ကြာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကြာ
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Plantae
မျိုးပေါင်းစု Magnoliophyta
မျိုးပေါင်း Magnoliopsida
မျိုးစဉ် Nymphaeales
မျိုးရင်း Nymphaeaceae
မျိုးစု Nymphaea
မျိုးစိတ် Nymphaea rubraNymphaea albaNymphaea stellata


ကြာပင်သည် 'နင်ဖီအေးစီး'မျိုးစဉ်တွင် ပါဝင်သည်။ ရေ၌ပေါလောပေါ်ပေါက်၍ အပွင့်ပွင့်သော အပင်မျိုး အားလုံး မှာ နင်ဖီအေးစီးမျိုးစဉ်ဝင်အပင်များ ဖြစ်သည်။ ကြာပင်သည် ရေကန်အင်းအိုင်များတွင်၄င်း။ ချောင်းရိုး ကမ်းစပ်များတွင်၄င်း ပေါက်ရောက်သည်။ အမြစ်များမှာ ပွ၍ ရွံ့ညွန်များကို ကုပ်တွယ်ထားသည်။ ကြာရွက်ဝိုင်းများသည် ရေပေါ်တွင် အမြဲ ပေါ်လျက်ရှိသည်။ ကြာပွင့်များသည် ကြာရွက်ဝိုင်းများ အကြား မှ ငွါးငွါးစွင့်စွင့် ရေပြင်ပေါ်တွင် ပွင့်ကြသည်။ ပွင့်ညှာတစ်ခု အဖျားတွင် များသောအားဖြင့် ကြာပွင့်တစ်ပွင့်သာ ပွင့်သည်။ ပွင့်ညှာတွင် အရွက်များ လုံးဝမပေါက်ချေ။

ကြာပွင့်တစ်ပွင့်တွင် ပွင့်ချပ်နှင့် ပွင့်ဖတ်ပေါင်း များပြား စွာ ရှိသည်။ ဝတ်ဆံဖိုတံများမှလည်း အများအပြား တစ်စု တစ်ဝေးတည်း ပေါက်ကြသည်။ ဝတ်ဆံမ တံတားတစ်ခု တည်းပင် ရှိသည်။ ဝတ်ဆံမတံ၏ အဖျားတွင် ပြားနေသော ဝတ်ဆံမထိပ် တစ်ခုရှိသည်။ အိုဗာရီခေါ် မျိုးစေ့အိမ်ကြီးထဲ တွင် မျိုးမှုန်အမကလေးများစွာ ပါရှိသည်။ ကြာပွင့်ကြာရွက် တို့နှင့် ဆက်သောကြာရိုးတို့မှာ လေလျှောက်နိုင်သော ခေါင်းပွများ ဖြစ်ကြသည်။ လေနှင့် အလင်းရောင်ကို ရေပေါ် တွင်ရှိသော အရွက်များက သိုမှီး၍ သတ္တုဓါတ်နှင့် ရေတို့ကို ကား အမြစ်များက စုတ်ယူကြသည်။

ကြာပွင့်များမှာ မျိုးကိုလိုက်၍ အရောင်အမျိုးမျိုးရှိသည်။ အဖြူ၊ အဝါ၊ အပြာ၊ အညို စသည်ဖြင့် အရောင်အမျိုးမျိုး ရှိလေသည်။ အများအားဖြင့် ကြာဖူးများသည် နံနက်အရုဏ် တက်ချိန်တွင် ပွင့်ကြ၍ ညနေ နေဝင်ခါနီးတွင် ပြန်၍ငုံသွားကြ သည်။ အချို့ ကြာမျိုးသည် ညနေတွင် ပွင့်ကြသည်။ ကြာပွင့် သည် ၃ ရက်လောက်သာ ခံသည်။ ၃ ရက်မှ လွန်လျှင် ညှိုးနွမ်းသွားလေ့ ရှိသည်။ ကုမုဒြာကြာသည် ညအခါ လရောင်ခံ၍ ပွင့်သည်ဟု ဆိုကြသည်။ ကြာပွင့်၏ အလယ်တွင် ကြာခွက်ကလေးများ ရှိသည်။ ကြာပွင့် မကြီးရင့်မီ ကြာခွက်မှာ မြင်နိုင်ရုံလောက်သာ ရှိ၏။ ကြာပွင့်မှ ပွင့်ဖတ်နှင့် ပွင့်ချပ်များ ကြွေကျပြီးနောက် တွင် ကြာခွက်သည် တဖြည်းဖြည်း ကြီးရင့်လာသည်။ ကြာခွက်ထဲမှ ကြာစေ့များကို ကလေးသူငယ်များသည် သရေစာအဖြစ် စားတတ်ကြသည်။


ကြာအမျိုးအစားများ[ပြင်​ဆင်​ရန်​]

"ပျံ့မွှမ်း နံ့သာ၊ ငါးမည် ကြာတုံ
ငုံအာစွင့်စွင့်၊ ရေထက်မြင့်၍
လှတင့်ပွပွ၊ ကုမုဒဟု
လွလွဖိတ်ဖိတ်၊ ပုဏ္ဍရိတ်နှင့်
ကောင်းစိတ်ရွှင်စွာ၊ ပဒုမ္မာတို့
သန္တာနှင်းပန်း၊ စွေးစွေးစွန်းသား
ရောင်ထွန်းရွှေဝါ၊ နီသည့်ကြာမူ
များစွာ ချပ်ဆင့်၊ လှိုင်တွေပွင်၏။
မြနှင့်ယိုးဆို၊ ပန်းကြာညိုလည်း
နေကို မငံ့၊ ပွင့်လင်းအံ့ဟု
ပျံ့ပျံ့နံ့မျိုး၊ ရေပေါ်မိုး၍"[၁]

အထကပါ ကြာပန်းဘွဲ့၌ (၁) ကုမုဒ(ကုမုဒြ)ကြာ၊ (၂) ပုဏ္ဍရိတ်ကြာ၊ (၃) ပဒုမ္မာ(ပဒုမ)ကြာ၊ (၄) ကြာနီနှင့် (၅) ကြာညို ဟူသော ကြာငါးမျိုးသည် ဗုဒ္ဓဝင် ပါဠိတော်ကို မှီငြမ်း၍ ဖော်ပြသောကြာများ ဖြစ်သည်ဟု ဆိုသည်။ အချို့ပညာရှင်တို့က ကုမုဒ(ကုမုဒြာ)ကြာကို ပဒုမ္မာ(ပဒုမ)ကာပင်ဟု ခေါ်ကြောင်း၊ ပွင့်ချပ် တစ်ရာ ပြည့်သော ကြာကို ပဒုမ္မာဟု ခေါ်၍ ပွင့်ချပ် တစ်ရာ မပြည့်သော ကြာကို ပုဏ္ဍရိတ်ကြာဟု ခေါ်ကြောင်း ဖော်ပြကြ၏။ သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာ၌ (၁) ဥပ္ပလကြာ၊ (၂) ပဒုမကြာ၊ (၃) ကုမုဒကြာ၊ (၄) ကလမကြာ ဟူ၍ ဖော်ပြထားသည်များလည်း ရှိ၏။ သို့ရာတွင် ထိုကြာတို့၏ အရွယ်အစား ပုံသဏ္ဌာန် အရောင်အသွေးတို့နှင့် ပတ်သက်၍မူ အတိအကျ ဖော်ပြထားသည်ကိုမူ မတွေ့ရချေ။ လန်ဒန်ပါဠိစာပေအသင်းမှ ထုတ်သော ပါဠိအဘိဓာန်ကျမ်း၌မူ အရောင်အသွေးကိုပါ ဖော်ပြ၍ ကြာနီ၊ ကြာဖြူ၊ ကြာညိုနှင့် ကြာပန်းရောင်ဟု ကြာလေးမျိုးကို ဖော်ပြထားသည်။ H.G. Hundley ၏ မြန်မာပြည်ရှိ အပင်များအကြောင်း ဖော်ပြထားသော စာအုပ်၌ ကြာ အမျိုးအစားတို့ကို အရပ်သုံးအနေဖြင့် (၁) ကြာဖြူ၊ (၂) ပဒုမ္မာကြာ၊ (၃) ကြာပြာ (၄) ကြာနီ၊ (၅) ကြာညို၊ (၆) ကြာခေါင်းလောင်း၊ (၇) တောကြာ ဟူ၍ ၇ မျိုး ဖော်ပြထားသည်။ [၂]

အာယုဗ္ဗကျမ်းတစ်ချို့၌ ကြာကို အောက်ပါကဲ့သို့ ဖော်ပြထားခြင်းများလည်း ရှိသည်။

  1. ပဒုမ္မာကြာ - ၎င်းကြာသည် အနည်ငယ်ဖြူ၍ နေရောင်ဖြင့် ပွင့်သည်။
  2. ဥပ္ပလာကြာ - ၎င်းကြာ၏ အရောင်မှာ အနည်းငယ် ညိုသည်။
  3. နိလနကြာ - ၎င်းကြာ၏ အရောင်မှာ အနည်းငယ်နီသည်။
  4. ကုမုဒြာကြာ - ၎င်းကြာသည် လရောင်ဖြင့် ပွင့်သည်(တချို့က ဤကြာ၏ အရောင်မှာ အဝါရောင်ရှိသည်ဟု ဆိုကြသည်။)
  5. သောဂန္ဓိကကြာ - ၎င်းကြာသည် လရောင်ဖြင့်ပင် ပွင့်ပြီး အလွန်မွှေးကြိုင်သော ရနံ့ရှိ၍ အရောင်မှာ အပြာရောင် ဖြစ်သည်။
  6. ကုဝလယကြာ - ၎င်းကြာသည် အနီရောင် ရှိသော ကြာ ဖြစ်သည်။
  7. ပုဏ္ဍရိတ်ကြာ - ၎င်းကြာသည် အလွန်ဖြူသော ကြာဖြစ်သည်။

ရေကန်အင်းအိုင်များတွင် အတွေ့ရများသော ကြာတို့မှာ ကြာဖြူ၊ ကြာနီနှင့် ကြာညိုများ ဖြစ်သည်။ ကြာဖြူကို ရုက္ခဗေဒအမည်အားဖြင့် 'နင်ဖီအာအယ်လဗာ'ဟု ခေါ်သည်။ ဗြိတိသျှကြာမျိုးထဲတွင် အဝါရောင်ကြာပန်းမျိုးကို တွေ့ရသည်။ ကြာအပေါင်းတွင် အလှဆုံးကား ကြာပဒုမာပင် ဖြစ်သည်။အလွန်အံ့ဩဖွယ်ကောင်းသော ကြာပင်ကြီးတစ်မျိုးကို တောင်အမေရိကတိုက် အမေဇုန်မြစ်ကမ်းစပ်တစ်လျှောက်တွင် တွေ့ရသည်။ ထိုကြာကို ရုက္ခဗေဒအမည်ဖြင့် 'ဗစ်တိုးရီးယား ရီဂျီးယား'ဟု ခေါ်သည်။ ထိုကြာပင်မှာ မည်မျှကြီးမား သနည်းဟူမူ ကြာရွက်ပေါ်တွင် လူတစ်ယောက် ကောင်းစွာ ရပ်နေနိုင်လောက်အောင် ကြီးမားလေသည်။ အရွက်၏ အချင်းမှာ ၆ ပေမှ ရ ပေအထိ ရှိ၍ အပွင့်၏ အချင်းမှာ ၈ လက်မမှ ၁၆ လက်မအထိ ရှိသည်။

ကြာမျိုး ၅ ပါးရှိရာ ယင်းတို့မှာ ကုမုဒြာ၊ ပုဏ္ဏရိတ်၊ ပဒုမ၊ ကြာနီ၊ ကြာညိုတို့ ဖြစ်ကြသည်။ [၃]

ဗုဒ္ဓဘာသာဝင်တို့၏ ကြာနှင့်ပတ်သက်သော အယူအဆများနှင့် အသုံးပြုပုံများ[ပြင်​ဆင်​ရန်​]

ဂေါတမ ဗုဒ္ဓ ပွင့်ထွန်းလာသည့်နောက်၌ ကြာသည် မြင့်မြတ် စင်ကြယ်ခြင်းတို့နှင့် ယှဉ်တွဲ၍ ဖော်ပြမှုကို ခံရသောကြောင့် ဗုဒ္ဓဝါဒီတို့ အမြတ်နိုးဆုံးသော ပန်းဖြစ်လာခဲ့ဟန် တူသည်။

"ရေ၌ပေါက်သော ရေ၌ ကြီးပွားသော ဥပ္ပလကြာသည် လည်ကောင်း၊ ပဒုမ္မာကြသည် လည်းကောင်း၊ ပုဏ္ဍရိတ်ကြသည် လည်းကောင်း၊ ရေမှ အထက်သို့တက်၍ ရေဖြင့် မလိမ်းကျံဘဲ တည်သကဲ့သို့ ထို့အတူသာလျှင် လောက၌ ဖြစ်သော လောက၌ ကြီးပွားသော ငါသည် လောကကို လွှမ်းမိုး၍ (သင်္ခါရလောက) နှင့် လိမ်းကျံ ကပ်ငြိခြင်း မရှိဘဲနေ၏။"[၄]

အထက်ပါ ဗုဒ္ဓ၏ ခိုင်းနှိုင်း တင်စားချက်စကားကို အမှီပြု၍ ကြာ သည် ကိလေသာ စင်ကြယ်သူ (ဝါ) ကိလေသာ စင်ကြယ်ခြင်း၏ သင်္ကေတ ဖြစ်လာခဲ့သည်။

ကြာတို့သည် ရွံ့ညွန့်၌ အခြေခံသော်လည်း ရေထုကို ဖောက်ကာ လေပြင်တွင်ပွင်ကြကုန် သကဲ့သို့ ဗုဒ္ဓသည်လည်း အဝိဇ္ဇာကိုဖောက်၍ ဝိဇ္ဇာဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူနိုင်သည်ဟူသော သဘောအနက်ကိုမှီ၍ ကြာသည် မဂ်ဖိုလ်ဉာဏ်ပညာ၏ သင်္ကေတအဖြစ်လည်း အမြတ်တနိုး အသုံးပြုလာခဲ့သည်။

ကြာကို ကမ္ဘာဦးကတည်းက ပေါ်ခဲ့သောပန်းဖြစ်သည်ဟု ယုံကြည်ခဲ့ခြင်းများလည်း ရှိသည်။
"အကြင်ကမ္ဘာ၌ ဘုရားဖြစ်အံ့။ ကြာပွင့်သည်လည်း ဖြစ်၏။ တစ်ဆူဖြစ်တော်မူလျှင် ကြာတစ်ပွင့် သင်္ကန်းတစ်စုံပါသည်"ဟုဆိုသည်။ [၅] "ငါးဆူရွှေကြာ၊ နိမိတ်လာ၍၊ ငါးဖြာပွင့်လျက်၊ တစ်ပင်နက်ဝယ်၊ ငါးဆက်ဖူးငုံ၊ ပေါ်လတ်တုံက" ဟူသော ရှင်မဟာရဋ္ဌသာရ၏ အရေးအဖွဲ့အရ ကကုသန်ကောဏဂုံကဿပဂေါတမအရိမေတ္တယျ ဟူသော ဘုရားငါးဆူပွင့်မည့် ပုဗ္ဗနိမိတ်အနေဖြင့် ဤဘဒ္ဒကမ္ဘာ ဖြစ်တည်လာသောအခါက သင်္ကန်းပရိက္ခရာ အစုံအလင်နှင့် တကွ ကြားငါးပွင့် ပါလာသည်ဟု ဆိုသည်။

ထို့ပြင် ကြာ သည် ဂေါတမနှင့် သူ၏ သာဝက ဖြစ်လာမည့်သူများ၏ ဘဝဖြစ်စဉ် အများအပြား၌ ပါဝင် ပတ်သက်ခဲ့ဖူး၏။ ဗုဒ္ဓ၏ ဘဝဖြစ်စဉ် (ဗုဒ္ဓဝင်)၌လာသည့် အောက်ပါ အဖြစ်အပျက်တွင် ကြာကို မြတ်နိုးဖွယ်ရာ တွေ့နိုင်သည်။

သုမေဓာ ရှင်ရသေ့ ဘုရားဖြစ်ရန် စိတ်တော်ကြံစည်နေခိုင်တွင် သုမိတ္တာ အမည်ရှိသော ပုဏ္ဏေးမ(ပုဏ္ဏားပျိုမလေး) သည် ဒီပင်္ကရာ မြတ်စွာဘုရားထံ၌ စည်းဝေးကြသော လူထု အစည်းအဝေးကြီးသို့ ကပ်ရောက်လာ၏။ ထို သုမိတ္တာ၏လက်၌ မြတ်စွာဘုရားကို ပူဇော်ရန် ကြာရှစ်လက်တို့ကို ယူဆောင်၍လာရာ ပရိသတ် အလယ်သို့ရောက်၍ သုမေဓာရှင်ရသေ့ အပေါ်၌ မေတ္တပေမဓာတ်များစွာပင် ဝင်လတ်သဖြင့် လှူဖွယ်ဝတ္တုတို့ကို လှူဒါန်းချင်လှပါသော်လည်း ကြာ ရှစ်လက်မှတစ်ပါး အခြားလှူဖွယ် မပါရကား...." အရှင်ရသေ့ မြတ်စွာဘုရားအား အရှင်ရသေ့ အလိုရှိသလို လှူဒါန်းရန် ငါးလက်သော ကြာတို့ကို အရှင့်အား ပေးအပ်ပါ၏။ ကျန်သော ကြာသုံးလက်ကို မူကား အကျွန်ုပ်လှူဒါန်းရန် အတွက် ဖြစ်ပါစေ" ဟု ပြောဆို လှူဒါန်းပြီးလျှင် "အရှင် ရသေ့ သည် ဘုရားဖြစ်ဖို့ရန် ဖြည့်ကျင့်နေသမျှ အတောအတွင်း အကျွန်ုပ်သည် အရှင်နှင့်တကွ ညီမျှသော သူတို့ ဖြစ်ကြရပါစေကုန်သတည်း" ဟု ဆုပန်ခဲ့လေသည်။
သုမေဓာ ရှင့်ရသေ့လည်း သုမိတ္တာ ပုဏ္ဏားပျိုမ ပေးအပ်သော ကြာငါးလက်တို့ကို ခံယူ၍ မျက်မှောက် တူရူ ကြွလာတော်မူသော ဒီပင်္ကရာမြတ်စွာဘုရားကို ပရိသတ်တို့ အလယ်၌ပင် "သမ္မာသမ္ဗောဓိဉာဏ်" အထိ ဆုပန် ကြည်ဖြူ ပူဇော်လေသည်။ [၆]

အထက်ပါ အဖြစ်အပျက်ကို ထောက်၍ မြတ်သောဆုကို ပန်ဆင်ကြခြင်းကြာသည် အလောင်းတော်နှင့် သူ၏ ပါရမီဖြည့်ဖက်တို့ လက်ဝယ် တင့်တင့်တယ်တယ်ရှိနေခဲ့ဖူးသည်။


အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ရှိ ကြာနှင့် ပတ်သက်သော အယူအဆများနှင့် အသုံးပြုပုံများ[ပြင်​ဆင်​ရန်​]

လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့် (ဘီစီ - ၃၀၀၀ခန့်) က ယခု ပါကစ္စတန်နိုင်ငံရှိ အိန္ဒုမြစ်ဝှမ်းတွင် မိုဟင်ဂျိုဒါရိုမြို့၊ ဟာရပ္ပမြို့များ ထွန်းကားခဲ့သည်။ ထိုမြို့များတွင် နေထိုင်သူများမှာ ဒြာဗီးဒီးယန်း လူမျိုးများ ဖြစ်ကြသည်။ ထိုမြို့တို့ကို တူးဖော်ရာ၌ ထိုမြို့တို့တွင် နေထိုင်သူများသည် ကြာကို အမြတ်တနိုး ပန်ဆန် အသုံးပြုခဲ့ကြသည်ဟု ယူဆရသော အထောက်အထားများကို တွေ့ရသည်။ ဦးခေါင်းတွင် ကြာပန်းကို ပန်ထားသော အမျိုးသမီးရုပ်တုများ၊ ကြာပွင့်ပေါ်တွင် ထိုင်နေသောပုံမျာ "ပဒုမ္မာသန" ထိုင်ပုံထိုင်နည်းဖြစ်ပြီး၊ ထို ထိုင်ပုံထိုင်နည်းကို ထောက်၍ ထိုခေတ်က ဒြာဗီးဒီးယန်း လူမျိုးတို့တွင် ယောဂကျင့်စဉ်သည် အာရိယန်လူမျိုးတို့ အိန္ဒိယသို့ မဝင်ရောက်မီကပင် ရှိနေနှင့်ပြီးဖြစ်ကြောင်း သုတေသီများက ကောက်ချက်ချကြသည်။

ကြာနှင့်ပတ်သက်သော အခြားသော အထောက်အထားများကို အိန္ဒိယသို့ ဝင်ရောက်လာသော အာရိယန်လူမျိုးတို့၏ နောက်ဆက်တွဲ ဝေဒကျမ်းများတွင် တွေ့ရသည်။ ထိုကျမ်းတို့၏ အလိုအရ ဤကမ္ဘာလောကကြီး၏ မူလအစသည် ပွင့်ချပ် တစ်ထောင်ရှိသော ကြာပန်း ဖြစ်သည်။ အလင်းရောင်ကိုမှီ၍ ထိုကြာသည် ပွင့်လာသည်။ ထိုကြာမှ ဗြဟ္မန်(ပရမတ္တမ)၊ ထိုဗြဟ္မန်မှ ကမ္ဘာကို အစိုးရသော ဗြဟ္မာနှင့် ၎င်း၏ ကြင်ယာတော် သူရဿတီနတ်သမီးသည် ထွက်ပေါ်လာသည်။ ထိုဗြဟ္မာနှင့် ကြင်ဖက်တို့မှ အခြားသက်ရှိ သက်မဲ့များ ဖြစ်ပေါ်လာရသည်။ ၎င်း ဗြဟ္မာ၏ ကြင်ဖက် သူရဿသီ နတ်သမီးကို ရှေးခေတ် အာရိယန်တို့က သီရိနတ်သမီးဟု ခေါ်ဝေါ်ကြ၍ ဥစ္စာပစ္စည်းများကို ပေးဆောင်သူအနေဖြင့် ကိုးကွယ်ကြသည်။ ထို နတ်သမီးသည် ကျန်းမာခြင်း၊ အသက်ရှည်ခြင်းတို့ကို ပေးနိုင်သူ၊ သားသမီး ကျေးကျွန် စည်းစိမ်ချမ်းသာတို့ကို ပေးဆောင်နိုင်သူ ဖြစ်သည်ဟူသော ဂုဏ်ထူးဝိသေသအမျိုးမျိုးဖြင့် ကြာပန်းပေါ်၌ မတ်တပ်ရပ် အနေအထားဖြင့် ထုလုပ်ထားတက်ကြသည်။ ထိုအကြောင်းအရာတို့ အပေါ်တွင် အမှီပြု၍ ကြာသည် အသက်ရှည်ခြင်း၊ ဥစ္စာတိုးတက်ခြင်း၊ သားသမီး အစရှိသည်တို့ တိုးပွားခြင်း၊ ကျော်စောထင်ရှားခြင်း၊ မင်္ဂလာရှိခြင်းတို့၏ သင်္ကေတ အထိမ်းအမှတ် ဖြစ်လာခဲ့သည်။


ကြာပင်၏အသုံး၀င်မှုများ[ပြင်​ဆင်​ရန်​]

သင်သည်ကြာတစ်ပင်ကိုသေချာကြည့်သင့်ပါသည်။ ကြာပင်သည်လှပမှုအတွက်သာမက လူသားများအတွက်အသုံး၀င်မှုများလည်းရှိသည်။ တစ်နည်းအားဖြင့် ကြာပင်သည် အမြစ်မှသည် အရွက်တိုင် အသုံး၀င်သည့်အရာများဖြစ်ကြပါသည်။

(က) ကြာစေ့ သည်တရုတ်လူမျိုးများ၏ အရသာရှိသောဟင်းချိုတစ်ခွက်ဖြစ်သည်။ အချိုရည်ထုတ်လုပ်ရာတွင်လည်းကောင်း၊ မွန်းကိတ် ခေါ်ကိတ်မုန့်များတွင်လည်းကောင်းကြာစေ့ကိုထည့်သွင်းစားသုံးကြသည်။

(ခ) ကြာရွက် သည်အသားငါးစသည်တို့ကိုကြာရွက်ဖြင့် ထုပ်ပိုးနိုင်သည်။ စားသောက်ဆိုင်များတွင် အသား၊ ငါးတို့ကိုကြာရွက်ဖြင့်ပတ်ကာ ရေနွေးငွေ့ဖြင့် ပေါင်းချက်ကြသည်။

(ဂ) ကြာမြစ် သည်အစိမ်းသက်သက်စားနိုင်ပြီး ဟင်းချို၊ ဟင်းချိုစွပ်ပြုတ်အဖြစ်စားသုံးနိုင်သည်။ အချို့ကအစာမကြေသည့် ဝေဒနာမျိုးအတွက်ဆေးဝါးအဖြစ်ဖော်စပ် အသုံးပြုကြသည်။

ကြာပင်သည် အအေးမိ၊ ဖျားနာသွေးမတိတ်သည့် ဝေဒနာများကိုကုစားနိုင်သည်ဟု တရုတ်လူမျိုးတို့က ယုံကြည်ထားကြပါသည်။[၇]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ရှင်အုန်းညို၊ ဂါထာခြောက်ဆယ်ပျို့။
  2. H.G. Hundley, B.Sc.(For.) Rgn. and U Chit Ko Ko, "List of Trees, Shurbs, Herbs and Principal Climbers Etc" P.12.
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  4. ဒေါနသုတ်၊ စက္ကဝဂ်၊ စတုတ္ထနိပါတ်၊ အင်္ဂုတ္တရနိကာယ်။
  5. ဇော်ဂျီ၊ ကြာဖူး၊ ကြာပွင့် အပြောက်အမွမ်း၊ ရှုမဝမဂ္ဂဇင်း၊ ၁၉၅၃ ခုနှစ်။
  6. မဟာဗုဒ္ဓဝင်၊ ပ - တွဲ၊ ပ - ပိုင်း၊ စာ - ၆၂။
  7. သိပ္ပံနှင့်နည်းပညာဂျာနယ်