ခန်းတောက်ပင်

ဝီကီပီးဒီးယား မှ
Coptis teeta
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
မျိုးစဉ်: Ranunculales
မျိုးရင်း: Ranunculaceae
မျိုးရင်းသေး: Coptidoideae
မျိုးစု: Coptis
မျိုးစိတ်:
C. teeta
ဒွိနာမ
Coptis teeta
Synonyms

Coptis teetoides

ခန်းတောက်မြစ်သည် အစွမ်းထက်သော တိုင်းရင်းပရဆေး တစ်မယ်ဖြစ်သည်။ ခန်းတောက်ပင်သည် ကချင်ပြည်နယ်မြစ်ကြီးနားမြို့၏ မြောက်ဘက်ရှိ ဂျန်အုံးနှင့် စိနပ်တောင်တန်းများ၌ အမြင့်ပေ ၆ဝဝဝ နှင့် ၉ဝဝဝ ကြားတွင် အလေ့ကျပေါက်ရောက်လေ့ရှိသည်။ ယင်းတောင် ထိပ်များသည် ဆီးနှင်းများ၊ ရေခဲများ ဖုံးအုပ်နေပြီး အပူချိန် ၂ဝံမှ ၃ဝံဖာရင်ဟိုက် အထိ အေးသောနေရာများ ဖြစ်ကြသည်။

ခန်းတောက်ပင်သည် အပင်ပျော့မျိုး ဖြစ်သည်။ အပင်သည် ခြောက်လက်မမှ ဆယ်လက်မထိ မြင့်သည်။ အမြစ်မှာ တစ်လက်မမှ သုံးလက်မထိရှည်သည်။ မြေပေါ်ပင်စည်ဟူ၍ မရှိချေ။ အပွင့်၊ အရွက်၊ အသီး၊ အစေ့နှင့် မြေအောက်ပင်စည်ဟုသာရှိသည်။ အမြစ်ဆုံမှ အမြစ်မွှာများထွက်နေပုံမှာ ဂျူးမြစ်နှင့်သဏ္ဌာန် တူသည်။ မြေအောက် ပင်စည်သည် အမြစ်နှင့် ဆင်တူရိုးမှား ရှိနေ၍ အမြစ်နှင့် မြေအောက်ပင်စည်တို့ကိုရောနှောပြီး တစ်ပေါင်းတစ်စည်းတည်း အမြစ်ဟုသာ ခေါ်လေ့ရှိကြလေသည်။


စိုက်ပျိုးရန်နှင့် မျိုးဖြန့်ရာ၌ အစေ့မှ လည်းကောင်း၊ မြေအောက်ပင်စည်နှင့် အမြစ်ဆုံများကို မြေတွင် မြှုပ်၍လည်းကောင်း စိုက်ပေးရသည်။ ခန်းတောက်ပင်၏ သက်တမ်းမှာမြေ ပေါ်တွင် တစ်နှစ်သာရှိသော် လည်း မြေအောက်အမြစ်များမှာ နှစ်ကြာခံအပင်မျိုး ဖြစ်သည်။ အရွက်နုများသည် ဝါဆိုလနှင့် ဝါခေါင်လ များတွင် ထွက်လာကြပြီး တစ်နှစ်ပြည့်ခါ နီးတွင် အပွင့်ပွင့်ခြင်း၊ အသီးသီးခြင်းကိစ္စများ ပြီးဆုံးပြီးနောက် အရွက်များ၊ အရိုးများသည် ရင့်ရော်ကြွေကျ၍ မြေပေါ်၌ ခေတ္တပျောက်ကွယ်သွားလေ့ရှိသည်။ အမြစ်များမှ တစ်ဖန် အပင် သစ်များ ပြန်လည် ပေါက်ပွားလာကြပြန်သည်။

အမြစ်ဟု ယူဆခေါ်တွင်သည့် ဆေးဘက်ဝင်သောမြေအောက်ပင်စည် အစိတ်အပိုင်းမှာ အပြင်ဘက်၌ ညိုဝါရောင်ရှိပြီး နှစ်ပိုင်းချိုးကြည့်ပါက အတွင်းသားသည် ရွှေဝါရောင်ရှိကြောင်း တွေ့ရသည်။ ထို့ကြောင့် ခန်းတောက်မြစ်ကို အင်္ဂလိပ်ဘာသာစကားဖြင့် ရွှေဝါမြစ်ဟု ခေါ်ဆိုကြသည်။ ကချင်စကားဖြင့် နမ်းရင်း၊ ခန္တီးရှမ်းစကားဖြင့် ခန်းတောက်၊ လီဆူးစကားဖြင့် စူကြီး၊ ရဝမ်စကားဖြင့် ရှင်စာ၊ မြန်မာစကားဖြင့် ခန်းတောက်ဟူ၍ ခေါ်ဆိုကြသည်။ ဆေးစွမ်းကောင်း တစ်လက်အနေဖြင့် ၁၇ ရာစုနှစ်ကပင် အရှေ့အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံအချို့တွင် သုံးစွဲသည်။


၎င်းတွင် -

  1. Berberine
  2. Coptine
  3. Coptisine
  4. Jatrorhizine နှင့်
  5. Palmatine ခေါ် အယ်လ်ကလွိုက်ဓာတ် ငါးမျိုးပါဝင်ရာ၌ ဘာဘာရင်း ဓာတ်သည်သာလျှင်ဆေးဝါးအာနိသင် မြောက်သည်ဟု သိရ၏။


ဝီဟီမားဆိုသူ ဓာတုဗေဒပညာရှင်၏ သုတေသနပြုချက်အရ ဘာသာရင်းဓာတ်ပါ ဝင်နှုန်းမှာ ၇ ဒသမ ၁ မှ ၈ ဒသမ ၆ ရာခိုင်နှုန်း ပါရှိသည်ဟု ၁၉၂၉ ခုနှစ်တွင် မှတ်တမ်းတင်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ချာတာဂျီ၏ သုတေသန မှတ်တမ်းတွင် ၉ ရာခိုင်နှုန်းဟူ၍ လည်းကောင်း၊ ၁၉၅၈ ခုနှစ်၌ ချိုပရာ၏မှတ်တမ်းတွင် ၈ ဒသမ ၅ ရာခိုင်နှုန်း ဟူ၍ လည်းကောင်း၊ ၁၉၆၇ ခုနှစ်တွင် ရန်ကုန်မြို့ ဗဟိုသုတေ သနအဖွဲ့မှ ဒေါ်တင်တင်အုန်းနှင့် ဒေါက်တာမောင်မောင်ကလေး တို့၏ သုတေသနမှတ်တမ်းတွင် ကချင်ပြည်နယ် ခေါ်ဘူဒဲဒေသ မှ သက်ရင့်ခန်းတောက်မြစ်များတွင် ၁၄ ရာခိုင်နှုန်းဟူ၍ လည်း ကောင်း၊ ၁၉၇၈ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ရုက္ခ ဗေဒဌာနမှ ဒေါ်ခင်ဝင်းမြင့်၏ ရုက္ခဗေဒ မဟာသိပ္ပံ သုတေသန ကျမ်းတွင် ၃ ဒသမ ၇ ရာခိုင်နှုန်းဟူ၍ လည်းကောင်း တွေ့ရှိရ သည်။ ၁၉၇၈ ခုနှစ်၌ ဂျပန်နိုင်ငံ အစိုးရဌာနမှ ထုတ်ဝေသော ဂျပန်နိုင်ငံဆေးကျမ်းတွင် ခန်းတောက်မြစ်၌ ဘာဘာရင်းဓာတ် ၃.၅ ရာခိုင်နှုန်းထက်မနည်း ပါဝင်ရမည်ဟူ၍ ပြဋ္ဌာန်းထား လေသည်။

ခန်းတောက်မြစ်၏ အစွမ်းထက်မှုကို ကမ္ဘာအရပ်ရပ်မှ သိပ္ပံပညာရှင်များက စုံလင်စွာ မှတ်တမ်း တင်ထားကြသည်။ သို့ရာတွင် ထိုကဲ့သို့ ရောဂါမျိုးစုံကို အမှန်တကယ် နိုင်နင်းခြင်း ရှိမရှိကို ယခုအခါတွင် အတည်ပြု သုတေသနများ ပြုလုပ်လျက် ရှိကြလေသည်။ သုတေသန ပြုစုကြရာ၌ ၁၉၅၂ ခုနှစ်တွင် ဟန် ယွန်ဆူက ခန်းတောက်မြစ်သည် ကာလဝမ်းရောဂါ ဗက်တီးရီး ယား ပိုးကို နိုင်နင်းသည်ဟူ၍ လည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင် မာကာဝီဆိုသူ သုတေသနပညာရှင်က အရေပြားပေါ်တွင် အနာ စိမ်းဖြစ်စေသော ဗက်တီးရီး ယားပိုးကို နိုင်နင်းသည်ဟူ၍ လည်း ကောင်း၊ ချင့်ဆိုသူ ပညာရှင်ကလည်း ဦးနှောက်မြှေးရောင်ရောဂါ ဖြစ်စေသော ဗက်တီးရီးယားပိုးကိုနိုင်နင်းသည်ဟူ၍လည်းကောင်း ၁၉၆၂ ခုနှစ်တွင် ဒတ်တာနှင့်ပင်ဆီဆိုသူ ဆရာဝန်နှစ်ဦးကဝမ်း ရောဂါပိုးများကို ကလိုရမ်ဖီနီကောနှင့် တက်ထရာ ဆိုက်ကရင်း ပဋိဇီဝ ဆေးများထက်ပင် အစွမ်းထက်သည်ဟူ၍ လည်းကောင်း တင်ပြကြလေသည်။ တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံ၌ ခန်း တောက်မြစ်သည် လူတို့အတွက် အထွေထွေ အားတိုးဆေးအဖြစ် လည်းကောင်း၊ အစာကိုခြေနိုင်စွမ်းမရှိသော ရောဂါအတွက်လည်း ကောင်း၊ ဆီးချိုရောဂါအတွက် လည်းကောင်း၊ အဖျားကျဆေး အဖြစ်လည်းကောင်း သုံးစွဲကြသည်ဟုဆိုသည်။ ချန်ချန်နှင့် လိုင် ယင်ဆိုသူ ပညာရှင်တို့က ခန်းတောက်မြစ်သည် သွေးတိုးရောဂါ ကို ကျဆင်းစေသည့်အပြင်ရင်အုံ၌ နာကျင်ပြီးအသက်ရှူ၍လည်း မဝသည့် နှလုံးရောဂါတစ်မျိုးကိုလည်း သက်သာစေသည် ဟုဆို ကြသည်။ ၁၉၄၉ ခုနှစ်တွင် ထုတ်ဝေသော ဗြိတိသျှဆေးကျမ်း၌ ခန်းတောက်မြစ်မှ ထုတ်လုပ်ရရှိသော ဘာဘာရင်း ဆာလဖာတာ ထိုးဆေးအား အရှေ့တိုင်း အနာစိမ်းကို ကုသရန်ပြဋ္ဌာန်းထားလေ သည်။

၁၉၆၄ ခုနှစ်တွင် ဘာဘာရင်းဓာတ်သည် အနာစိမ်း တစ်မျိုးကို ပျောက်ကင်းစေသည်ဟု သုတေသီ တစ်ဦးက တင်ပြ သည်။ ၁၉၆၇ ခုနှစ်တွင် လာဟီရိနှင့် ဒတ်တာတို့က ဘာဘာ ရင်းဓာတ်သည် ကာလဝမ်း ရောဂါကို နိုင်နင်းသည့်အပြင် လူတို့ ၏အူအတွင်း၌ ရောင်ရမ်းနေသော အမှေးပါးများကိုလည်း လျင် မြန်စွာ သက်သာ ပျောက်ကင်းသည်ဟု ဆိုထားကြသည် ၁၉၇၂ ခုနှစ်တွင် ဆေးသုတေသနဦးစီးဌာနမှ ဦးမြင့်ဦး နှင့် ဦးစိန်ဂွမ်တို့က ဘာဘာရင်း ဓာတ်သည် ဝမ်းကိုက်သွေးပါ ရောဂါ ဖြစ်စေသော ပိုးကို နိုင်နင်းကြောင်းဖြင့် သုတေသနစာ တမ်း တင်ပြကြသည်။ ထိုဌာနမှ ဦးမြင့်ဦးနှင့် ဒေါ်ခင်အုန်းလွင် တို့ကပင် ဘာဘာရင်းဓာတ်သည် အမျိုးသမီးများမှ ရိဖြူကျဆင်း သောပိုးကို နိုင်နင်းကြောင်း သုတေသန စာတမ်း တင်ပြကြပြန် သည်။ ၁၉၇၇ ခုနှစ်တွင် အာတာဆိုသူ သိပ္ပံပညာရှင် ကလည်း ခန်းတောက်မှ ဓာတ်ဆားဘာဘာရင်း ဆာလဖိတ်သည် အရောင် အရမ်းကို ကျဆင်းစေသည်ကို တွေ့ရှိလာပြန် သည်။ ထို့ကြောင့် ဘာဘာရင်း ဓာတ်ဆား၊ ဘာဘာရင်း ဟိုက်ဒရို ကလိုရိုဒ်ကို မျက်စဉ်းဆေး အချို့တွင် ထည့်သွင်းသုံးစွဲကြသည်။ မျက်ဆက် မြှေးရောင်ရမ်းနာကို ကုသရန်အတွက်လည်း ညွန်းထားလေသည်။

ပြည်ထောင်စုအတွင်းရှိ တိုင်းရင်း သမားတော်များအနေ ဖြင့် ခန်းတောက်မြစ်ကို သုံးစွဲကြသည်။ ဥပမာ ကချင်ပြည်နယ် တွင် ခန်းတောက်ပြုတ်ရေကို ဗိုက်နာ၊ ဝမ်းကိုက်၊ ဝမ်းဖော၊ ဝမ်း ရောင်၊ ဝမ်းကိုက်သွေး ပါနှင့် အညောင်းအညာ အကိုက်အခဲများ ပျောက်ကင်းစေရန်သာမက ငှက်ဖျားနှင့် ရိုးရိုး အဖျားများကိုကျ ဆင်း စေရန်လည်းသောက်သုံးကြသည်။ မျက်စိနာသောအခါများ တွင် ခန်းတောက်မြစ်ကို သွေးပြီးလူနို့ရည်နှင့်ရော၍ မျက်စဉ်းခပ် ပေးကြသည်။ သွေးထွက်သံယို၊ ထိခိုက်ပွန်းပဲ့၊ သံစူး၊ သံရှအနာ များတွင် ခန်းတောက်မြစ်ကို အမှုန့်ထောင်း၍ သိပ်ပေးကြသည်။

တိုင်းရင်းဆေးကောင်စီမှ သမားတော်ကြီးများ ဖြစ်ကြသော ဦးစံ တင့်၊ ဦးမာဃ၊ ဦးတင်ဦး၊ ဒေါက်တာတင်ဦးနှင့် ဦးခင်မောင်ဝင်း တို့ကလည်း ခန်းတောက်မြစ်အား ဆေးစွမ်းကောင်းတစ်လက် အ နေဖြင့်အသိအမှတ်ပြုကြသည်။ အထူးသဖြင့် ဝမ်းဖော၊ဝမ်းရောင် နှင့် ဝမ်းကိုက်ရောဂါများအတွက် အထူးအသုံးဝင်သော ဆေးတစ် မျိုးဖြစ်လေသည်။

ခန်းတောက်ပင် ပေါက်လေ့ရှိသော နေရာများမှာ တောင်ပေါ်၊ ကုန်းမြေနှင့် တောင်ကမ်းပါးယံများ ဖြစ်သည်။ နိမ့်လွန်းသော မြေကွက်များနှင့် ချိုင့်မြေများတွင် ပေါက်လေ့ မရှိချေ။ မြေကြောကိုလိုက်၍ အုပ်စုငယ်များဖွဲ့၍ ကွက်ကျား ကွက်ကျား ပေါက်ရောက်လေ့လည်း ရှိသည်။ မြေအောက်ပင် စည်သည် မြေအတွင်း ၌ဆိုသော်လည်း မြေကြီးအတွင်းသို့နက် ရှိုင်းစွာ ထိုးဖောက်လေ့ မရှိချေ။ သဲဆန်သောမြေနှင့်မြေဆွေး များကို နှစ်သက်သည်။ ရေဝပ်သော နေရာမျိုးတွင်ရှင်သန်လေ့ မရှိပေ။ ယခုအခါ မြစ်ကြီးနားအနီး ခေါ်ဘူဒဲဒေသတွင် ကချင် လူမျိုးများက ခန်းတောက်ပင်များကို စိုက်ပျိုးကြပြီး ခန်းတောက် မြစ်များကို တူးဖော်ရောင်းချကြသည်။ ဤပရဆေးမှာဈေးကောင်း ရသော ကချင်ပြည်နယ်မှ ထွက်ကုန်ပစ္စည်းဖြစ်၍ ပူတာအိုနှင့်မြစ် ကြီးနားတို့မှ တစ်ဆင့် ပြည်ထောင်စုအတွင်းသို့ လည်းကောင်း၊ နိုင်ငံခြားမှ ပရဆေးကုန်သည်များလက်သို့လည်းကောင်း ဖြန့်ဖြူး ရောင်းချလေ့ ရှိသည်ကို တွေ့ရလေသည်။

အသက်နု မြေအောက်ပင်စည်ရှိ အမြစ်များတွင် အာနိ သင်နည်းသည်။ သုံးနှစ်ကျော်သောအပင်များ သို့မဟုတ်ထို့ထက် အသက်ရင့်သောအပင်များမှ မြေအောက်ပင်စည်များသည်သာလျှင် အာနိသင်ပြည့်ဝသည်။ ဘာဘာရင်းဓာတ် အနည်းဆုံး ၃ ဒသမ ရာခိုင်နှုန်းပါဝင်မှသာ ဆေးဝါးအာနိသင်မှီသည်ဟုဆို နိုင်သည်။ အမြစ်အစစ်အမှန်များကို ဖယ်ရှားထားသော မြေအောက် ပင်စည် ကိုသာလျှင် ပရဆေးဟုခေါ်ဆိုနိုင်သည်။ သေးငယ်သော အမြစ် များနှင့် ပြည့်နှက်နေသော အမြစ်ခေါ် မြေအောက်ပင်စည်များ သည် မမှီဝဲအပ်သော ခန်းတောက်မြစ်ဟုယူဆထားသည်။ ဥပမာ မီးခြစ်ဆံအလုံးထက်ကြီးသော အမြစ်ခေါ် မြေအောက်ပင်စည်ကို သာ သုံးစွဲ မှီဝဲသင့်သည်။ ထို့ထက်သေးငယ်ပါက၊ အာနိသင် နည်းသည်ဖြစ်၍ မှီဝဲခြင်းမပြုအပ်ဟု ဆိုထားလေသည်။ [၂]

ပုံသဏ္ဌာန် : အပင် နှစ်ကြာခံပင်စည်မဲ့ ပင်ပျော့မျိုးဖြစ်သည်။ ဍရင်ကောက် အပင်ငယ်မျိုးနှင့်တူသည်။ အရွက် လက်ဝါး ရွက်ပေါင်းဖြစ်သည်။ အရွက် ပြောင်ချောသည်။ ရွက်ညှာ ၆-၁၂ လက်မရှည်သည်။ ရွက်နားဟိုက်၍ အတွန့်များပါရှိသည်။ အပွင့် ပန်းပွင့်အလွန်သေး၍ စိမ်းသည်။ ကဆုန်၊နယုန်တွင် ပွင့်သည်။ အမြစ် အမြစ်သည် မြေတွင် တွားသွားသည်။ အမျှင်နှင့် သားတက်ဥ များရှိသည်။ သားတက်များသည် ရွှေဝါရောင်ရှိ၍ အသားထူသည်။ အရသာအလွန် ခါးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : မြစ်ဥ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : အရှေ့မြောက်ပိုင်း ပေ ၈၀၀၀ ကျော် အမြင့် တွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာ၀အလျောက်ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်းများအလိုအရ မြစ်ဥသည် ခါး၏။ ဝမ်းတွင်းသို့ရောက်သောအခါ ပူ၏။ ဝမ်းကို သက်စေ၏။ ဝမ်းမီးကိုတောက်စေ၏။ အစာကို ကြေစေ၏။ ရက်ကြာအဖျားရောဂါကို နိုင်၏။ ငှက်ဖျားရောဂါ၌ အထူးအသုံးဝင်၍ အလွန်ပူပြင်း သော အဖျား ကျ၍ အပူကိုလျင်စွာ လျော့နည်းစေ၏။ အားကိုတိုးစေ၏။ အသုံးပြုပုံ- မြစ်ဥ ၁။ ခန်းတောက်မြစ်၊ ငရုတ်ကောင်းတို့ကို ညက်အောင် ကြိတ်၍ ပဲစေ့မျှလုံးထားပြီး နံနက် ည တစ်လုံးစီ သောက်သော် သလိပ်၊ချောင်းဆိုး၊ပန်းနာရင်ကျပ် ရောဂါပျောက်၏။ ၂။ ခန်းတောက်မြစ်မှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ဘောက်ခွေးရွက် ညှစ်ရည်ဖြင့် ကြိတ်၍ ငရုတ်ကောင်းစေ့ခန့်လုံးပြီး နံနက် ည ၂ လုံးစီသောက်သော် ရေဖျဉ်းရောဂါ၊အစာအိမ်သစ် အားနည်းသော ရောဂါနှင့် သလိပ်ကြောင့်ဖြစ်သော ဝမ်းပျက်ရောဂါ၊ ဝမ်းကိုက်ရောဂါ ပျောက်စေ၏။ ၃။ ခန်းတောက်မြစ်ကို တောအရက်နှင့် စိမ်သောက်သော်ငှက်ဖျားရောဂါပျောက်၏။ ၄။ ခန်းတောက်မြစ်ကို ပျစ်ပျစ်သွေး၍ မျက်စိတွင်ကွင်းပေး သော် မျက်စိနာခြင်းနှင့် မျက်စိ၌ဖြစ်သောရောဂါများပျောက်၏။ ၅။ ခန်းတောက်မြစ်အနည်းငယ်ကို ရှားစောင်းကြီးအစေးသို့မဟုတ် မရိုးစေးဖြင့် ကြိတ်၍ မြွေကိုက်သော နေရာ ကိုလိမ်းပေးပြီး ခန်းတောက်မြစ်အနည်းငယ်နှင့် မအေးခြင်ထောင်ဥ အနည်းငယ်တို့ကို ငရုတ်ကောင်းနှင့် ကြိတ်သောက်သော် မြွေဆိပ်ပြေ၏။ ၆။ ခန်းတောက်မြစ် တစ်ရွေးသား လေးညှင်းတစ်ပွင့် ငရုတ်ကောင်း တစ်စေ့တို့ကိုမိခင်နို့နှင့် သွေးတိုက် သော် ကလေးများအဆုပ်ရောင်ရောဂါ ပျောက်၏။ ၇။ ခန်းတောက်မြစ်၊ရွှေတံတိုင်းမြစ်ခေါက်နှင့် ဘောက်ခွေးမြစ်ခေါက်တို့ကို အမျှယူ၍ အမှုန့်ပြုပြီး အခိုးအဖြစ် ရှူပေးသော် ပန်းနာ ရင်ကျပ်ရောဂါနှင့် ချောင်းဆိုး ရောဂါပျောက်၏။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Coptis teeta (16 July 2014)။ 12 July 2022 တွင် ပြန်စစ်ပြီး။
  2. စွယ်စုံကျမ်းနှစ်ချုပ်၊ ၁၉၈၀
  3. http://arogyamonline.com/commodity/materials/?raw=67[လင့်ခ်သေ]