for Justice
အမျိုးအစားPrivate
တည်ထောင်၁၉၁၈
ဥက္ကဋ္ဌKim Chang Su Ph.D
ဆရာဦးရေ
၂,၀၅၅
သင်တန်းသား၂၁,၈၄၇
ဘွဲ့ကြိုဦးရေ၁၄,၅၀၆
ဘွဲ့လွန်ဦးရေ၇,၃၄၁
တည်နေရာဆိုးလ်မြို့, တောင်ကိုရီးယားနိုင်ငံ
ပရဝုဏ်မြို့ပြ
(Seoul campus,
Anseong campus,
Pyeongdong campus)
သတင်းစာJungdae Shinmun
အထိမ်းအမှတ် အရောင်အပြာရောင်  
လာဘ်ကောင်နဂါး
ဝဘ်ဆိုဒ်CAU.ac.kr(ကိုရီးယား)၊
neweng.cau.ac.kr(အင်္ဂလိပ်)
ချောင်အန်း တက္ကသိုလ်
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်
ဟန်ဂျာ
RRအက္ခရာဖလှယ်ခြင်း:Jung-ang Daehakgyo
MRအက္ခရာဖလှယ်ခြင်း:Chung'ang Taehakgyo

ချောင်အန်း တက္ကသိုလ် အင်္ဂလိပ်: Chung-Ang University; အတိုကောက် CAU; Central University ဟုလည်း သိကြ) သည် တောင်ကိုရီးယားနိုင်ငံရှိ ပုဂ္ဂလိကတက္ကသိုလ်တစ်ခု ဖြစ် ၁၉၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၁၈ ခုနှစ်တွင် ခရစ်ယာန်ဘုရားကျောင်းက ဦးစီးကာ မူကြိုကျောင်းအဖြစ် စတင်ခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် မူကြိုကျောင်း ဆရာမများ အတတ်သင်ကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။[၂] ၁၉၅၃ ခုနှစ်မှာတွင် တက္ကသိုလ်အဆင့် တိုးမြှင့် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။[၃]

လက်ရှိတွင် ဘွဲ့ကြို ကျောင်းသား ၃,၃၆၀၀၊ ဘွဲ့လွန်ကျောင်းသား ၅၂၀၀၊ ပါမောက္ခ ၇၀ဝ နှင့်၊ အချိန်ပိုင်းဆရာနှင့် ဝန်ထမ်းပေါင်း ၅၀ဝ ခန့်ရှိသော တက္ကသိုလ်ဖြစ်သည်။[၄]

CAU သည် ဆေးဝါးပညာ၊ စီးပွားရေး စီမံခန့်ခွဲမှု၊ လူထုဆက်သွယ်ရေး ပညာ၊ ကြော်ငြာနှင့် လူထုဆက်ဆံရေး၊ ဓာတ်ပုံပညာ၊ သဘင်နှင့် ရုပ်ရှင်လေ့လာရေး စသည်တို့ကို တောင်ကိုရီးယားတွင် စတင်မိတ်ဆက်သော တက္ကသိုလ်ဖြစ်ပြီး တောင်ကိုရီးယားတွင် အောင်မြင်ထင်ရှားသော အနုပညာရှင်များကို မွေးထုတ်ပေးနိုင်သော တက္ကသိုလ်ဖြစ်သည်။

ချောင်အန်း တက္ကသိုလ်၏အစသည် ၁၉၁၈ ခုနှစ် ဆိုးလ်မြို့ ချောင်အန်း မက်သဒစ် ဘုရားကျောင်း နံဘေးတွင် စတင် ဖွင့်လှစ်ခဲ့သော ချောင်အန်း မူကြိုကျောင်းတစ်ခု ဖြစ်သည်။ ၁၉၂၂ခုနှစ်တွင် မူကြိုဆရာ အတတ်သင်ကျောင်း အဖြစ်သတ်မှတ်ပြီး ချောင်အန်း ဆရာဖြစ်သင်တန်းကို ပို့ချခဲ့ကာ ဂျပန် တော်လှန်ရေး လှုပ်ရှားမှု၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ခဲ့သည်။

တရားဝင်အရ ဘာသာရပ်စုံ သင်တန်းကျောင်းအနေဖြင့် မှတ်ပုံ တင်ထားသော်လည်း ၃ နှစ်သင် ဒီဂရီဘွဲ့ပေးသော သက်မွေးမှုကျောင်းအဖြစ် အများက အသိအမှတ်ပြုခဲ့သည်။ ချောင်အန်း ဆရာအတတ်သင်ကျောင်းသည် ကိုရီးယားနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် အဟန့်အတား အခက်အခဲများ ကြုံခဲ့ရပြီး ဘဏ္ဍာရေး အခက်အခဲနှင့် ကျူးကျော်သူ ဂျပန်တို့၏ ရန်ကြောင့် ၁၉၃၂ ခုနှစ်တွင် နေရာ ရွှေ့ပြောင်းခဲ့ရသည်။

၁၉၃၃ ခုနှစ်တွင် ဒေါက်တာ ယောင်ရှင်ရင်း (Dr. Young-Shin Yim) က လွှဲပြောင်းတာဝန်ယူပြီးနောက် အသက် ၃၄ နှစ်၌ သူမသည် ကျောင်းအုပ်ဖြစ်လာခဲ့သည်။ ချောင်အန်းတက္ကသိုလ်ကို တည်ထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်သော ဒေါက်တာ ယောင်ရှင်ရင်းသည် ကီဂျွန် အမျိုးသမီးကျောင်းမှ ဘွဲ့ရခဲ့သူဖြစ်ကာ ကိုရီးယားနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှု တစ်ခုကို ဦးဆောင်သောကြောင့် ထောင် ၆ လ ကျခံခဲ့ရဖူးသည်။

သူမ၏ မဟာဘွဲ့ကို အမေရိကန်တွင် ဆက်လက် လေ့လာသင်ကြားခဲ့ပြီး အမေရိကန်တွင် ၉ နှစ်ကြာ နေခဲ့ပြီးနောက် ဂျပန်လက်အောက် ရောက်နေသော နိုင်ငံ၏ အကျိုးကို ဆောင်ရွက်ရန် ဆုံးဖြတ်ပြီး တောင်ကိုရီးယားသို့ ပြန်လာခဲ့သည်။ သူမသည် အမေရိကန်တွင် နေထိုင်စဉ်အတွင်း အလုပ်လုပ်ကိုင်ရာမှ ဒေါ်လာ ၃ သောင်း စုဆောင်းမိခဲ့ကာ ယင်းငွေဖြင့် မြေကွက်ဝယ်၊ ကျောင်းဆောက်ကာ ချောင်အန်း ဆရာအတတ်သင်ကျောင်းကို ဦးဆောင်ခြင်း ဖြစ်သည်။ ဒေါက်တာ ယောင်ရှင်ရင်း လက်ထက်တွင် ချောင်အန်းကျောင်းကို အဆင့်မြင့်လာအောင် ရည်မှန်းချက်ထား လုပ်ဆောင်ခဲ့သည်။

၁၉၃၇ ခုနှစ်တွင် ပုလဲဆိပ်ကမ်း ဗုံးကြဲမှုကို အကြောင်းပြုပြီး ပစိဖိတ် စစ်ပွဲ ဖြစ်ပွားခဲ့ရာ အမေရိကန်တွင် ပညာသင်ခဲ့ပြီး ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ်သော ဒေါက်တာ ယောင်ရှင်ရင်းနှင့် သူ၏ ဆရာအတတ်သင်ကျောင်းသည်လည်း ပစ်မှတ်ထားခံခဲ့ရသည်။ ဂျပန်စစ်တပ်က ကျောင်းကို သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း ဒေါက်တာ ယောင်ရှင်ရင်းက အပြင်းအထန် ကာကွယ်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အပြီး ဂျပန်များ၏ ဖိနှိပ်မှု အောက်တွင် ဆရာအတတ်သင် ကျောင်းသည် ကျောင်းသားသစ် လက်မခံနိုင်တော့ဘဲ ၁၉၄၄ ခုနှစ် အထိ ပိတ်ထားခဲ့ရသည်။

ကိုရီးယားနိုင်ငံ လွတ်လပ်ရေးပြီးနောက် ဒေါက်တာ ရင်းသည် ချောင်အန်း ဆရာအတတ်သင်ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ချောင်အန်း အမျိုးသမီး ကောလိပ်၊ ၁၉၄၈ခုနှစ်တွင် ချောင်အန်း ကောလိပ် အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ကုလသမဂ္ဂတွင် သံတမန်အဖြစ် ဆောင်ရွက်လျက် ဒေါက်တာ ရင်းသည် ကျောင်းဆောင်သစ်များကိုလည်း ဆက်လက် တည်ထောင်ကာ ကျောင်းအုပ်နှင့် ကျောင်းဘုတ်အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာခဲ့သည်။

၁၉၅၀ ခုနှစ်တွင် ပထမဆုံး ဘွဲ့ဒီဂရီကို ပေးအပ်နိုင်ခဲ့သော်လည်း ကိုရီးယား စစ်ပွဲကြောင့် ကျောင်းပိတ်ခဲ့ရသည်။ စစ်အတွင်း ကာလများတွင် ကောလိပ်ကို ဘူဆန်တွင် ပြောင်းရွှေ့ ဆက်လက်ဖွင့်လှစ်ခဲ့ပြီး စတုတ္ထအကြိမ် ဘွဲ့နှင်းသဘင်အထိ ကြိုးပမ်းနိုင်ခဲ့သည်။

ဘူဆန်တွင် ပြောင်းရွှေ့ သင်ကြားနေစဉ် ၁၉၅၃ တွင် တက္ကသိုလ်အဆင့် အသိအမှတ်ပြုခြင်း ခံရသည်။ မဟာဌာန ၄ ခုအောက်တွင် ဌာနခွဲ ၉ ခု ဖွင့်လှစ်ပြီး ဒေါက်တာ ရင်သည်လည်း တက္ကသိုလ် အဓိပတိ ဖြစ်လာသည်။ နောက်ပိုင်းမှာ မူလဖွင့်လှစ်ခဲ့သော နေရာကို ပြန်လည် ရွှေ့ပြောင်းခဲ့သည်။

၁၉၆၁ ခုနှစ်တွင် ဒေါက်တာ ဆွန်ဟီးရင်က ဒုတိယ အဓိပတိ ဖြစ်လာခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဒေါက်တာ ယောင်ရှင်ရင်း အဓိပတိ ပြန်ဖြစ်ခဲ့သည်။ ဥပဒေပညာ၊ နိုင်ငံရေးသိပ္ပံ၊ စီးပွားရေး စီမံခန့်ခွဲမှု စသော ဘာသာရပ်များကို ဆက်လက် တိုးချဲ့ခဲ့ပြီး ၁၉၇၁ခုနှစ်တွင်တော့ ဆေးကောလိပ်ကို တည်ထောင်ကာ တွဲဖက်ဆေးရုံအဖြစ် ဆွန်ရှင်း ဆေးရုံကိုလည်း ဖွင့်လှစ်ခဲ့သည်။

ချောင်အန်း တက္ကသိုလ်ကို တည်ထောင်သူ ဒေါက်တာ ယောင်ရှင်ရင်း အသက် ၇၀ ရှိလာချိန်တွင် တာဝန်တွေ ဖိစီးသောကြောင့် ဒေါက်တာ ချူဆွန်းရင်မှ အဓိပတိအဖြစ် တာဝန်လွှဲယူခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ဒေါက်တာ ယောင်ရှင်ရင်း ကွယ်လွန်ခဲ့သည်။

၂၀ဝ၅ ခုနှစ်တွင် တက္ကသိုလ်၏ ၁၂ ဦးမြောက် အကြီးအကဲမှာ ဒေါက်တာ ဘွန်ဟွန်းပတ် ဖြစ်သည်။

သင်ကြားရေး[ပြင်ဆင်ရန်]

၂၀ဝ၅ မှ ၂၀ဝ၉ ခုနှစ်အတွင်း အချိန်ပြည့် ဆရာ၊ ဆရာမ ၂၄၄ ဦး ခေါ်ယူခဲ့ကာ နိုင်ငံတက္ကသိုလ်များကဲ့သို့ အဆင့်မြင့်တင်ခြင်းများကို ပြုလုပ်ခဲ့သည်။

၂၀ဝ၉ ခုနှစ်တွင် ချောင်အန်း တက္ကသိုလ်သည် အဆင့်မြင့် အဖွဲ့အစည်းတစ်ခုဖြစ်လာပြီး အထွေထွေ ဘွဲ့လွန် ကျောင်း ၁ကျောင်း၊ သက်မွေးပညာသင်ကျောင်း ၅ ကျောင်း၊ အထူပြု ဘွဲ့လွန်ကျောင်း ၁၁ ကျောင်း၊ ပြဋ္ဌာန်းစာ အထူးပြုကောလိပ် ၁၈ ကျောင်းကို ဆိုးလ် ပရဝုဏ်နဲ့ အန်ဆွန်ပရဝုဏ်တို့မှာ ဖွင့်လှစ်နိုင်ခဲ့ပြီး ဘွဲကြို ကျောင်းသား ၁ သိန်းခွဲခန့်၊ မဟာဘွဲ့ရ ကျောင်းသား ၃ သောင်းခန့်၊ ပါရဂူဘွဲ့ရ ၄ ထောင်ကျော် မွေးထုတ်နိုင်ခဲ့သည်။

အဆင့်သတ်မှတ်ချက်[ပြင်ဆင်ရန်]

၂၀၁၃ ခုနှစ်တွင် ကိုရီးယား ဂျူဂန် နေ့စဉ်သတင်းစာ၏ သတ်မှတ်ချက်အရ တောင်ကိုရီးယားမှာ အဆင့် ၈ ဖြစ်ကြောင်း၊ သဘင်၊ ရုပ်ရှင်နဲ့ ဓာတ်ပုံပညာရပ်မှာတော့ ပထမတန်းအဆင့် ဖြစ်ကြောင်း သိရသည်။ အာရှတွင် အဆင့် ၇၁ အဖြစ် သတ်မှတ်ခံရသည်။

နိုင်ငံတကာ ကျောင်းသား[ပြင်ဆင်ရန်]

ချောင်အန်းတက္ကသိုလ်တွင် နိုင်ငံတကာမှ ကျောင်းသားများ လာရောက်သင်ကြားမှု အစီအစဉ်များကို ၂၀ဝ၉ခုနှစ်မှ စတင်ခဲ့ကာ လက်ရှိတွင် နိုင်ငံတကာမှ ကျောင်းသား ၂ထောင်ကျော်ခန့် လာရောက်သင်ကြားနေပြီး Humanities ၊ Social Science၊ Natural Science၊ Engineering၊ Education၊ Business and Economics စသော ဘာသာရပ်များကို သင်ကြားမှုများပြားသည်။

ကိုရီးယားဘာသာစကားနှင့် ယဉ်ကျေးမှုဘာသာရပ်များ အပြင် အာရှဒေသလေ့လာလာရေးအစီအစဉ်များတွင် နိုင်ငံတကာမှ ကျောင်းသားများရဲ့ စိတ်ဝင်စားမှုပိုမိုများသည်ဟု ဆိုနိုင်သည်။

အနုပညာ ဘာသာရပ်များ[ပြင်ဆင်ရန်]

ချောင်အန်း တက္ကသိုလ်သည် ၂၀ဝ၉ ခုနှစ်မှ စတင်ကာ အနုပညာသင်တန်းများဖြစ်သော ဂီတ၊ ပြဇာတ်၊ သရုပ်ဆောင်၊ ဖက်ရှင်ဒီဇိုင်းစသည့် ဘာသာရပ်များကို တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ကာ ကိုရီးယားလူငယ်များကြား ရေပန်းစားတဲ့ ဘာသာရပ်များဖြစ်ခဲ့သည်။

ချောင်အန်းတက္ကသိုလ်တွင် အနုပညာကျောင်းတက်ရောက်သော ကျောင်းသားများ လက်တွေ့ပြုလုပ်ရန်အတွက် သီရေတာများ၊ ပြဇာတ်ရုံများကို တည်ဆောက် ပေးထားပြီး နှစ်စဉ်ကျောင်းသားများ၏ အနုပညာဖန်တီးမှုများကို တင်ဆက်လေ့ရှိသည်။ ထိုသို့တင်ဆက်ရာတွင် ကိုရီးယားအနုပညာလောကမှ ထုတ်လုပ်ရေးမှူးများ၊ ဒါရိုက်တာများ တက်ရောက်ကြပြီး တက်သစ်စအနုပညာရှင်များကို ရှာဖွေဖော်ထုတ်ပြီး စင်တင်ပေးလေ့ရှိသည်။

ထို့ကြောင့်လည်း ချောင်အန်း တက္ကသိုလ်မှ ထင်ရှားတဲ့ ဂီတအကျော်အမော်များ၊ ရုပ်ရှင်လောကသားများ ပေါ်ထွက်ခဲ့သည်။

ထူးခြားထင်ရှားသူများ[ပြင်ဆင်ရန်]

ထင်ရှားသော ဂီတလောက အကျော်အမော်တွေများမှာ Girls' Generation အဖွဲ့ဝင် ချွိုင်ဆိုယောင်း (Choi Soo-young)နှင့် ကွမ်ယူရီ (Kwon Yuri) ၊ အမျိုးသမီး အဖွဲ့တစ်ခုဖြစ်သော f(x) အဖွဲ့ဝင် အဆိုတော် လူနာ (Luna) ၊ boy band အဖွဲ့တစ်ခုဖြစ်သော Big Bang အဖွဲ့ဝင် ဆောင်ဂီ (Seungri) ၊ boy band တစ်ခုဖြစ်သော U-KISS အဖွဲ့ဝင် ရှင် ဒေါင်ဟို (Shin Dongho) ၊ Apink မိန်းကလေး အဖွဲ့ဝင် ဟောင်ယိုးကွမ် (Hong Yoo-kyung) တို့ ဖြစ်သည်။

ထင်ရှားသော ရုပ်ရှင်လောကသားများမှာ မင်းသားများဖြစ်သည့် ချာထယ်ဟွန်း (Cha Tae Hyun)၊ ဟွန်ဘင် (Hyun Bin)၊ ကင်ဘန်း (Kim Bum)၊ ကင်ဂျောင်ဟွန်း (Kim Jeong-hoon)၊ကင်ရေဝန်း (Kim Rae-won)၊ လီမင်ဟို (Lee Min-ho)၊ မင်းသမီးများဖြစ်သော ကင်ဟီဆမ်း (Kim Hee-sun)၊ ဂိုအာရာ (Go Ara)၊ ဂျန်နာရာ (Jang Na-ra)၊ ဘတ်ရှင်ဟေး (Park Shin-hye)၊ ဘတ်ရီဂျင်း(Park Ye-jin)၊ ယွန်းအွန်ဟေး(Yoon Eun-hye)၊ သရုပ်ဆောင်နှင့် ဒါရိုက်တာများဖြစ်သော ဟဂျန်ဝူး (Ha Jung-woo)၊ ယိုးဂျီတိတ် (Yoo Ji-tae) စသည်တို့ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Foundation of chung-Ang Kindergarten | Chung-Ang University။ 28 May 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-03-12 တွင် ပြန်စစ်ပြီး။
  2. Chung-Ang as a Professional Education Institution | Chung-Ang University။ 28 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-03-12 တွင် ပြန်စစ်ပြီး။
  3. Chung-Ang as a University | Chung-Ang University။ 28 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-03-12 တွင် ပြန်စစ်ပြီး။
  4. 学校简介 | 中央大學校။ 16 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-03-12 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]