ချေဖျက်ဆန်းစစ်မှုဝါဒ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မြန်မာနိုင်ငံမှာ ဒီဝါဒဟာ အထူးသဖြင့် စာပေသဘောတရားနဲ့ ဝေဖန်ရေးလောကမှာ တွင်ကျယ်နေတာတွေ့ရပါတယ်။ “အဆောက်အအုံဖျက်ဝါဒ” စသဖြင့် နားလည်ရခက်တဲ့ ဘာသာပြန်ထားတာမျိုးလည်း တွေ့နိုင်ပါတယ်။ ကျနော်ကတော့ “ချေဖျက်ဆန်းစစ်မှုဝါဒ”လို့ အနက်ပေးချင်ပါတယ်။

ဒီဝါဒဟာ ဂျက်ဒါရီးဒါး (Jacques Derrida ၁၉၃၀-၂၀၀၄) ရဲ့ ဒဿန နဲ့ ဘာသာဗေဒ ဝေဖန်ရေးလက်ရာတွေမှာ အစပျိုးပြီး နောက်ပိုင်းမှာ လူမှုဗေဒတွေ (Humanities) အပြင် လူမှုသိပ္ပံ (Social Sciences) နယ်ပယ် ကိုပါ ပျံ့နှံ့သွားပါတယ်။ ချေဖျက်ဆန်းစစ်မှုဝါဒရဲ့ ရည်ရွယ်ချက်ကတော့ အကြမ်းအားဖြင့် တွေးခေါ်မှုစနစ်နဲ့ ကျမ်းတွေမှာ ဖွဲ့တည်လာတဲ့ နှစ်ခွ ဝိရောဓိ (binary opposition) တွေရဲ့ ဖြစ်စဉ်ကို ရှင်းလင်း နားလည်စေမှုနဲ့ ဆက်စပ်ပါတယ် (DSS 2002)။ ဒီလိုဖွဲ့တည်စေတာ၊ ဖွဲ့တည်လာတာ၊ ဖွဲ့တည်နေတာကို Construction လို့ဆိုတာဖြစ်ပြီး၊ ဒါကို သရုပ်ခွဲ၊ တရားကိုယ်ထုတ်၊ ဆန်းစစ်ပြတာကို Deconstruction လို့ညွှန်းတာပါပဲ။

ဒဿနကျောရိုးအနေနဲ့ ချေဖျက်ဆန်းစစ်မှုဝါဒဟာ ဘာသာစကားရဲ့ဖြစ်နိုင်ခြေ (Possible) တနည်းအားဖြင့် ဘယ်လိုပုံစံနဲ့ အလုပ်လုပ်တယ် (Operation) ဆိုတာကို ဆန်းစစ်တယ်လို့ ဆိုနိုင်ပါတယ်။ အမှန်တရားနဲ့ ဘာသာစကားရဲ့ ပုံဖော်မှု (Present) ကြားမှာ “ဟ” နေတဲ့အချက်တွေ ရှိတယ်ဆိုတာပဲ။ ရှင်းရှင်းပြောရရင် ဘာသာစကားဟာ အပြုအမှုရဲ့ အဓိပ္ပါယ်ကို အပြည့်အဝ မဖော်ဆောင်နိုင်ဘူး။ “နိဗ္ဗာန်” ဆိုတဲ့ စကားလုံးကို စဉ်းစားကြည့်ပါ။ ဒီစကားလုံးကို ရှင်းပြဖို့ ဂေါတမဗုဒ္ဓနဲ့ ရဟန်းပညာရှိများက ဥပမာ ဥပမေယျများကတဆင့် ပုံဖော် ပေးကြရပါတယ်။ ဒါပေမယ့်ကျနော်တို့ ပုထုဇဉ်များအဖို့ “နိဗ္ဗာန်” ကို လိုရင်းအမှန်တရားဆိုက်အောင် နားမလည်နိုင်ပါဘူး။ ဒါကြောင့် ဂေါတမဗုဒ္ဓက စာတွေ့ (ဘာသာစကား/ပဋိယတ္ထိ) နဲ့တင် နိဗ္ဗာန်ကိုနားမလည်နိုင်၊ ကိုယ်တွေ့ (အပြုအမှု/ပဋိပတ္တိ) နဲ့မှ ရမယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတော့မှ ဟ နေတဲ့ အချက်ကို ကိုယ်တိုင်သိမှာ မို့လို့ ဖြစ်တယ်လို့ နားလည်ရပါတယ်။

စာပေအနုပညာဆိုင်ရာလေ့လာမှု (Literary Studies) မှာ Deconstruction နည်းဟာ အကြီးကျယ်ဆုံး ရိုက်ခတ်မှုကို ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် ဒီ Deconstructionism ဟာ Poststructuralism နဲ့လည်း ဆက်စပ်မှုရှိပါတယ်။ လူမှုသိပ္ပံမှာ Deconstruction နည်းဟာ Poststructuralist ရှုထောင့်ကနေ ဆန်းစစ်လေ့လာနည်းမှာ အခရာလည်းဖြစ်ပါတယ်။ အထူးသဖြင့် မနုဿဗေဒ (Anthropology) နယ်ပယ်မှာ ဒီအယူဝါဒကို အခြေပြုပြီး ကျား၊ မ ကွဲပြားမှု (Gender)၊ လူမျိုးရေး (Race) စတာတွေမှာ ဆွေးနွေးငြင်းခုန်မှုတွေ ပေါ်ထွက်လာစေပါတယ်။

ရည်ညွှန်းကိုးကား - The Dictionary of Social Sciences