ကျေးရွာဝါဒ (သီချင်း)

ဝီကီပီးဒီးယား မှ
  • သီချင်းအမည် = “ကျေးရွာဝါဒ”
  • သီဆိုသူ = ပစ်တိုင်းထောင်

နန်းတော်ရှေ့ဆရာတင် ဟာ မြန်မာ့ဂီတလောကမှာ ရှေးရိုးရော သံဆန်းပါ ထုံးလိုချေ ရေလိုနှောက်နိုင်တဲ့ စာဆိုတစ်ယောက်ပါ။ သူရေးခဲ့တဲ့ သီချင်းတွေ အများကြီးထဲမှာမှ ကျေးရွာဝါဒ ဆိုတဲ့ သီချင်းလေးကို ညွှန်းပါရစေ။ သူပြောတဲ့ကျေးရွာဆိုတာ အခုတော့ မြို့ဖြစ်နေတဲ့ ရွှေဘို ပါ။ အရင်တုန်းကတော့ မြန်မာ့အသံ လူကြီးများ အတော်ပဲ နှစ်ခြိုက်တယ် ထင်ပါရဲ့ ညဘက် ကျေးရွာနဲ့ဆိုင်တဲ့ အစီအစဉ်လေး မပါလိုက်နဲ့ ဒီသီချင်းကိုပဲ ကောက်ကောက်လွှင့်တော့တာ။ ကိုအံ့ကြီအဆိုနဲ့ပါ။ ကောင်းလည်းကောင်းတာကိုး။ အခုတော့ တမူထူးသွားအောင် ဆိုင်းဆရာ ပစ်တိုင်းထောင် ရဲ့ အဆိုလေးနဲ့ တင်ပေးပါ့မယ်။ ဦးသုမောင် ဆိုတာလေးလည်း ရှိပါရဲ့။ မရိုးအောင်ပေါ့။ ခြေဆင်းကလေးမှာ မောင်တို့ရွာကို ယောင်လို့တောင် မလာချင်ဘူးဆိုတဲ့ စကားလေးနဲ့ ကညာခင်ဟာ ရွှံ့ဗွက် နွားချီးကြောက်တဲ့ မြို့ကြီးသူကလေးကို ကွက်ကွက်ကွင်းကွင်း မြင်စေပါတယ်။ တကယ့်ရွာဆိုတာကို တခါတရံ ရောက်ဖူးတဲ့သူတိုင်း ဒီနှစ်ခုကို ထွန့်ထွန့်လူး ရှောင်ကြတာပေါ့။ သီချင်းရဲ့ အထွက်က “တခေါက်လောက်ကြွခဲ့စမ်းပါ” ဆိုတဲ့ အသွားဟာ ဇာတ်မင်းသားများ နှစ်ပါးဆိုတဲ့ “ချောသည် ရောဟနီ ပြောမည်..” ဆိုတဲ့ အသွားနဲ့ အတူတူပါပဲ။ ဒါပေမယ့် ဆရာတင်က ရွာရဲ့ သာသာယာယာရှိပုံကလေးကို ပြောတဲ့အခါလည်း တိမ်ဝါရောင်ကလေးနဲ့ စိမ်းစိမ်းစိုစို မို့ ချစ်စရာကောင်းပါသတဲ့။ အခုဆို အရင်ကနဲ့တောင် မတူတော့ပါဘူးတဲ့။ လျှပ်စစ်မီးတွေရလို့ ဓာတ်မီးရောင်တထိန်ထိန်နဲ့။ ကုသိုလ်ဖြစ်ဆေးရုံ။ စာသင်ကျောင်း စတဲ့ မြို့အင်္ဂါရပ်တွေနဲ့ ပြောင်းလဲခဲ့ပါပြီတဲ့ခင်ဗျ။ ပြောအားရှိတာပေါ့ ရွှေဘိုသားကြီးရယ်။ ဒီလိုပြောင်းလဲလာရတဲ့ အကြောင်းကလည်း နိုင်ငံအကျိုးလုပ်ဆောင်လိုတဲ့၊ ကုသိုလ်ရေး၊ အမျိုးသားရေးဆို မငြိုငြင်တတ်တဲ့ မြန်မာလူငယ်များကြောင့်ပါတဲ့။ အဲဒီကမှ ကောင်းခြီးသင်္ခါလေး ချီပြီး စည်တော်ကလေးရွမ်းလို့ ထုံးစံမပျက်ရအောင် ဒီသီချင်းသူရေးတဲ့ အကြောင်းလေးလည်း မကျန်စေပဲ ကျက်သရေ မင်္ဂလာရှိရှိ သီချင်းကို အဆုံးသတ်ပါတယ်။ အကြောင်းအရာက ပေါ်လစီ သီချင်းပေမယ့် အဲဒီခေတ်က တေးရေးဆရာများဟာ သူကိုယ်တိုင် မယုံကြည်တဲ့ ဝါဒမျိုးကို ရွှေပုံပေးပြီး၊ ဂုတ်ပေါ်ဓားမိုးပြီး ရေးခိုင်းတောင် ရေးမပေးကြပါဘူး။ သိမီကြားဖူးသလောက်မှာလည်း သန့်ရှင်းနိုင်ရမည်။ တည်မြဲနိုင်ရမည် ဆိုတဲ့ ရှက်စရာသီချင်းမျိုး ရေးခဲ့ဆိုခဲ့တယ်လို့လည်း မရှိပါဘူး။ ဇာတိသွေးဇာတိမာန် တက်ကြွစေတဲ့၊ ဘာသာ သာသနာထွန်းတောက်စေတဲ့ သီချင်းမျိုးသာ ရေးကြတာပါ။ ဘုန်းတော်ဘွဲ့ ရေးခိုင်းရင် သင်္ကန်းစည်းလိုက်ဦး။ ပျံလွန်တော့ ဧယျာဉ်ကျူးပေးမယ် လို့ ပြောလိမ့်မယ် ထင်ပါရဲ့။ ခုနောက်ပိုင်းတော့ ဒီသီချင်းကို သိပ်မကြားရတော့ပါဘူး။ ဓာတ်မီးရောင်ထိန် ပါလို့လား မသိ။ ဘယ်အချိန်မှာကြားလိုက် ကြားလိုက် ရွာကလေးကို မျက်စိထဲပြန်မြင်လာပြီး သူခေါ်သလို တခေါက်လောက်တော့ ကြွလိုက်ချင်မိသေးတာကြောင့် ဒီသီချင်းလေးကို မျှဝေပါတယ်ဗျာ။

ကျေးရွာဝါဒ (သီချင်းစာသား)[ပြင်ဆင်ရန်]

မောင်တို့ရွာကို ယောင်လို့တောင် မလာချင်ဘူးတဲ့။ ကညာခင်… ကညာခင်ဆိုတဲ့စကားရယ်၊ မှား..မှားပါလိမ့်မဗျာ။ အရင်ကရောက်ပြီးမို့…။ ဟိုအရင်က ရောက်ပြီးမို့ နောက်ချေးနဲ့ အိုင်ဗွက်အလယ်မှာ…. နောက်ချေးနဲ့ အိုင်ဗွက်အလယ်မှာ၊ ကျွန်မတို့ စတိုင်ပျက်ပါတယ်ဆိုလို့ ငိုတော့မလို ငိုတော့မလိုနေတာ များ…….။

(တခေါက်လောက် ကြွခဲ့စမ်းပါ။ ကျုပ်နှမများကို ဖိတ်ကြားချင်ပါတယ် ခင်ဗျာ။ တိမ်ဝါရောင် တိမ်တောင်တွေ စိမ်းစိမ်းစို၊ ပျိုတို့ရွာ)၂ အခုများဖြင့် မြို့ကြီးလို ဓာတ်မီးရောင်ထိန် ကုသိုလ်ဖြစ်ဆေးရုံ ပွဲနဲ့ လမ်းနဲ့ သာသာယာယာ စာသင်ကျောင်းတွေနဲ့ ရှေးကနဲ့မတူပါ၊ ကျေးရွာဝါဒ ပြောင်းလဲလိုက်ကြပေါ့ တခါ။

(နိုင်ငံအကျိုးများကိုသာ အားလုံးရွက်ဆောင်ပါမယ်ခင်ဗျာ၊ ပြုပြင်ရေးလုပ်တဲ့ရွာ အမျိုးသားရေးဆို မငြိုငြင်ပါ။)၂ (ကောင်းချီးသင်္ခါ ရွှေတေဇာ၊ ကောင်းချီးသင်္ခါ မြန်မာတို့ ရွှေတေဇာ၊ ဦးအောင်ဇေယျ၊ ယင်း ပထမ ကနေတာ မုဆိုးဘို ခေါ် ရွာကလေးပါခင်ဗျာ။ အမျိုးသားများ တိုးပွားစရာ နိုးကြားကာ အောင်မြင်ဆောင်ရွက်လာ ဇာတိ ကမ္ဘာသိ ပါရမီ့ရှင်တောင် ထွက်ခဲ့ဖူးတဲ့ ရွာကလေးပါ)၂

အောင်မြန်မာ၊ အောင်ရာဇာ အောင်ရာနိမိတ်ကယ် သွန်းဘိသိက်ဖြာ၊ အောင်ရပ်ကယ်သာ သလေး၊ အောင်ရာတည့်မယွင်း၊ ရိုင်းပင်းကာ ကူညီပေး၊ ဆရာတင် နန်းတော်ရှေ့ပါဗျာ သွင်းဆိုတဲ့စာ။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]