ကျောင်း၌ ယဉ်ကျေးခြင်း

ဝီကီပီးဒီးယား မှ

ကျောင်း၌ ယဉ်ကျေးခြင်း သည် ယဉ်ကျေးမှုအရပ်ရပ်ထဲမှ တစ်ချက်အပါအဝင်ဖြစ်သည်။ ကျောင်း၌ ယဉ်ကျေးခြင်းတွင် ယေဘုယျအားဖြင့် (၁၄) မျိုးရှိသည်။ ထို (၁၄) မျိုးမှာ -

  1. စာသင်ခန်းသို့ အချိန်မှန်စွာ ရောက်ရာ၏။ နောက်ကျ၍ရောက်လျှင် နောက်ကျခြင်းကို ခွင့်ပြုပါမည့်အကြောင်း ဆရာ့အား ခွင့်တောင်းရာ၏။
  2. အတန်းထဲတွင် စာကျယ်ကျယ်မဖတ်ရ။ စကားမများရ။
  3. အခြားကျောင်းသားများအား မည်သို့မျှ အနှောင့်အယှက်မပြုရ။
  4. စာအုပ်၊ စာရေးကိရိယာများကို ရိုသေစွာ ကိုင်တွယ်ပါ။
  5. စာအုပ်ကိုဖွင့်လျှင် တံတွေးဆွတ်၍ မဖွင့်နှင့်။ စာရွက်ထောင့်က ဖွင့်ရာ၏။
  6. စာရွက်ကို ချိုး၍ မမှတ်နှင့်။ စာအုပ်ကို မှောက်၍ မထားနှင့်။ စာရွက်လွှတ်တစ်ခုဖြင့် ညှပ်၍ထားရာ၏။
  7. စာဖတ်နေစဉ်၌လည်းကောင်း၊ တစ်စုံတစ်ရာကို စဉ်းစားနေစဉ်တွင်လည်းကောင်း၊ ပါးစပ်ထဲသို့ လက်ကို မသွင်းနှင့်။ လက်သည်းကို မကိုက်နှင့်။
  8. မိန်းကလေးများသည် နီးစပ်ရာ စုပေါင်း၍ တစ်ယောက်ကို မခေါ်မပြော ဝိုင်းပယ်သော အကျင့်ရှိတတ်၏။ အပယ်ခံရသူသည် အလွန် စိတ်ဆင်းရဲရသောကြောင့် ထိုအပြုအမူကို မပြုလုပ်ဘဲ ရှောင်ကြဉ်ရာ၏။
  9. အချင်းချင်း နာမည်တုဖြင့် ပြောင်လှောင်ခေါ်ဝေါ်ခြင်းသည် ရိုင်းပြသော အမူအရာဖြစ်၏။
  10. တစ်ယောက်နှင့်တစ်ယောက် ပြောင်ခြင်း၊ လှောင်ခြင်း၊ သရော်ခြင်း၊ ရန်စခြင်း မပြုနှင့်။ တစ်ဦးတစ်ယောက်က ပြုလုပ်လျှင်လည်း ယဉ်ကျေးသိမ်မွေ့စွာ သတိပေးရာ၏။
  11. ရုန့်ကြမ်းသောစကား၊ ဆဲရေးတိုင်းထွာခြင်းတို့ကို အလျဉ်းမပြုဘဲ ရှောင်ကြည်ရာ၏။ (မခံချင်ဖွယ်စကား၊ ရုန့်ကြမ်းသောစကား၊ နားမချမ်းသာဖွယ်သော စကားများကိုပြောခြင်း၊ စကားနိုင်ပြောခြင်းတို့ကို ရှောင်ကြည်ပြီး ပြေပြစ်သိမ်မွေ့သောစကား၊ ယဉ်ကျေးဖွယ်ရာသောစကား အသုံးအနှုန်းများကိုသာ ပြောဆိုရာ၏။)
  12. ကျောင်းသားသစ်များကို ကူညီရာ၏။ ငယ်သောကျောင်းသားကိုလည်း စောင့်ရှောက်ရာ၏။
  13. ကျောင်းသူကလေးများနှင့် ရော၍နေရပါလျှင် မိမိနှမကဲ့သို့ သဘောထားရာ၏။ စောင့်ရှောက်ရန်ရှိသမျှကို စောင့်ရှောက်ရာ၏။
  14. သူတစ်ပါး အတုယူလောက်အောင် အကျင့်စာရိတ္တ အပြုအမူယဉ်ကျေးသော လူငယ်တစ်ယောက် ဖြစ်သည်ဟု စံနမူနာ ယူလောက်သူ ဖြစ်လာစေရန် အစဉ်မပြတ် သတိပြုပါ။

–မောင်ကျောင်းသား၊ အတတ်သင်ပါ၊

လိမ္မာဖော်ရွေ၊ စိတ်နေဖြူစွ

မာနချလျက်၊ မြန်မာ့အကျိုး

တိုးကြီးတိုးအောင်၊ သယ်ပိုးနေ့ည ကြိုးပါကြ—

ကိုးကား[ပြင်ဆင်ရန်]