ကြက်သား အာလူး အုန်းနို့ချက်

ဝီကီပီးဒီးယား မှ
ကြက်သား အာလူး အုန်းနို့ချက်

ပါဝင်သော ပစ္စည်းများ[ပြင်ဆင်ရန်]

အဆင့်ဆင့် ချက်ပြုတ်ပုံ[ပြင်ဆင်ရန်]

ကြက်သားရင်အုပ်သားမှာ အရိုးနုလေးပဲပါပြီး အသားကလည်း နုနုချိုချိုလေးမို့ ကျွန်မက အဲ့ဒီအပိုင်းကို ရွေးပါတယ်။ ကြက်သားတွေကို ရေနဲ့စင်အောင်ဆေးပြီး ရေစစ်ပေးပါ။ ပြီးတော့မှ အရွယ်တော်အနေအထားလေး ရအောင် ခုတ်ထစ်ပိုင်းဖြတ်ပေးပါ။ ချင်းကိုအခွံနွှာ၊ ရေဆေးပြီး ငရုတ်ဆုံထဲ ညက်အောင် ထည့်ထောင်းပြီး ချင်းရည် ညှစ်ယူထားပါ။ ဇလုံတစ်လုံးယူပြီး ခုတ်ထစ်ထားတဲ့ ကြက်သားထဲကို ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ပဲငံပြာရည်အကျဲ၊ ချင်းရည်တို့နဲ့ သမအောင် ရောနယ်ပြီး နှပ်ပေးထားပါ။

အုန်းသီးခြစ်ပြီး အုန်းနို့ဦးရည်ကို ညှစ်ယူထားပါ။ အုန်းနို့ရည်ဗူးထဲက အုန်းနို့ကိုလည်း သုံးလို့ ရပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကိုလည်း အခွံနွှာရေဆေးပြီး ဖယ်ပေးထားပါ။ ငရုတ်သီးအပွတောင့်ကို အညှာခြွေ၊ အစေ့ထုတ်ပြီး ရေနွေးပူပူနဲ့ လောင်းချပြီး ဆေးပစ်လိုက်ပြီးမှ နောက်တစ်ရေ အသစ်လဲပြီး ငရုတ်သီးကို စိမ်ပေးပါ။ ပြီးရင် ငရုတ်ဆုံထဲကို ငရုတ်သီးတွေ ညက်အောင်ထောင်းပြီး ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ထောင်းပေးပါ။ အာလူးကို အခွံနွှာ၊ ရေဆေးပြီး ကန့်လန့်ဖြတ်ပိုင်းပေးပြီး ဆားနဲ့အာလူးကို နယ်၊ ပြီးတော့မှ ရေနဲ့ စင်အောင်ဆေးပေးထားပါ။ အားလုံးအသင့်ဖြစ်ပြီဆိုတော့မှ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေး ထည့်ပြီး ထောင်းထားတဲ့ ငရုတ်သီး ကြက်သွန်တို့ကို ဆီသတ်ပေးပါ။ မီးအပူချိန်ကို အသင့်အတင့်ပဲ ထားပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင် ဆား၊ သကြားအနည်းငယ်နဲ့ ဟင်းခတ်မှုန့်ထည့်ပြီး ထပ်မွှေပါ။ တစ်လက်စတည်း နယ်ထားတဲ့ ကြက်သားတွေကိုထည့်ပြီး ဆီသတ်နှစ်နဲ့ ကြက်သားတွေကို သမအောင် မွှေပြီး ကြက်သားထဲက ထွက်လာမယ့်ရေနဲ့ပဲ ဟင်းအိုးအဖုံးအုပ်တည်ပြီး ပထမတစ်ရည် ခမ်းပါစေ။

ဟင်းအိုးဖျစ်ဖျစ်မြည်လာပြီဆိုရင်တော့ ငရုတ်ဆုံဆေးရေလေး ထပ်ထည့်ပြီး တည်ပေးပါ။ ဆုံဆေးရေခမ်းပြီဆိုရင်တော့ အုန်းနို့ရည်နဲ့ အာလူးတွေထည့်ပြီး အတူတည်ပေးပါ။ ကြက်သားထဲ အုန်းနို့ရည်ဝင်အောင်ရော၊ အာလူးပါ တစ်ခါတည်းနူးအောင် အရသာတွေဝင်အောင် မီးခပ်နွေးနွေးနဲ့ အနည်းဆုံး ၁၀ မိနစ်လောက် တည်ပေးပါ။ အဲ့ဒီအချိန်မှာ ဟင်းအိုးမှာ အုန်းနို့နံ့လေးလည်း သင်းလာပြီလေ။ ဟင်းအိုးအဖုံးကို ဖွင့်၊ အပေါ့အငံကိုမြည်းပြီး လိုတဲ့အရသာတွေ ထပ်ဖြည့်ပါ။ အာလူးလည်း နူး၊ ကြက်သားလည်းနူး၊ အုန်းနို့လည်း အဆီတက်ပြီး အရသာက ဆိမ့်ဆိမ့်လေးနဲ့ အုန်းနို့နံ့သင်းနေတဲ့ ကြက်သားအာလူးအုန်းနို့ဟင်းလေး ရပါပြီနော်။

လိုက်ဖက်တဲ့အစားအစာ-ဘာလချောင်ကြော်၊ ချဉ်ပေါင်ဟင်းရည်ကျဲ၊ သခွားသီးသနပ်သုပ်