ကွမ်းလုံကူးတို့ဆိပ်

ဝီကီပီးဒီးယား မှ

ကွမ်းလုံကူးတို့ဆိပ်မှာ မြန်မာနိုင်ငံ၏ အရှေ့ဘက်တံခါးပေါက် တခုအဖြစ် ရှေးနှစ်ပေါင်းများစွာကပင် ထင်ရှားခဲ့သည်။ မြန်မာ-တရုတ်ယဉ်ကျေးမှု လဲလှယ်ရေးများကို ဤကွမ်းလုံကူးတို့ဆိပ်မှ ကျေးဇူးပြုခဲ့သည်။ တရုတ်မြန်မာ စစ်ပွဲကြီးများ ဖြစ်ပွားစဉ်ကလည်း ဤကူးတို့ဆိပ်မှာ အထူးအရေးပါအရာရောက်ခဲ့သည်။ ဆင်ဖြူရှင်မင်း လက်ထက်တွင် ဖြစ်ပွားသော မြန်မာများက အင်အားကြီးမားသော တရုတ်စစ်သည်တို့ကို အောင်မြင်နိုင်ခြင်းအကြောင်းတရပ်မှာ မြန်မာတို့က ကွမ်းလုံကူးတို့ဆိပ်မှနေ၍ တရုတ်ရိက္ခာထောက်များကို ဖြတ်တောက်တိုက်ခိုက်နိုင်သောကြောင့် ဖြစ်သည်။

တည်နေရာနှင့် ပထဝီအနေအထား[ပြင်ဆင်ရန်]

ကွမ်းလုံကူးတို့ဆိပ်မှာ သံလွင်မြစ်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုကူးတို့ဆိပ်သို့ မန္တလေးမြို့မှ မြစ်ငယ်မြစ်စဉ် လမ်းကြောင်းစဉ်အတိုင်း သွားရောက်နိုင်သည်။ သို့မဟုတ်ခဲ့လျှင် မန္တလေးမြို့မှ လားရှိုးမြို့သို့ မီးရထားစီးပြီးလျှင် လားရှိုးမြို့မှ မြစ်ငယ်မြစ်ဝှမ်းကို ဖြတ်၍ ကုန်းလမ်းခရီးဖြင့် ကွမ်းလုံကူးတို့ဆိပ်သို့ ရောက်နိုင်သည်။ လားရှိုးနှင့် ကွမ်းလုံကူးတို့ဆိပ်မှာ ၉၈ မိုင်ခန့် ကွာဝေးသည်။ လာရှိုးမှ ရှေးဦးစွာ ၂၅ မိုင်ခန့်ဝေးသော မိုင်းယောစခန်းသို့အရောက် သာမန်မြေပန်ခရီးဖြင့် သွားနိုင်သည်။ မိုင်းယောမှ ကွမ်းလုံကူးတို့ဆိပ်အထိ ၆၇မိုင်ခရီးမှာ တောင်ပေါ်လမ်းကျဉ်းမျှသာဖြစ်သဖြင့် လားဝန်တင်များဖြင့် သွားလာလေ့ရှိကြသည်။ ကွမ်းလုံကူးတို့ဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်နယ်စပ်သို့ ၁၅ မိုင်မျှသာ ဝေးလေသည်။

သံလွင်မြစ်ကို ကွမ်းလုံကူးတို့ဆိပ်မှ ဖြတ်ကူးရာတွင် လက်ျာကမ်းပါးထက် လက်ဝဲကမ်းပါးက ပိုမိုမြင့်မားမတ်စောက်သည့်ပြင့် ကျောက်များ ထူထပ်သဖြင့် အဆင်းအတက်များတွင် အထူးအခက်တွေ့ရသည်။ သံလွင်မြစ်ထဲသို့ တရုတ်ပြည်ဖက်မှ စီးဆင်းလာသော နံတင်ဟို မြစ်အဝတွင် ကျွန်းငယ်ကလေးတစ်ခု ထွန်းလျက်ရှိသည်။ ရှေးမြန်မာမင်းများလက်ထက်က အကောက်တော်ဌာနကို ဤကျွန်းပေါ်တွင် ထားရှိလေသည်။ ဤကူးတို့ဆိပ်ကို မှီ၍ သံလွင်မြစ်၏ အရှေ့ဘက်ကမ်းအနောက်ဘက်ကမ်း ကုန်းမြင့် မြေညီများပေါ်တွင် ကူးတို့ဆိပ်ရွာကလေး ပေါ်ပေါက်ခဲ့သည်။ ရွာကလေးများသည် ဈေးနေ့မဟုတ်လျှင် ခြောက်သွေ့လျက် ရှိသည်။

လူမျိုးနှင့် စီးပွားရေး[ပြင်ဆင်ရန်]

ကွမ်းလုံကူးတို့ဆိပ်အနီးအနားတွင် နေထိုင်ကြသူများမှာ အများအားဖြင့် ရှမ်းလူမျိုးများ ဖြစ်၍ ကချင်လူမျိုးနှင့် တရုတ်လူမျိုးများလည်း အနည်းငယ်စီ ရှိကြသည်။ သံလွင်မြစ်ကမ်းပါးပေါ်တွင် ရှမ်းလူမျိုးများက ဆန်စပါးများကို ရေမြောင်းသွယ်၍ စိုက်ပျိုးကြသည့်ပြင် ဆောင်းရာသီ၌လည်း မုရင်းစပါးနှင့် ကြံများကိုလည်း စိုက်ပျိုးကြသည်။ ဆင်ခြေလျောတောင်ကမ်းပါးယံများတွင် နာနတ်ပင်များ စိုက်ကြသည်။ ဈေးနေ့များတွင် မြန်မာနိုင်ငံ ထွက်ကုန်များအပြင် တရုတ်နိုင်ငံမှ လာသော ပိုးထည်များ၊ မြက်ဦးထုပ်များ၊ ဖိနပ်များ၊ အထည်အလိပ်များနှင့် အခြားအိမ်သုံးပစ္စည်းများကိုလည်း ရောင်းဝယ်ကြသည်။

ကွမ်းလုံကူးတို့ဆိပ်တွင် မြန်မာနိုင်ငံတော်အစိုးရက အကောက်အရာရှိနှင့် လူဝင်မှု ကြီးကြပ်ရေးအရာရှိများ ခန့်ထား၍ စစ်ဆေးလျက်ရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွမ်စုံကျမ်း၊အပိုင်း-ခ၊ အတွဲ-၂