ချန်ုဒရာယန်အာကာသယာဉ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ချန်ဒရာယန်-၁ အာကာသယာဉ် သည် အိန္ဒိယနိုင်ငံမှ ပထမဆုံး လွှတ်တင်သော စီးနင်းသူမဲ့ လကမ္ဘာ စူးစမ်းလေ့လာရေး အာကာသယာဉ် ဖြစ်သည်။ ထိုအာကာသယာဉ်အား အိန္ဒိယ အာကာသ သုတေသန အဖွဲ့မှ ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် လွှတ်တင်ခဲ့ပြီး ၂၀၀၉ ခုနှစ် ဩဂုတ်လ အထိ အသုံးပြုခဲ့သည်။ ထိုအာကာသ လေ့လာရေး အစီအစဉ်တွင် လကမ္ဘာကို ပတ်မည့် အစီအစဉ်နှင့် လပေါ်သို့ ဆင်းသက်မည့် အစီအစဉ်တို့ ပါရှိသည်။ အိန္ဒိယနိုင်ငံ ချနိုင်းမြို့ မြောက်ဘက် ၈၀ ကီလိုမီတာ အကွာရှိ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်၊ နယ်လို ခရိုင်၊ ဆရီ ဟရီကိုတာရှိ ဆာတစ်ရှ် ဒါရ်ဝမ် အာကာသ စခန်းမှ ၂၀၀၈ ခုနှစ် အောက်တိုဘာ ၂၂ တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း ဖြစ်သော ဗီဂျေပီးရ် က ၂၀၀၃ ခုနှစ် ဩဂုတ်လ ၁၅ ရက် လွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် စတင်ကြေငြာခဲ့ခြင်း ဖြစ်သည်။ ထိုလေ့လာရေး အစီအစဉ်သည် အိန္ဒိယနိုင်ငံ၏ အာကာသ အစီအစဉ်အတွက် အဓိက အောင်မြင်မှု ပင် ဖြစ်ပြီး အိန္ဒိယနိုင်ငံ အနေနှင့် မိမိတို့ ကိုယ်ပိုင် နည်းပညာကို အသုံးပြုပြီး လကမ္ဘာကို လေ့လာစူးစမ်း နိုင်ခဲ့ခြင်း ဖြစ်သည်။ အာကာသယာဉ်သည် လကမ္ဘာ၏ ပတ်လမ်းကြောင်း အတွင်းသို့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အောင်မြင်စွာ ထည့်သွင်း ဝင်ရောက်နိုင်ခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ချန်ဒရာယန် လပတ်ယာဉ်မှ လကမ္ဘာသို့ ဆင်းသက်မည့် စူးစမ်းလေ့လာရေးယာဉ်ကို ည ၈ နာရီ ၆ မိနစ် အချိန်တွင် ခွဲထုတ်ခဲ့ပြီးတောင်ဝင်ရိုးစွန်းအား ချုပ်ထိန်း ဆင်းသက်နိုင်ခဲ့ကာ အိန္ဒိယ နိုင်ငံ အနေနှင့် လကမ္ဘာသို့ စတုတ္ထမြောက် အလံ စိုက်ထူနိုင်သော နိုင်ငံ အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ စူးစမ်းလေ့လာရေးယာဉ်သည် ည ၈ နာရီ ၃၁ မိနစ် အချိန်အတွင် ရှက်ကယ်တန် မီးတောင်ဝ အနီးတွင် မြေကြီးဖြင့် ထိ ခဲ့ပြီး လကမ္ဘာပေါ်ရှိ ရေခဲအား လေ့လာဆန်းစစ်နိုင်ရန် မြေအောက်မှ မြေသားတို့အား ထိုးထုတ်နိုင်ခဲ့သည်။

ထိုစီမံကိန်း၏ ခန့်မှန်း ကုန်ကျစရိတ်မှာ အိန္ဒိယ ရူပီး ၃.၈၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၆၄ သန်း) ဖြစ်သည်။ အဝေးရောက်စနစ်ဖြင့် အာရုံခံ စမ်းသပ်နိုင်သော လကမ္ဘာ စူးစမ်းရေး ဂြိုဟ်တုမှာ လွှတ်တင်ချိန်တွင် ၁,၃၈၀ ကီလိုဂရမ် (၃,၀၄၂ ပေါင်) အလေးချိန် ရှိခဲ့ပြီး လပတ်လမ်းကြောင်း အတွင်း ဝင်ရောက်ချိန်တွင် ၆၇၅ ကီလိုဂရမ် (၁,၄၈၈ ပေါင်) အလေးချိန် ရှိခဲ့သည်။ ထိုယာဉ်ပေါ်တွင် မျက်စိဖြင့် မြင်နိုင်သည့် ကြိမ်နှုန်း၊ အိတ်ဇ်ရေး အနိမ့် အမြင့် ကြိမ်နှုန်း စသည်တို့ကို အာရုံခံ စမ်းသပ်နိုင်သော ကိရိယာများ ပါဝင်သည်။ ၂ နှစ်တာ ကာလအတွင်း ထို အာကာသယာဉ်သည် လကမ္ဘာ၏ မျက်နှာပြင်ကို လေ့လာ၍ လကမ္ဘာ တစ်ခုလုံးရှိ ဓာတုဗေဒ လက္ခဏာများ နှင့် သုံးဘက်မြင် မြေမျက်နှာသွင်ပြင် ပုံကို ရရှိနိုင်ရန် ရည်ရွယ်သည်။ ဝင်ရိုးစွန်းဒေသများမှာ ရေခဲရှိနိုင်သဖြင့် အထူးပြု လေ့လာသော ဒေသများ ဖြစ်သည်။

ကြယ်နှင့် သက်ဆိုင်သော အာရုံခံ ကိရိယာများ နှင့် အပူချိန်မှ ကာကွယ်နိုင်မှု အားနည်းခြင်း စသည့် နည်းပညာ အခက်အခဲများကို ကြုံတွေ့ပြီးနောက် ချန်ဒရာယန် အာကာသယာဉ်သည် ၂၀၀၉ ခုနှစ် ဩဂုတ်လ ၂၉ ရက် မနက် ၁ နာရီ ၃၀ အချိန်တွင် ချန်ဒရာယန် အာကာသယာဉ်မှ ရေဒီယိုလှိုင်းများ ထုတ်လွှင့်မှု ရပ်ဆိုင်း သွားခဲ့သည်။ မကြာမီ အချိန်အတွင် အိန္ဒိယ အာကာသ သုတေသန အဖွဲ့မှ အစီအစဉ် ပြီးမြောက်ကြောင်း ကြေငြာခဲ့သည်။ အာကာသယာဉ်မှာ ၂ နှစ်ကြာမျှ အသုံးပြုရန် ရည်ရွယ်သော်လည်း ၃၁၂ ရက်သာ အသုံးပြုနိုင်ခဲ့သည်။ သို့သော် ရည်ရွယ်ချက်များ၏ ၉၅ ရာခိုင်နှုန်း ပြီးမြောက် အောင်မြင်ခဲ့သည်။ အစီအစဉ်၏ အောင်မြင်မှုများ ထဲတွင် လကမ္ဘာ၏ မြေသားထဲမှ ရေမော်လီကျူးများ ပျံ့နှံ့ ပါဝင်နေမှုကို ရှာဖွေတွေ့ရှိ နိုင်ခဲ့ခြင်းပင် ဖြစ်သည်။