ကွီဗက်ပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကွီဗက်ပြည်နယ်[ပြင်​ဆင်​ရန်​]

ကွီဗက်သည် ကနေဒါဒိုမီနီယန်နိုင်ငံတွင် ပါဝင်သော ပြည်နယ်များအနက် အကြီးဆုံးဖြစ်၍ ကနေဒါနိုင်ငံ အရှေ့ မြောက်ဖက်ပိုင်းတွင် တည်ရှိသည်။ ကွီဗက်ပြည်နယ်၏ အနောက်ဖက်နှင့် အနောက်တောင်ဖက်တို့၌ အွန်တေးရီးယိုး ပြည်နယ်နှင့် ဟဒ်ဆန်ပင်လယ်အော်၊ မြောက်ဖက်၌ ဟဒ်ဆန် ရေလက်ကြားနှင့် အန်ဂေဗာပင်လယ်အော်၊ အရှေ့ဖက်၌ လားဗရာဒေါနှင့် တောင်ဖက်၌ နယူးဗရန်ဇွစ် ပြည်နယ်၊ မိန်းပြည်နယ်တို့ဖြင့် နယ်နိမိတ်သတ်ထားလေသည်။ နယ်၏ အကျယ်အဝန်းမှာ ကနေဒါတစ်နိုင်ငံ လုံး၏ ၆ ပုံ တစ်ပုံခန့် ရှိ၍ စတုရန်းမိုင်ပေါင်း ၅၉၄၈၆ဝ ရှိလေသည်။ ကွီဗက်ပြည်နယ်၏ သမိုင်းသည် ၁၅၃၅ ခုနှစ်တွင် ဇက်ကာတိယေးဆိုသူ စိန်လော့ရင့်မြစ်ဝကို ဝင်ရောက်သည့် အချိန်မှ အစပြုခဲ့၏။


ထို့နောက် ၁၆ဝ၈-ခုနှစ်တွင် ရှမ်ပလန်ဆိုသူ သည် ကွီဗက်မြို့ကို စတင်တည်ထောင်ခဲ့သည်။

ကွီဗက်ပြည်နယ်သည်နှစ်ပေါင်း ၁၅ဝ ကျော်မျှ ပြင်သစ်လက် အောက်ခံအဖြစ် နေခဲ့၏။ သို့ရာတွင် ၁၇၅၆ ခုနှစ်၌ ခုနစ် နှစ်စစ်ပွဲဖြစ်ပွားသော အခါ အင်္ဂလိပ်တပ်များက ကွီဗက်မြို့ကို ပြင်သစ်တို့လက်မှ ၁၇၅၉ ခုနှစ်တွင် သိမ်းယူခဲ့လေသည်။

ကွီဗက်ပြည်နယ်တွင် နေထိုင်သူများသည် များသော အားဖြင့် ကနေဒါနိုင်ငံဖွား ပြင်သစ်အမျိုးသားများ ဖြစ်ကြ သည်။ ခရစ်ယန်သာသနာ ဗရင်ဂျီဂိုဏ်းဝင်များ ဖြစ်ကြပြီးလျှင် ပြင်သစ်စကားကို ပြော၍ ပြင်သစ် ဓလေ့ထုံးစံများကို လိုက်နာ ကြလေသည်။ ကွီဗက်ပြည်နယ်သည် ပြင်သစ်လက်အောက်တွင် နှစ်ပေါင်းများစွာ နေခဲ့ရသဖြင့် မည်သည့်နေရာ၌မဆို လွန်ခဲ့ သည့် နှစ်ပေါင်း ၂ဝဝ ကျော်လောက်က ပြင်သစ်လူမျိုးများ ဝတ်ဆင်လေ့ရှိခဲ့သော ကိုယ်ရုံများကို ဆင်မြန်းထားသည့် ဘုန်းကြီးများနှင့် မယ်သီလများကို တွေ့ရမည် ဖြစ်၏။ သာသနာရေးကျောင်းများတွင် ကျောင်းသားများသည် ယခု ထက်တိုင် အပေါ်ဝတ်ရုံရှည်ကို အဖြူကွပ်၍ ခါးပတ်အစိမ်း ပတ်ကာ ဝတ်ဆင်ကြလျက်ပင် ရှိကြသေးသည်။ မြို့ကြီးပြကြီး များ၌ ခေတ်မှီမော်တော်ယာဉ် အမျိုးမျိုးရှိသော်လည်း ရှေးခေတ် က အသုံးပြုလေ့ရှိသည့် လှပပေါ့ပါးသော ရထားများနှင့် ဆောင်းရာသီသုံး စွတ်ဖားများကိုလည်း ယခုတိုင် တွေ့ရှိနိုင်ပေ သည်။ ကွီဗက်ပြည်နယ်ရှိ တောင်သူလယ်သမားတို့သည် သူတို့ ၏ ဘိုးဘေးများကဲ့သို့ပင် ရှေးရိုးအဝတ်အစားများ ဆင်မြန်းကြ သည်ကို ယခုထက်တိုင် တွေ့မြင်နိုင်ပေသေးသည်။ ကွီဗက်ပြည်နယ်မှာ ပြင်သစ်နိုင်ငံထက်ကြီး၍ ဟဒ်ဆန် ပင်လယ်အော်မှ အရှေ့ဖက်အတ္တလန္တိတ် သမုဒ္ဒရာအထိ ကျယ်ပြန့်လေသည်။ ၁၉၁၂ ခုနှစ်တွင် အနန်ဂေဗာနယ်ကြီးကို သိမ်းပိုက်လိုက်သည့်အချိန်အခါမှစ၍ ကွီဗက်ပြည်နယ်၏ အကျယ်အဝန်းမှာ ပြင်သစ်၊ ဗဲလဂျီယမ်၊ စပိန်၊ နော်ဝေး၊ ဆွီဒင်နိုင်ငံများ စုစုပေါင်း အကျယ်အဝန်းနီးပါးမျှ ကျယ်ပြန့် လာခဲ့သည်။ ဤမျှကျယ်ပြန့်သော ပြည်နယ်ကြီး၌ အပူရှိန်သည် တစ်နေရာနှင့် တစ်နေရာ များစွာ ကွာခြားလျက်ရှိ၏။ သို့ရာ တွင် တစ်နယ်လုံးကို ခြုံကြည့်မည်ဆိုသော် ရာသီဥတုမှာ ကျန်းမာရေးနှင့် ညီညွတ်၏။ ဆောင်းရာသီမှာ လွန်စွာချမ်းအေး လှ၍ တာရှည်သော်လည်း ခြောက်သွေ့သော လေတိုက်ခတ်ခြင်း ကြောင့် မပြင်းထန်လှချေ။

ကွီဗက်ပြည်နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းသည် အဓိက လုပ်ငန်းကြီး ဖြစ်၏။ စိမ်းစိုသာယာသော လယ်ကွင်းများသည် ပြည်နယ်၏ကျက်သရေကို ဆောင်နေဘိသကဲ့သို့ ရှိလေသည်။ မြေဩဇာထက်သန်သည့် ဒေသများတွင် ကနေဒီယန်တောင်သူ လယ်သမားများသည် အာလူး၊ ဂျုံ၊ မုယောနှင့် ပြောင်းဖူးများကို ထွန်ယက် စိုက်ပျိုးကြသည်။ သစ်သော့သီး၊ ပန်းသီး စသော သစ်သီးများကိုလည်း စိုက်ပျိုးကြ၏။ အရှေ့ဖက်ကျသော ဒေသ များတွင် နွားမွေးမြူခြင်းလုပ်ငန်းကို လုပ်ကိုင်ကြသဖြင့် ထို ဒေသများမှ ထောပတ်၊ ဒိန်ခဲ စသည်တို့ အမြောက်အမြား ထွက်လေသည်။ တံငါလုပ်ငန်းများမှာလည်း အရေးပါသော လုပ်ငန်း ဖြစ်ပေသည်။ စက္ကူလုပ်သော သစ်သားများမှာ ကနေဒါနိုင်ငံတွင် ကွီဗက်ပြည်နယ်မှ အများဆုံးထွက်သည်။ ကွီဗက်ပြည်နယ်ရှိ သစ်တောများ၏ ဧရိယာအကျယ်အဝန်း မှာ စတုရန်းမိုင်ပေါင်း ၂၆၄၁၅ဝ ဖြစ်၍ အချို့သစ်တောများကို ဗြိတိသျှတို့က ပိုင်ဆိုင်ကြ၏။ ပေါက်ရောက်သော သစ်ပင် အမျိုးအစားများအနက် အချို့မှာ စပရုထင်းရှူး၊ ဆီဒါထင်းရှူး၊ ထင်းရှူးဖြူ၊ ထင်းရှူးနီ၊ အက်ရှပင်၊ မေပယ်ပင်၊ ချယ်ရီပင်၊ ဗောလဆမ်ဖား ပင်နှင့် ပေါ်ပလာပင်တို့ ဖြစ်လေသည်။ သို့ဖြစ် ရာ သစ်လုပ်ငန်းသည် ကွီဗက်ပြည်နယ်တွင် ဒုတိယအရေးကြီး ဆုံး လုပ်ငန်းဖြစ်လေသည်။ ဓါတ်သတ္တုတူးဖော်ရေးလုပ်ငန်း သည်လည်း တဖြည်းဖြည်း တိုးတက်လျက်ရှိ၏။ ဤပြည်နယ်မှ ထွက်သော သတ္တုအချို့မှာ သံ၊ ကြေးနီ၊ ဘော်၊ ခဲမဖြူ စသည် တို့ ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် အသုံးပြုသော ကျောက်ဂွမ်း များ၏ သုံးပုံနှစ်ပုံမှာ ကွီဗက်ပြည်နယ်မှ ဖြစ်လေသည်။

ကွီဗက်ပြည်နယ်၏ အဓိကထွက်ကုန်များမှာ ကျောက်ဂွမ်း၊ ကြေးနီ၊ ရွှေ၊ ခဲမဖြူ၊ သွပ်၊ လချေး၊ ခဲပုပ်၊ ဂျုံ၊ မြင်းစားဂျုံ၊ မုယော၊ အာလူး၊ ပြောင်းဖူး၊ သစ်၊ စက္ကူ၊ ဆေးရွက်၊ ဆေးလိပ် စသည်တို့ဖြစ်၏။ ထိုကုန်များကို ကွီဗက်၊ မွန်းထရီးအောနှင့် ဗားဒန်းမြို့တို့မှ တင်ပို့ကြ၏။ ကွီဗက်ပြည်နယ်ရှိ မြို့ကြီးများမှာ ကွီဗက်မြို့၊ မွန်းထရီးအောမြို့နှင့် ဗားဒန်းမြို့များ ဖြစ်သည်။ မွန်းထရီးအောမြို့မှာ အကြီးဆုံးဖြစ်၍ လူဦးရေ ၁ဝ၂၁၅၂ဝ ယောက်ရှိသည်။ မြို့တော်မှာကား ကွီဗက်မြို့ဖြစ်၍ လူဦးရေ ၁၆၄ဝ၁၆ ယောက် ရှိသည်။ စိန်လောရင့်မြစ်၏ လက်ဝဲဖက် ရှိ ဒိုင်းမွန်းအငူပေါ်တွင် တည်ထား၍၊ မြို့ကြီးများ၊ ရှေးဆန် သော အဆောက်အုံများနှင့် ကျောက်လုံးခင်းသောလမ်းများ ရှိခြင်းကြောင့် လွန်ခဲ့သည့်နှစ် ၅ဝဝ ကျော် ၆ဝဝ ခန့်က ပြင်သစ်နိုင်ငံနှင့် တူလေသည်။ ကွီဗက်မြို့ကို အထက်မြို့၊ အောက်မြို့ဟူ၍ ၂ ပိုင်း ခွဲထား၏။ အထက်မြို့တွင်ကား ခေတ်မီသောအိမ်ယာ တိုက်တာ အဆောက်အအုံများ ရှိလေ သည်။ ထိုအဆောက်အအုံများတွင် အထင်ရှားဆုံးမှာ ပါလီမန် လွှတ်တော်နှင့် အစိုးရအဆောက်အအုံများပင် ဖြစ်၏။ မြောက် အမေရိကတိုက်တွင် အလှပဆုံးမြို့တစ်မြို့ ဖြစ်လေသည်။ [၁] ကွီဗက်ပြည်နယ်ရှိ ပြင်သစ်နွယ်ဖွားတို့အနေဖြင့် ကနေဒါနိုင်ငံမှ ခွဲထွက်ကာ တိုင်းပြည်သစ်ထူထောင်နိုင်ရန် လူထုဆန္ဒမဲခွဲခြင်းအားဖြင့် ကြိုးပမ်းခဲ့သော်လည်း ပြည်နယ်အတွင်းရှိ ပြင်သစ်နွယ်ဝင်မဟုတ်သော အခြားလူမျိုးစုများအား စည်းရုံးဆွဲဆောင်နိုင်ခြင်း မရှိသဖြင့် ယနေ့တိုင်အောင်မြင်ခြင်းမရှိသေးပေ။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)