ခဲတံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
HB ခဲတံ

ခဲတံ[ပြင်​ဆင်​ရန်​]

ရှေးက ခဲတံပြုလုပ်ရာတွင် ခဲကို အသုံးပြုခဲ့ခြင်းကြောင့် ယခုတိုင်အောင် ခဲတံဟု ခေါ်တွင်နေသော်လည်း ယခုခေတ်သုံး ခဲတံများတွင် ခဲလုံးဝမပါချေ။ ခဲအစား ဂရက်ဖိုက်‎(ခဲနက်)ခေါ် တွင်းထွက်ကာဗွန် တစ်မျိုးကိုသာ အသုံးပြုထားသည်။ ရှေးရောမလူမျိုး တို့ခေတ်မှစ၍ ပုံဆွဲခြင်း၊ ရေးမှတ်ခြင်းတို့တွင်မြေဖြူများ၊ ရောင်စုံမြေပုံများ ခဲများကို အသုံးပြုလာခဲ့ကြသည်။ သို့သော် ၁၆ ရာစုနှစ် ကုန်ခါနီးလောက်တွင် ဂရက်ဖိုက်ကို စတင် အသုံးပြုလာခဲ့ကြလေသည်။

ကမ္ဘာအရပ်ရပ်တွင် ခဲတံကို မည်မျှ အသုံးများသနည်း ဆိုလျှင် ခဲတံလုပ်ရန် သစ်များ ခုတ်လှဲမှုကြောင့် အချို့သစ်တောကြီးများပင် ကုန်လုနီးပါး ဖြစ်ခဲ့ရလေသည်။ သစ်ပင်တစ်ပင်သည် ခဲတံပေါင်း (၁၇၂၀ဝ၀) ထုတ်လုပ်နိုင်ပါသည်။ ခဲတံပြုလုပ်ရန်အတွက် အကောင်းဆုံးသစ်သားမျိုးမှာ ပျော့စေးစေးဖြစ်နေသည့် ဆီဒါအနီခေါ် ထင်းရှုးတစ်မျိုး ဖြစ်သည်။ ဤသစ်မျိုးကို အမေရိကန်ပြည်ထောင်စု ဗာဂျင်းနီးယားပြည်နယ်မှ အမြောက်အမြားရရှိ၍၊ ထိုထက်အနည်းငယ်မာကျော်လေးလံသော အမျိုးအစားကို အာဖရိကတိုက် အရှေ့ပိုင်းရှိ ကင်းနယားနယ်မှရသည်။ သို့သော် အဆိုပါသစ်မျိုး ရှားသွားပြီ ဖြစ်သည့်အတွက်၊ ယခုအခါ ကာလီဖိုးနီးယားပြည်နယ်မှရသော မွှေးကြိုင်သည့် ဆီဒါသစ်မျိုးကို အမြောက်အမြား အသုံးပြုနေကြရသည်။

ဂရက်ဖိုက်ကို ခဲဆန်အဖြစ် စတင်အသုံးပြုစဉ်က တွင်းထွက် ဂရက်ဖိုက်ကို ပထမညက်ညက်ကြေအောင် ကြိတ်ချေ၍၊ အတုံးဖြစ်အောင် တစ်ဖန်ဖိပေးရသည်။ ထို့နောက် အတုံးများမှ အရွယ်တော်အချောင်း ကလေးများရအောင် ခွဲစိတ်ဖြတ်တောက်ပြီးလျှင် ခဲဆန်အိမ်ကလေးများ၌ ထည့်၍ အသုံးပြုခဲ့ကြလေသည်။ သို့သော် ဂရက်ဖိုက်ချည်းသက်သက်မှာ ပျော့လွန်းသည့်အတွက် ၁၈ ရာစုကုန်ခါနီးအချိန်လောက်မှစ၍ ဂရက်ဖိုက်တွင် မြေစေးကို အမာအပျော့ လိုသလို ရောစွက်လုပ်ကိုင်လာကြသည်။ လက်သမားခဲတံအတွက် ရောင်စုံခဲတံများ ပြုလုပ်ရာတွင်မူ ဂရက်ဖိုက်ကို အသုံးမပြုတော့ဘဲ မြေဖြူ၊ မြေစေး၊ သို့မဟုတ် ဖယောင်းတို့ကို အရောင်ဆေးနှင့် ရော၍ အသုံးပြုသည်။

ဝက်အူရစ်ခဲတံဟူ၍လည်း ခဲတံတစ်မျိုး ပေါ်ပေါက်ခဲ့သည်။ ထိုခဲတံမျိုးတွင် ခဲဆန်ကို သစ်သားအိမ်မှာကဲ့သို့ အသေထည့် မထားပေ။ သတ္တုအိမ်တွင် အရှင်ထည့်ထားပြီးနောက် ဝက်အူကို လှည့်ပေးခြင်းဖြင့် ခဲဆန်ကို လိုသလောက် ထုတ်နိုင်သွင်းနိုင်သည်။ ခဲဆန်သွင်းလိုသောအခါ ခဲဆန်၏ထိပ်ကို သတ္တုအိမ်အတွင်းရှိ ပြွန်ချောင်းလုံးကလေးတွင် သွင်းပေးရသည်။ ထိုပြွန်ချောင်းကို သတ္တုအိမ်တွင်းရှိ ဝက်အူရစ်၊ အပေါ်ထိပ်ဖုံးနှင့် ဆက်ထား၍ ထိပ်ဖုံးကို လှည့်ပေးသောအခါ ခဲဆန်သည် ထိပ်ဝမှထွက်လာသည်။ ဤနည်းဖြင့် ခဲဆန်ကို သတ္တုအိမ်မှ အလိုရှိသလို ထွက်စေ ဝင်စေနိုင်သည်။ ခဲဆန် အပိုများကိုလည်း ခဲတံထိပ်ရှိ ခဲဖျက်အိမ်တွင် ဆောင်ထား နိုင်သည်။

ခဲတံနှင့် ရေးရာတွင် ခဲရာပို၍ မဲစေရန် ခဲဆန်ပြုလုပ်ရာ၌ ဂရက်ဖိုက်တွင် တစ်ခါတစ်ရံ ဆီမှိုင်း အနည်းငယ် ရောစပ်ပေးလေ့ရှိကြသည်။ ယခုခေတ် ခဲဆန်လုပ်ငန်းတွင် ဤသို့ ဂရက်ဖိုက်နှင့် မြေစေး၊ ဆီမှိုင်း အစရှိသည်တို့ ရောထားသောပစ္စည်းကို ရှေးဦးစွာ အပေါက်ကလေးများ ဖောက်ထားသော ခွက်ထဲတွင် ညက်၍ နယ်သားရလာသည့်တိုင်အောင် ရေဖိအားစက်ဖြင့် နယ်ပေးသည်။ နယ်သားကောင်းလာသောအခါ အလိုရှိသော ခဲဆန်အရွယ် ဖောက်ထားသော အပေါက်ကလေးများမှတဆင့် ညှစ်ထုတ်ပေးသည်။ ထိုအခါအောက်တွင် ခံထားသော ပျဉ်ပြား ပေါ်သို့ ခဲဆန်များသည် နန်းကြိုးကလေးများပမာ ခွေ၍ ကျဆင်းလာသည်။ ထိုခဲဆန်အခွေများကို အရှည်လိုသလောက် ဖြတ်၍ စန့်အောင်ဆန့်ပြီးလျှင် အခြောက်ခံပေးရသည်။ ထို့နောက် ခွက်တစ်ခုတွင် ထည့်၍ ကာဗွန်မှုန့်ဖြူးပေးပြီးလျှင် အပူခန်းတွင် ရေငွေ့ခြောက်သွားအောင် ပေါင်မုံ့ဖုတ်သကဲ့သို့ အပူတိုက်ပေးရသည်။

ခဲဆန်သွင်းရန် သစ်သားအိမ် ပြုလုပ်ပုံမှာ အရှည် ၇ လက်မ၊ ပြက် ၂ လက်မ၊ ထု ၁/၄ လက်မ အရွယ်ရှိသော ပျဉ်ပြားတစ်ချပ်ပေါ်၌ စက်ဖြင့် ခဲဆန်ဝင်ဆံရုံ ပြော့ကြောင်း ၆ ခု ထိုးပေးသည်။ ထိုပြော့ကြောင်းများထဲတွင် ခဲဆန်များကို ထည့်ပေးသည်။ ထို့နောက် အလားတူ ပြော့ကြောင်း ၆ ခု ထိုးထားသော အခြားပျဉ်ပြားတစ်ချပ်ကို ကော်ရည်သုတ်ပြီးလျှင် အပေါ်မှ အံကျအုပ်ပေး၍ ဖိထားလေသည်။ ခြောက်သောအခါ အဆိုပါ ပျဉ်နှစ်ချပ်သည် တသားတည်းနှင့် မခြား ကပ်သွားသည်။ ထိုအခါ စက်ဖြင့် ခဲတံခြောက်ချောင်း ဖြစ်အောင် ခွဲစိတ်၍ စောင်းသပ်ပြီး လုံးပေးသည်။ ထို့နောက် အရောင်တင်ဆေးသုတ်ခြင်း၊ တံဆိပ်နှိပ်ခြင်း၊ ခဲဖျက်များ တပ်ပေးခြင်းနှင့် သေတ္တာများတွင် ထည့်ခြင်း စသောအလုပ်အားလုံးကို စက်ဖြင့်ပင် လုပ်ကိုင်သွားသည်။[၁]

သိမှတ်ဖွယ်ရာ[ပြင်​ဆင်​ရန်​]

ခဲတံတစ်ချောင်းသည် ၃၅ မိုင်အရှည်ထိ မျဉ်းလိုင်းတစ်ကြောင်းဆွဲနိုင်ပါသည်။ ခဲတံတချောင်းသည် စာလုံးပေါင်း၄၅၀ဝ၀ထိရေးနိုင်ပါသည်။ ဘင်ဂျမင်ဖရင်ကလင်သည် ခဲတံရောင်းဖို့အတွက် ၁၇၂၉- ခုနှစ်ထုတ် ပင်နီဇွဲလာဂဇက်မှာကြော်ငြာဘူးပါသည်။ ဝီလီယံမွန်ရိုးသည် ပထမဆုံးအမေရိကန်သစ်သားများကို ၁၈၁၂- ခုနှစ်မှာ ထုတ်လုပ်ခဲ့သူဖြစ်ပါသည်။ ဂျွန်စတီးဘက်သည် "The Grapes of Wrath" စာအုပ်ကိုရေးသားရာမှာ ခဲတံချောင်းပေါင်း ၆၀ကိုနေ့တိုင်းအသုံးပြုခဲ့ပါသည်။ ၁၈၀၀-ခုနှစ်တွင် ထုတ်လုပ်ခဲ့သော ခဲတံများ၏ ၇၅ရာခိုင်နှုန်းသည် အဝါရောင် ဆေးသုတ်ထားပါသည်။ တရုတ်များကို ဂုဏ်ပြုသည်အနေနှင့် ဖြစ်ပါသည်။ ခဲတံကို အင်္ဂလန်နိုင်ငံမှာတော့ ၁၅၆၄-ခုနှစ်မှာ ပထမဆုံးပြုလုပ်ခဲ့ပါသည်။ ခဲတံတွင် ခဲဆန်များ၏ ခဲသားအလိုက် 3H, 2H, HB, 2B, 3B, 4B, 5B ဟူ၍ အမျိုးအစားများ ခွဲခြားထားသည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  2. Ohn Mar Oo