ခူနာ

ဝီကီပီးဒီးယား မှ

ခူနာသည် လက်ချောင်းတွင် ပေါက်လေ့ရှိသည့် အနာ တစ်မျိုး ဖြစ်၏။ ထိုအနာမျိုးပေါက်လျှင် သတိမမူက လက် ဆစ်များကိုပင် ဖြတ်ပစ်ရတတ်သည်။ ထိုအနာဖြစ်ပေါ်သည့် အကြောင်းရင်းမှာ အစဉ်ပွတ်တိုက်မှုကြောင့် ဖြစ်သည်ဟု ဆို သည်။ ထို့ပြင် စတြက်တိုကောကပ်ခေါ် ဗက်တီးရီးယားကြောင့် လည်း ဖြစ်တတ်သေးသည်ဟု ဆိုသည်။ ထိုအနာမျိုးသည် လက်ချောင်းရှိ တစ်ရှူး(အသားမျှင်)များတွင် သွေးသွားစုရာမှ စတင်ဖြစ်ပေါ်တတ်သည်။ ထိုသို့ သွေးသွားစုခြင်းကြောင့် လက်ချောင်း၏ အရေပြားသည် တင်းမာပြီး ရောင်လာသည်။ ထိုအနာဖြစ်ပေါ်စ၌ အလွန်ကိုက်ခဲ နာကျင်၍ နောက် မကြာမီ အနာတွင် ပြည်တည်လာတတ်၏။ ကုသပုံနည်းမှာ လက်ချောင်းရောင်လာသည်ကို သိသည်နှင့်တစ်ပြိုင်နက် ၂ နာရီခြား တစ်ခါမျှ အဝတ်ပိုင်းကို ရေနွေးတွင် စိမ်၍ ကျပ်ပူ ထိုးပေးရ၏။ အန်တီဖလိုဂျစ်စတင်ကိုလည်း အပေါ်မှ အုံပေး ရ၏။ အကိုက်အခဲကို အက်စပီရင်ဆေးပြားများ မှီဝဲခြင်းဖြင့် သက်သာစေနိုင်သည်၊ရောင်ခါစ၌ လက်ချောင်းသည် ပြောင်၍ နီလာပြီးနောက် တဖြည်းဖြည်း အဝါပုပ်ရောင် ဖြစ်သွားသည်။ ထိုအခြေ၌ အနာ အတွင်းရှိ ပြည်များကို ခွဲထုတ်ပစ်ရသည်။ အနာခွဲကိရိယာ များကို အသုံးမပြုမီ ရေနှင့်ပြုတ်၍ ပိုးများကို သေစေရသည်။

ပိုးသတ်မထားသော ကရိယာများဖြင့် မဖောက်ခွဲသင့်ပေ။ ပိုးများကြောင့် အနာတွင် အဆိပ်ဖြစ်စေတတ်သည်။ ခွဲစိတ် သောအခါ၌ အနာကို သင့်ရုံလောက်ခွဲ၍ ပြည်ကိုထုတ်ပြီးလျှင် အနာပေါက်ထဲသို့ ဆေးရည်စိမ်ထားသော ဂွမ်းဖတ်များကို ထည့်ပေးရသည်။ လူနာကိုလည်း ပင်နီဆီလင်ဆေး ထိုးပေး လေ့ ရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)