ချူတေး

ဝီကီပီးဒီးယား မှ
စစ်သေနာပတိ ချူတေး

တရုတ်တပ်နီတော် သေနာပတိချုပ်၊ တရုတ်ပြည် ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင် နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီဥက္ကဋ္ဌ စသည့် မြင့်မား များပြားလှသော တာဝန်များကို အသက် ၉ဝ အရွယ်အထိ မနေမနား ကြိုးပမ်း ဆောင်ရွက်ခဲ့သူ ချူတေးကို ၁၈၈၆ ခုနှစ် နိုဝင်ဘာလ ၃ဝ နေ့ (အချို့က ဒီဇင်ဘာလ ၁၂ ရက်) တွင် ကွင်ချီချွမ်ပြည်နယ် အီလန်းဘင်မြို့အနီး ယင်လွန်းဆိုင်ရာတွင် ဆင်းရဲသော မိဘနှစ်ဦးမှ မွေးဖွားသည်။

ချူတေးသည် ရွာကျောင်းလေး တစ်ကျောင်းတွင် စတင် ပညာသင်ကြားခဲ့ရသည်။ ထို့နောက် မြေရှင်တင်၏ ကိုယ်ပိုင် မိသားစု ကျောင်း၌၎င်း၊ တာဝမ်သို့ ပြောင်းရွှေ့၍ ဘီပင်အန်၏ ကျောင်း၌၎င်း၊ ရွန်ချင်းခေတ် ပညာသင်ကျောင်း၌၎င်း ပညာ သင်ကြားသည်။

၁၉ဝ၆ ခုနှစ်တွင် အနောက်နိုင်ငံ ဝိဇ္ဇာဘွဲ့နှင့် တူညီသော အီလန်းဆင် အစိုးရစာမေးပွဲကို ဖြေဆို အောင်မြင်၍ ချင်တူး အထက်တန်း ဆရာအတတ်သင်ကျောင်းတွင် ကာယပညာ သင်ယူသည်။ ထိုကျောင်းမှ အောင်မြင်သည့်အခါ သူငယ်ချင်း များ စုပေါင်းတည်ထောင်သော အီလန်းဆင် ကျောင်းသစ်တွင် ကာယပညာဆရာ ဝင်ရောက် လုပ်ကိုင်စဉ် ရှေးဟောင်း အယူအဆ ရှိသူများ၏ တိုက်ခိုက်ခြင်းကို ခံရပြီး ရုံးတင်၍ မကြာခဏ တရားစွဲဆိုခြင်း ခံခဲ့ရသည်။

၁၉ဝ၉ ခုနှစ်တွင် ယူနန် စစ်တက္ကသိုလ်တွင် တက်ရောက် သင်ကြားခဲ့ရာ ၁၉၁၁ ခုနှစ်တွင် ဘွဲ့ရရှိ၍ ဒုဗိုလ် ဖြစ်လာ သည်။ ဗိုလ်မှူးချုပ်ဆိုင်နို ခေါင်းဆောင်ပြီး ယူနန်ဖူးတွင် သမ္မတနိုင်ငံဂိုဏ်းက ပုန်ကန်သည့်အခါ တွန်မင်ဝှီးသမ္မတ ဂိုဏ်းဝင် ချူတေးသည် ကော်မရှင်ဗိုလ်ကြီး ဖြစ်လာပြီး ဇီချွမ်သွား တော်လှန်ရေးတပ်ကြီးတွင် ပါဝင်လိုက်ပါခဲ့သည်။

ပထမဆုံး ယာယီသမ္မတ ဒေါက်တာဆွန်ယက်ဆင် နေရာတွင် ယွမ်ရှီကိုင် တက်လာသည့်အခါ ချူတေးသည် ဗိုလ်မှူးအဆင့် ရောက်ရှိလာပြီး ယူနန် စစ်တက္ကသိုလ်တွင် ဆရာအဖြစ် ဆောင်ရွက်နေသည်။ တွန်မင်ဝှီးသမ္မတနိုင်ငံ ဂိုဏ်းဟောင်းမှ ကူမင်တန်သို့ ကူးပြောင်း ဝင်ရောက်ခဲ့သည်။

၁၉၁၅ ခုနှစ်တွင် အမှတ် ၁ဝ ယူနန်တပ်ရင်းကြီးကို အုပ်ချုပ်ရသည့် ဗိုလ်မှူးကြီးအဖြစ် ခန့်အပ်ခြင်း ခံရပြီး ယွမ်ရှီကိုင် အုပ်ချုပ်မှုကို ဖြိုချသည့် ဗိုလ်မှူးဆိုင်နို၏ ဇိချွမ်စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည်။ စစ်ဆင်ရေး အောင်မြင် သည့်အခါ ချူတေးသည် ဗိုလ်မှူးချုပ် ဖြစ်လာသည်။

ချူတေးသည် ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ဆိုင်နို ကွယ်လွန်သွားပြီး၊ စစ်ဘုရင်များ လွှမ်းမိုးလာသဖြင့် ၁၉၂၂ ခုနှစ်တွင် ယူနန်နယ်မှ ရှန်ဟဲမြို့သို့ လျှို့ဝှက်ထွက်ပြေးလာ ခဲ့သည်။ ထိုနှစ် စက်တင်ဘာလတွင် ချူတေးသည် ပြင်သစ် သင်္ဘော အယ်လဂျီးယာဖြင့် ဥရောပသို့ မိတ်ဆွေများနှင့်အတူ ထွက်ခဲ့သည်။ ပြင်သစ်မှ ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ သွား ရောက်ခဲ့ပြီး ချူအင်လိုင်းနှင့် တွေ့ဆုံဆွေးနွေးရာ မကြာမီ ကွန်မြူနစ်ပါတီက သူ့ကို လျှို့ဝှက်စွာ လက်ခံလိုက်သည်။

ချူတေးသည် ဂျာမနီပြည် ဂေါ့တင်းဂျင် တက္ကသိုလ် နိုင်ငံရေးနှင့် သိပ္ပံမဟာဌာနတွင် တက်ရောက် သင်ကြားသည်။ ဘာလင်မြို့တွင် ကူမင်တန်အဖွဲ့ခွဲ တည်ထောင်၍ ဂျာမန် အလုပ်သမား အစည်းအဝေးများတွင် တက်ရောက် ဆွေးနွေးခဲ့သည်။ ချူအင်လိုင်းနှင့်အတူ ချင်ချီချောင်ကန် အပတ်စဉ် နိုင်ငံရေးစာစောင် ထုတ်ဝေခဲ့သည်။

ချူတေးသည် ဗူလဂေးရီးယား တော်လှန်ရေးကို အကြမ်းဖက် ဖိနှိပ်သဖြင့် ကန့်ကွက်သည့် အစည်းအဝေးတွင် တက်ရောက် စကားပြောဆိုသဖြင့် နှစ်ကြိမ်တိုင် ဂျာမန်ပုလိပ်များ၏ ဖမ်းဆီးခြင်းခံရသည်။ ၁၉၂၆ ခု ဇွန်လလယ်တွင် ကျင်းပသော ဘာလင်လူထုအစည်းအဝေးသို့ တက်ရောက်စဉ် ဂျာမန်အစိုးရက ဖမ်းဆီး၍ ပြည်နှင်ဒဏ် ပေးခဲ့သည်။

တရုတ်ပြည်သို့ ပြန်ရောက်သည့်အခါ ဇိချွမ်နန်ချန် စစ်ကျောင်းအုပ်နှင့် ပုလိပ်မင်းကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၂၈ ခုနှစ် ကျင်ကန်းတောင် ကွန်မြူနစ်ပါတီ ကွန်ဖရင့်မှ စစ်ရေးနှင့် နိုင်ငံရေး သေနင်္ဂဗျူဟာငါးရပ် ချမှတ်၍ အမှတ် ၄ တပ်နီတော် ပြန်လည်ဖွဲ့စည်းသည့်အခါ ချူတေးကို တပ်မှူးချုပ်အဖြစ်၎င်း၊ မော်စီတုံးကို နိုင်ငံရေးမှူးချုပ်အဖြစ်၎င်း ရွေးကောက် တင်မြှောက်ခဲ့ကြသည်။

၁၉၄၉ ခု အောက်တိုဘာလတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့်အခါ ချူတေးသည် ဗဟို ပြည်သူ့အစိုးရအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ဗဟိုပြည်သူ့ စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော် သေနာပတိချုပ်အဖြစ် တင်မြှောက်ခြင်းခံရသည်။

ချူတေးသည် ၁၉၅၄ ခုနှစ်တွင် ကျင်းပသော ပထမ အကြိမ် နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး နိုင်ငံတော် ကာကွယ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်း ခန့်အပ်ခြင်း ခံရသည်။ ဒုတိယ၊ တတိယ၊ စတုတ္ထအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် များတွင်လည်း အမြဲတမ်းဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရ၏။

တရုတ်ပြည် မဟာပစ္စည်းမဲ့ယဉ်ကျေးမှု တော်လှန်ရေး ကာလ သမ္မတ လူရှောက်ချီ ပြုတ်ကျသွားသည့်နောက် သမ္မတရာထူး မထားသည့်အခါ နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌဖြစ်သော ရဲဘော်ချူတေး သည် ကွယ်လွန်ခါနီးအထိ ယင်းတာဝန်ကို ထမ်းဆောင်သွားခဲ့ရသည်။

တရုတ်ပြည် လွတ်မြောက်ရေး တပ်မတော်ဖခင်ကြီး ရဲဘော်ချူတေးသည် အသက် ၉ဝ အရွယ် ၁၉၇၆ ခု ဇူလိုင်လ ၆ ရက်နေ့၌ ပီကင်းမြို့တွင် ကွယ်လွန်ခဲ့လေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)