ကွန်းရက်၊ ဂျိုးဇက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျိုးဆက် ကွန်းရက်

ကွန်းရက် ဂျေ (ခရစ် ၁၈၅၇-၁၉၂၄)[ပြင်​ဆင်​ရန်​]

နာမည်ကျော် အင်္ဂလိပ်စာရေးဆရာတစ်ယောက်ဟူ၍ အသိအမှတ် ပြုခြင်းခံရသော ဂျိုးဇက်ကန်းရက်သည် ပိုလန်ပြည်သား ဖြစ်ပေသည်။ သူ၏အမည်ရင်းမှာ တီယိုဒေါ ဂျိုးဇက် ကွန်းရက်ကော်ဇင်းနီယိုစကီ ဖြစ်၏။ သူ့ဖခင်မှာ ပိုလန် တော်လှန်ရေးသမား တစ်ယောက် ဖြစ်ရကား ကွန်းရက် မှာ ရှုပ်ထွေးလှသော နိုင်ငံရေးသမားများ၏ လောကအလယ် တွင် ကြီးပြင်းလာခဲ့ရသည်။ ပိုလန်ပြည်သည် ကုန်းတွင်းပိုင်း ကျရောက်သောပြည် ဖြစ်သည်။ သို့သော် ကွန်းရက်တွင် ငယ်စဉ်ကတည်းက ပင်လယ်သို့ ခရီးထွက်လိုသည့်ဆန္ဒ တဖွား⁠ဖွား ပေါ်ပေါက်ခဲ့သည်။ သူသည် ပိုလန်ဘာသာသို့ ပြန်ဆို ရေးသားထားသော ရှိတ် စပီးယား၊ ဒစ်ကင်း၊ ဟျူးဂိုး၊ မဲရီးယတ်နှင့် ကူးပါးတို့၏ ပြဇာတ်နှင့် ဝတ္ထုများကို ဖတ်ရှု ခဲ့ရာမှ ပင်လယ်သို့ ခရီးထွက်လိုသည့် ဆန္ဒများ ပေါ်ပေါက်လာ ခဲ့သည်ဟု ဆို၏။

ဤသို့ဖြင့် ကွန်းဂရက်သည် အသက် ၁၇ နှစ်အရွယ်တွင် ပြင်သစ်လူမျိုးပိုင် သင်္ဘောတစ်စင်း၌ သင်္ဘောသားအဖြစ် လိုက်ပါခဲ့သည်။ ၃ နှစ်ကြာပြီးနောက် သူသည် အင်္ဂလိပ် ကုန် သင်္ဘောတစ်စင်းသို့ ကူးပြောင်းသည်။ ၁၈၉၄ ခုနှစ်အထိ နှစ်ပေါင်း ၂ဝ မျှ ပင်လယ်ခရီးဖြင့် ကမ္ဘာအရပ်ရပ်သို့ လှည့် လည် ရောက်ရှိခဲ့ရာ၊ နောက်ဆုံး၌ သင်္ဘောကပ္ပီတန်ရာထူးကိုပင် ရရှိခဲ့သည်။ မလ္လာယုကျွန်းဆွယ်၊ အာဖရိကတိုက် အစရှိသော ဒေသများသို့လည်း ရောက်ရှိခဲ့သည်။ နှစ်ပေါင်း ၂ဝ အတွင်း ရရှိခဲ့သော အတွေ့အကြုံ ဗဟုသုတများကို သူသည် စေ့စုံစွာ မှတ်ထားခဲ့လေသည်။

ကွန်းရက်သည် အသက် ၂၁ နှစ်အရွယ်တွင် အင်္ဂလန်နိုင်ငံ သို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်က၊ အင်္ဂလိပ်စကား တစ်လုံးမျှ မတတ်သေးချေ။ သို့သော် အင်္ဂလန်နိုင်ငံကို ခင်တွယ်သူတစ်ယောက် ဖြစ်သဖြင့် အင်္ဂလိပ်စာနှင့် စကားကို အထူးပင် လေ့လာခဲ့ပေသည်။ ၁၈⁠၈၄ ခုနှစ်တွင် ဗြိတိသျှ နိုင်ငံသားအဖြစ် ခံယူလေသည်။

ကွန်းရက်သည် လန်ဒန်မြို့၌ နေထိုင်လျက်ရှိစဉ် သာသာ သော ဆောင်းဦးပေါက်ရာသီ နေ့တစ်နေ့တွင် မလေးရှားကျွန်း ဆွယ်၌ တွေ့ခဲ့ရသော အယ်လမေးယားဆိုသူ၏ အကြောင်းကို တွေးမိ၍ အပျင်းဖြေသဘောနှင့် အယ်လမေးယားဖော်လီခေါ် (အယ်လမေးယား၏ အရွှမ်းများ) ဝတ္ထုတစ်ပုဒ်ကို စတင် ရေးသားခဲ့လေသည်။ ထိုအချိန်တွင် ကွန်းရက်၏အသက်မှာ ၃၂ နှစ်မျှ ရှိနေလေပြီ။ ၁၈၉၅ ခုနှစ်တွင် ကွန်းရက် အဦးဆုံးရေးခဲ့ သော ထိုအယ်လမေးယားဖေါ်လီဝတ္ထုကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထို့နောက် ကွန်းရက်သည် အောက်ပါဝတ္ထုများကို ဆက် လက်၍ ရေးသားပုံနှိပ်ထုတ်ဝေခဲ့၏။ ယင်းတို့မှာ နစ်ဂါးအေ့သီ နာစစ်ဆပ် (၁၈၉၈)၊ လော့ဂျင် (၁၉ဝဝ)၊ ယု(လူငယ်) (၁၉ဝ၂)၊ တိုင်ဖွန်း (လေမုန်တိုင်း) (၁၉ဝ၃) နော့စထရိုမို (၁၉ဝ၄) စသော စာအုပ်များ ဖြစ်သည်။ ၁၉ဝ၆ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသော မီရာအော့သီဆီး (ပင်လယ်ကြေးမုံ) စာအုပ်တွင် ကွန်းရက်သည် သူ၏အကြောင်းများကို ရေးသား ထားလေသည်။ ဆီးကရက်အေးဂျင့် (အထောက်တော်) (၁၉ဝ၇)၊ ချန့်(အခွင့်အရေး) (၁၉၁၄)၊ ဗစ်ထရီ (အောင်မြင်ခြင်း) (၁၉၁၅)၊ သရိုဗာ (လှည့်လည်သူ) (၁၉၂၃)တို့မှာ ဂျိုးဇက်ကွန်းရက် ရေးခဲ့သော အခြားဝတ္ထုများ ဖြစ်လေသည်။ နောက်ဆုံးရေးခဲ့သော ဆပ်ဆပင့်ဝတ္ထုမှာ တစ်ပိုင်းတစ်စ ဖြစ်၏။ သူ၏ဝတ္ထုများမှာ ပင်လယ်ပြင်တွင် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကို ရေးသားထားသော ဝတ္ထုများ ဖြစ်သည်။ သူအင်္ဂလိပ် စာရေးဆရာအဖြစ် အောင်မြင်မှုမှာ ထူးခြားသည်ဟု ဆိုရပေမည်။ အကြောင်းကား အသက် ၂ဝ အရွယ်ခန့်အထိ အင်္ဂလိပ်စာတစ်လုံးမျှမတတ်ဘဲ ရှိနေပြီးမှ အသက် ၄ဝ အရွယ် တိုင်အောင် စာအနည်းအကျဉ်းမျှလောက်သာ ရေးသားခဲ့သောကြောင့် ဖြစ်သည်။

ဂျိုးဇက်ကွန်းရက်သည် ၁၈၅၇ ခု ဒီဇင်ဘာလ ၆ ရက်တွင် ယူကရိန်းနယ်၌ ဖွားမြင်ခဲ့၍ ၁၉၂၄ ခု ဩဂုတ်လ ၄ ရက်တွင် အင်္ဂလန်နိုင်ငံ ကန်တာဗာရီမြို့၌ ကွယ်လွန်လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)