ချက်ကော့ဗ်၊ အန်တွန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရုရှားစာရေးဆရာ အန်တွန်ချက်ကော့ဗ်

ချက်ကပ် အေ (ခရစ် ၁၈၆ဝ-၁၉ဝ၄)[ပြင်​ဆင်​ရန်​]

ရုရှလူမျိုးဝတ္ထုနှင့် ပြဇာတ်ရေးဆရာဖြစ်သော အန်တွန် ချက်ကပ်သည် ခရစ် ၁၈၆ဝ ပြည့်နှစ် ဇန္နဝါရီလ ၁၇ ရက်နေ့ တွင် ရုရှားနိုင်ငံတောင်ပိုင်း တဂန်ရောမြို့၌ ဖွားမြင်သည်။ သူ၏ဖခင်မှာ ကုန်သည်တစ်ဦးဖြစ်၏။ ချက်ကော့ဗ်သည် ငယ်စဉ် ကပင်လျှင် မိမိမွေးဖွားရာအရပ်ရှိ စာသင်ကျောင်းမှ ပညာများ ဆည်းပူးခဲ့ရသည်။ ၁၈၇၉ ခုနှစ်တွင် မော်စကိုတက္ကသိုလ်၌ ဆေးပညာကို ဆက်လက် ဆည်းပူး၍ ၁၈၈၄ ခုနှစ်တွင် ဆရာ ဝန်ဘွဲ့ ရသည်။ ချက်ကပ်သည် ကျောင်းသားအရွယ်ကပင်လျှင် စာပေအရေးအသား၌ ဝါသနာထုံ၍ ဝတ္ထုတိုများ၊ တစ်ခန်းရပ် ပြဇာတ်များကို ရေးသားခဲ့လေသည်။ ထိုဝတ္ထုတိုများ ပြဇာတ် များတွင် ဟာသအကွက်ကလေးများ ပါဝင်၍ ထိုအခါကပင် လျှင် သူ၏လက်ရာကို လူကြိုက်များခဲ့သည်။

၁၈၈၆ ခုနှစ်တွင် သူ၏ ရှေးဦးရေးဝတ္ထုတိုများ စာအုပ်အဖြစ် ထွက်ခဲ့သည်။ ၁၈၉၂ ခုနှစ်တွင် 'အဆောင်အမှတ် ၆'ကို လည်းကောင်း၊ ၁၈၉၄ ခုနှစ်တွင် 'စာပေဆရာ'ကိုလည်းကောင်း၊ ၁၈၉၈ ခုနှစ်တွင် 'ခွေးပိုင်ရှင်အမျိုးသမီး'ကိုလည်းကောင်း၊ ၁၈၉၉ ခုနှစ်တွင် 'အိမ်သစ်ယာသစ်'ကိုလည်းကောင်း၊ ထုတ်ဝေခဲ့လေသည်။

ထိုစာအုပ်များတွင် လေးနက်သောအတွေးအခေါ်များ ပါဝင်၍ အရေးအသားဘက်တွင်လည်း ဖွဲ့နွဲ့တန်ဆာဆင်မှုများမှာ ကောင်း မွန်လှသည်။ သူ၏အကောင်းဆုံးဝတ္ထုများမှာ ၁၈၉၅ ခုနှစ်တွင် ထုတ်သော 'ကျွန်ုပ်ဘဝ'နှင့် ၁၉ဝဝ ပြည့်နှစ်တွင် ထုတ်သည့် 'လျှိုမြောင်ကြားဝယ်'တို့ ဖြစ်သည်။

ချက်ကော့ဗ်၏ ပြဇာတ်များသည် သူ၏ဝတ္ထုများကဲ့သို့ပင် ဇာတ်ကွက်ပေါ်လွင်သည်။ ဇာတ်ဆောင်တို့၏ အမူအရာများ ထက် ထိုအမူအရာကို မှီ၍ ပြောင်းလဲဖြစ်ပေါ်လာရသော အခြေ အနေတို့ကိုသာ ချက်ကပ်သည် အဓိကထား၍ ရေးသားခဲ့ပေ သည်။ ၁၈၈၇ ခုနှစ်တွင် 'အိုက်ဗန်နပ်'ကိုလည်းကောင်း၊ ၁၈၉၆ ခုနှစ်တွင် 'ငှက် ဇင်ယော်'ကိုလည်းကောင်း ရေးသား ကပြခဲ့သည်။ ငှက်ဇင်ယော်ပြဇာတ်သည် ရုံတင်စ၌ လူကြိုက် နည်းလှသော်လည်း နောင်နှစ်အကြာတွင် ထပ်မံပြသသောအခါ လူကြိုက်များလာပြီးလျှင် ရုရှတစ်နိုင်ငံလုံး ချက်ကော့ဗ်၏ အမည် ထင်ရှားလာလေသည်။

အင်္ဂလန်ပြည်နှင့်အမေရိကန်ပြည်ထောင်စုတို့တွင် ချက်ကော့ဗ်၏ 'ဦးလေးဗန်ယာ၊' 'ညီအစ်မသုံးဖော်'နှင့် 'ချယ်ရီသစ်သီးခြံ' ပြဇာတ်တို့မှာ လူကြိုက်များလှသည်။ချက်ကော့ဗ်သည် ပြဇာတ်များ အပြင် စုစုပေါင်း ၃ဝဝ ကျော်မျှသော ဝတ္ထုရှည်၊ ဝတ္ထုတို၊ ဆောင်းပါး စသည်တို့ကို ရေးခဲ့သည်။ ချက်ကော့ဗ်အား ပီတာဗတ်မြို့ရှိ ရုရှနိုင်ငံတော်သိပ္ပံပညာတံခွန်အသင်းကြီးက ၁၈၈၉ ခုနှစ်တွင် ပွတ်ရှကင်ဆုကို အပ်နှင်းခဲ့လေသည်။ အာရှတိုက်ဒေသအချို့နှင့် ဥရောပတိုက်အနောက်ပိုင်းဒေသများသို့ ၁၈၉ဝ ပြည့်နှစ်နှင့် ၁၈၉၁ ခုနှစ်များတွင် လှည့်လည် ခရီးသွားခဲ့သည်။

၁၈၉၁ ခုနှစ်မှ ၉၇ ခုနှစ်အထိ အမိအဖများနှင့်အတူ မော်စကိုမြို့၌ နေထိုင်ခဲ့၏။ ထို့နောက်တွင် ကျန်းမာရေး ချို့တဲ့ မှုကြောင့် ကရိုင်းမီးယားနယ်သို့ သွားရောက်နေထိုင်လေ သည်။ ၁၉ဝ၁ ခုနှစ်တွင် ကခြေသည် အော်လဂါးနှစ်ပါးနှင့် ထိမ်းမြား ခဲ့သည်။ ၁၉ဝ၄ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ဂျာမနီနိုင်ငံရှိ ဗေးဒင်ဝိုင်လာအရပ်၌ ချက်ကော့ဗ်သည် ဘဝတစ်ပါး ပြောင်းသွား လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)