ခရမ်းမြို့သည် ဟံသာဝတီခရိုင် အရှေ့ပိုင်းတွင် ပါဝင် သော မြို့နယ်တစ်ခု ဖြစ်သည်။ ရန်ကုန်မြို့မှ ရေကြောင်းခရီး ဖြင့် ၃၆ မိုင်ခန့် ကွာဝေးသည်။ မြို့၏အကျယ်အဝန်းမှာ စတုရန်း ၂ မိုင် ခန့်ရှိ၍ ၁၉၅၃ ခုနှစ် သန်ကောင်စာရင်းအရ လူဦးရေ ၁ဝ၉ဝ၆ ယောက် ရှိသည်။မြန်မာနိုင်ငံအောက်ပိုင်းကို အင်္ဂလိပ်တို့ သိမ်းပိုက်စက ယခု ခရမ်းမြို့မှာ ရေတွင်းချောင်းခရမ်းခေါ် ရွာ ကလေးမျှသာ ဖြစ်လေသည်။ ထိုရွာတွင် ကင်းဂတ်တစ်ခုကို ဖွင့်လှစ်ခဲ့ဘူး သည်။ ထိုစဉ်က ရုံးစိုက်ရာမြို့မှာ ရုံးသပြေကန်မြို့ ဖြစ်သည်။ ထိုအရပ်တွင် သပြေကန်ဟူသော အမည်နှင့် နှစ်ဌာန ရှိသည်။ ရုံးစိုက်ရာသပြေ ကန်ကို ရုံးသပြေဟု ခေါ်သည်။ ရုံးသပြေ၏ အရှေ့တောင်ဖက် ဘောချောင်းပေါ်၌ တည်ရှိသော သပြေကန် ကိုမူ၊ ဘော့သပြေကန်ဟု ခေါ်သည်။ ရုံးသပြေကန်မှာ ရေတိုက် စားခြင်းကြောင့် ကမ်းပါးပြို၍ တိမ်ကောသွားရာ ယခု ခရမ်းမြို့ သို့ ရုံးရွေ့ပြောင်း၍ စိုက်သည်။ရွာတည်ရာအရပ်တွင် မြို့ဖျက်ခရမ်းများ ပေါများသဖြင့် ခရမ်းရွာဟု တွင်သည်။ ခရမ်းရွာ၌ ရေတွင်း ချောင်ခရမ်းနှင့် ရွာမခရမ်းဟု အပိုင်းနှစ်ပိုင်းရှိသည်။ ရေတွင်းချောင် ခရမ်းတဲ အုပ်စုကို မွန်လူမျိုး ဦးမောင်၊ ဦးမြတို့ကလည်းကောင်း၊ ရွာမ ခရမ်းဘဲအုပ်စုကို မွန်လူမျိုး ဦးအို၊ ဦးကလေး၊ ဦးအုံး စသည် တို့ကလည်းကောင်း၊ ပင်လယ်တိမ်ကိုင်းတောများကို ခုတ်ထွင် ရှင်းလင်းကာ လယ်လုပ်ရာမှ စတင်တည်ထောင်ခဲ့သည်ဟု ပါးစပ်ပြော အမှတ်အသားရှိသည်။၁၉၂၄၊ ၂၅ ခုနှစ်ခန့်တွင် ခရမ်းတူးမြောင်းကို ဖောက် လုပ်ခဲ့သည်။ ခရမ်းတူးမြောင်းမှာ ပဲခူးမြစ်ကမ်းပေါ်ရှိ ချောင်းဝရွာမှ ခရမ်းမြို့အထိ ၁၈ မိုင်ခန့် ရှည်လျားသည်။ ခရမ်းမှတစ်ဆင့် ပင်လယ်သို့ ပေါက်လေသည်။ ယခုအခါ ထို တူးမြောင်းကို ခရမ်းမြစ်ဟုပင် ခေါ်တွင်လျက်ရှိသည်။ ခရမ်းမြို့နယ်တွင် ယခုအခါ ကျေးရွာပေါင်း ၈ဝ ကျော် ရှိသည်။ မြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၂၄၆ မိုင်ခန့် ဖြစ်၏။ လယ်ယာကိုင်းကျွန်းများကို မှီ၍ သက်မွေးဝမ်းကျောင်းသူ များပြားသည်။ ရှေးက နိုင်ငံခြား ကုမ္ပဏီကြီးများက စပါးဒိုင်များဖွင့်၍ စပါးများကို တိုက်ရိုက် ဝယ်ယူသော ဌာနခွဲတစ်ခု ပဲခူး ဆားသည် ခရမ်းမြို့နယ်နှင့် ကဝမြို့နယ်များမှ အများဆုံးထွက်လေသည်။ ယခုအခါ စပါး လုပ်ငန်း ဆားလုပ်ငန်းများအပြင် မြေပဲစိုက်ခြင်း၊ ကြက်ဘဲ မွေးမြူခြင်း၊ အလုပ်များကိုလည်း ပြုလုပ်ကြသည်။ မြို့ပေါ်တွင် ဆန်စက်နှင့် ဆီစက်များလည်း ရှိသည်။ခရမ်းမြို့နှင့် ပဲခူးမြို့ကို ၁၉၂၈ ခုနှစ်တွင် မီးရထားလမ်း ဖောက်လုပ်ဆက်သွယ်ခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ခရမ်းမြို့၏ တောင်ဖက် ၁၃ မိုင်ဝေးသော သုံးခွမြို့သို့ ဆက်လက် ဖောက် လုပ်ခဲ့သည်။ ရန်ကုန်မြို့မှ ခရမ်းမြို့သို့ နေ့စဉ် မီးသင်္ဘော ကလေးများ၊ မော်တော်လှေများ သွားလာလျက်ရှိသည်။ သို့သော် မြစ်ချောင်းများ ကောသဖြင့် မြို့သို့ အရောက်မသွား နိုင်။ မြို့အနီး ပိန်းကန်ရွာကို သင်္ဘောဆိပ် ပြုလုပ်ထားရသည်။ ခရမ်းမြို့ပေါ်တွင် နိုင်ငံတော်အစိုးရ အထက်တန်းကျောင်း တစ်ကျောင်း ရှိသည်။ ဆေးရုံနှင့် စာတိုက်တို့လည်း ရှိသည်။ မြို့ပေါ်၌ ဘုန်းတော်ကြီးကျောင်း ၁၈ ကျောင်းခန့် ရှိသည်။ ခရမ်းမြို့ပေါ်တွင် သကျမာရဇိန်ဘွဲ့ချီသော သွန်းဘုရားကြီး တစ်ဆူရှိသည်။ ထိုရုပ်တုတော်ကို ခရမ်းမြို့မှ ဦးရွှေဖောင်၊ ဦးဘိုးထိန်းတို့က ကြီးမှူး၍ အများကောင်းမှုဖြင့် တည်ခဲ့သည်။ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်နေ့တွင် ကျင်းပလေ့ ရှိသည်။ ခရမ်းမြို့၏ အနောက်ဘက်ယွန်းယွန်းရှိ ရဲမွန်စေတီနှင့် အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာတွင် တည်ရှိသောကန်ညီ နောင်စေတီတို့မှာ ထင်ရှားသော စေတီပုထိုးများ ဖြစ်ကြသည်။
ထွန်းနိုင်သည်။ [၁]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
ရန်ကုန်တိုင်းဒေသကြီး |
|
မြို့တော် : ရန်ကုန်မြို့
မြို့နယ်ပေါင်း : (၄၆) မြို့နယ် |
|
| အနောက်ပိုင်းခရိုင် (၁၄) မြို့နယ် |
|
 |
|
| အရှေ့ပိုင်းခရိုင် (၇) မြို့နယ် |
|
|
| မြောက်ပိုင်းခရိုင် (၁၁) မြို့နယ် |
|
|
| တောင်ပိုင်းခရိုင် (၁၄) မြို့နယ် |
|
|
| အဓိကမြို့များ |
|
|