ခုနစ်စဉ်ကြယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ခုနစ်စဉ်ကြယ် မြေပုံ

ခုနစ်စဉ်ကြယ်[ပြင်​ဆင်​ရန်​]

'ခုနစ်စဉ်ကြယ်ပြောင်၊ အမြီးထောင်၊ သန်ကောင်ချိန်သို့ ရောက်'၊ ဟု ရှေးလူကြီးများသည် ခုနစ်စဉ်ကြယ်နှင့် စပ်လျဉ်း ၍ ဆိုစမှတ်ပြုခဲ့ကြသည်။ ခုနစ်စဉ်ကြယ်ကို ညအချိန်တွင် မြောက်ဖက် ကောင်းကင်၌ ထင်ရှားစွာ မြင်နိုင်ပေးသည်။ ခုနစ်စဉ်ကြယ်မှာ အနောက်တိုင်းနက္ခတ်ဗေဒ ဆရာများအလို အားဖြင့် အာစာမေဂျာခေါ် နက္ခတ်ထဲတွင် ပါဝင်သော ကြယ်စု ပင် ဖြစ်ပေသည်။ ထိုကြယ်စုတွင် ကြယ်အလုံးပေါင်း ၇ လုံး ပါဝင်သောကြောင့် ခုနစ်စဉ်ကြယ်ဟု ခေါ်ဝေါ်ကြသည်။

အာစမေဂျာနက္ခတ်အနီးတွင်ပင် အာစာမိုင်းနားခေါ် နက္ခတ်တစ်ခု ရှိသေးသည်။ အာစာမေဂျာနှင့် အာစာမိုင်းနား ဆိုသည်မှာ လက်တင်ဘာသာစကားများ ဖြစ်ကြ၍ ဝက်ဝံကြီး၊ ဝက်ဝံငယ်ဟူ၍ အသီးသီး အဓိပ္ပာယ်ရသည်။ ထိုနက္ခတ် များထဲတွင် ပါရှိသော ကြယ်လုံးများကို တစ်လုံးနှင့်တစ်လုံး ဆက်စပ်ကြည့်တတ်လျှင် ဝက်ဝံရုပ်နှင့် အနည်းငယ်တူသော ပုံသဏ္ဌာန်ကို မြင်ရသည်ဟု ဆိုသည်။ ထိုနက္ခတ်များသည် အဘယ်ကြောင့် ဝက်ဝံများနှင့် တူရကြောင်း စပ်လျဉ်း၍ ရှေးဟောင်းဒဏ္ဍာရီများ ရှိလေသည်။ အာစာမိုင်းနားနက္ခတ်ထဲတွင် ပါသောကြယ်များကို ပုံဖော် လျှင် အမြီးထောင်နေသော ဝက်ဝံတစ်ကောင်၏ ပုံသဏ္ဌာန် ထင်ပေါ်သည်။ သို့ရာတွင် အာစာမေဂျာနက္ခတ်တွင် ပါဝင်သော ခုနစ်စဉ်ကြယ်မှာမူ ဝက်ဝံတစ်ကောင်၏ အမြီးနှင့် ကိုယ်အစိတ် အပိုင်းအချို့ကိုသာ ပေါ်လွင်စေသည်။ ခုနစ်စဉ်ကြယ်၏ တည်နေပုံမှာ ထယ်ပုံနှင့် တူသည်။ ထယ်လက်ကိုင်ရိုးနှင့်တူသော အပိုင်း၌ ကြယ် ၃ လုံး ရှိသည်။ ကျန်လေးလုံးမှာ ကြယ် ၃ လုံးထိပ်၌ ကန့်လန့်ဖြတ် လုံးစီတွဲ လျက် ၂ တန်းရှိသည်။ အစွန်ဆုံးကြယ် ၂ လုံးတွဲအတန်းမှ ရှေ့သို့ မျဉ်းဖြောင့်တစ်ခုကို ဆွဲလိုက်လျှင် ထိုမျဉ်း၏ အဆုံး၌ တစ်လုံးတည်း တောက်ပနေသော ကြယ်ကြီးကို မြင်ရလိမ့်မည်။ ထိုကြယ်ကြီးမှာ ဓူဝံကြယ်ပင် ဖြစ်သည်။ ဓူဝံကြယ်သည် အာစာမိုင်းနားနက္ခတ်တွင် ပါရှိ၍ ဝက်ဝံ၏ အမြီးနှင့်တူသော အပိုင်းတွင် အမြီးထိပ်ဖျား၌ တည်ရှိပေသည်။

မြောက်ဖက်ကောင်းကင်ပြင်ရှိ ကြယ်တာရာများသည် ဓူဝံကြယ်ကို လှည့်ပတ်၍ နေသဖြင့် ခုနစ်စဉ်ကြယ်သည်လည်း အလားတူပင် အချိန်နာရီနှင့် ရာသီဥတုအလိုက် ရွေ့လျား ပြောင်းလဲ၍ နေပေသည်။ ဆောင်းဥတု ညဉ့်ဦးပိုင်းတွင် ထယ် လက်ကိုင်ရိုးနှင့်တူသော ကြယ် ၃ လုံးတန်းသည် တောင်ဖက် သို့ ညွှန်၍နေသည်ကို တွေ့မြင်ရပေမည်။ နွေကူးဥတု ညဉ့်တွင် မူ ယင်းကြယ်တန်းသည် အရှေ့ဘက်သို့ ညွှန်လျက်၊ နွေဥတု တွင်မူ မြောက်ဘက်သို့ ညွှန်ကာ၊ ဆောင်းဥတုတွင်ကား အနောက်ဘက်သို့ ညွှန်ပြ၍ နေပေလိမ့်မည်။

ဓူဝံကြယ်ကြီးသည် အခြားကြယ်များကဲ့သို့ နေရာ ပြောင်းရွေ့ခြင်းမရှိဘဲ ထာဝစဉ် တစ်နေရာထဲတွင် တည်နေ ပေသည်။ ထို့ကြောင့် ရှေးအခါက သင်္ဘောသားများသည် မိမိတို့ ရောက်ရှိနေသော နေရာကို သိရှိနိုင်ရန်အတွက် ဓူဝံ ကြယ်ကို ကြည့်၍ ခရီးသွားလာကြရလေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)