ကျောက်မျက် ရတနာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆက်စပ်လေ့လာရန် : ကျောက်မျက် ရတနာတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ

ကျောက်မျက် ရတနာ (Gems) တို့ကို ရှေးကမ္ဘာဦး လူသားများ အရိုင်းဘဝမှ အယဉ်ဖြစ်စကတည်းက စတင် သုံးစွဲခဲ့ကြကြောင်းကို လေ့လာတွေ့ရှိရသည်။ သမိုင်းမတိုင်မီက အဓိကအားဖြင့် ပုတီးစေ့များ၊ အရောင်ရှိ ကျောက်များကို မသွေးပဲ မူလပုံအတိုင်း လူ့ခန္ဓာကိုယ်တွင် အလှဆင်ခြင်းဖြင့် သုံးစွဲခဲ့ကြပြီး ယဉ်ကျေးမှု မြင့်မားလာသည့်အလျောက် ဤကျောက်မျက် အလှဆင်သည့် ဖက်တွင်လည်း ပညာရပ်များ (ဒေသအလိုက်) တိုးတက်လာခဲ့သည်။ အလှဆင်ရာတွင် အမြတ်တနိုး တန်ဖိုးထားကာ အဓိက သုံးစွဲကြသည်များမှာ ကျောက်မျက်တွင်းထွက်များသာ အများဆုံးဖြစ်သည်။ သို့ဖြစ်လေရာ အဆိုပါ ကျောက်မျက်များမှာ သဘာဝ မိခင်ကမ္ဘာမြေကြီးက လူသားတို့အတွက်ပေးသော လက်ဆောင်ဖြစ်သည်ဟု ချီးမွမ်းပြောဆိုလျှင် လွန်အံ့မထင်ပေ။ ယခုခေတ်တွင် ပညာရှင်များ ၊ကုန်သည်များက သွေးပြီး အရောင်တင်ထားသည့် တန်ဖိုးတစ်စုံတစ်ရာရှိသည့် တွင်းထွက်များကို ကျောက်မျက်ရတနာ အဖြစ် သတ်မှတ်ကြသည်။ ထို့ပြင်

  1. လှပခြင်း
  2. မာကျောခိုင်ခံ့ခြင်း
  3. ရှားပါးခြင်း
  4. အများလက်ခံနိုင်ခြင်း ဂုဏ်အင်များ ပါရှိမှသာလျှင် ရတနာတန်းဝင်ကျောက်ဟု အသိအမှတ်ပြုကြသည်။


ကျောက်မျက်နှစ်မျိုး[ပြင်​ဆင်​ရန်​]

ကမ္ဘာပေါ်ရှိ ကျောက်မျက်များကို အဓိကအားဖြင့် ဇီဝမူလ ကျောက်မျက်(Organic Gems)နှင့် သက်မဲ့မူလ ကျောက်မျက် သို့မဟုတ် သဘာဝ တွင်းထွက် ကျောက်မျက် (Inorganic Gems) ဟုခွဲခြားလေ့လာနိုင်ပါသည်။


ဖွဲ့တည်ပုံများ[ပြင်​ဆင်​ရန်​]

အဓိကအားဖြင့်ကျောက်မျက်များသည် ကမ္ဘာ့မြေလွှာအောက် အလွန်မနက်လှသော နေရာများတွင် ခိုအောင်းနေလေ့ ရှိတတ်သည်။ မီးတောင်ပေါက်ကွဲခြင်း၊ ကမ္ဘာ့မြေလွှာများ တွန့်ခေါက်ခြင်း၊ ပြတ်ရွှေ့များ ပွတ်တိုက်လှုပ်ရှားခြင်း အစရှိသည်တို့ကြောင့် ကမ္ဘာမြေကြီး အတွင်းပိုင်းတွင် မြင့်မားသောအပူချိန်နှင့် ကြီးမားသောဖိအား ပြောင်းလည်းမှုတို့ဖြစ်ပေါ်ရာမှ ကျေက်မျက်များ ဖြစ်ပေါ်လာသည်ဟု သိရပါသည်။ ဥပမာအားဖြင့် စိန်ကို မီးတောင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မီးသင့်ကျောက် တို့နှင့်အတူ ရောနှောတွေ့နိုင်ပြီး မြန်မာနိုင်ငံ၏ ရှမ်းကုန်းမြင့်မြေလွှာနှင့် မြန်မာ့မြေလွှာတို့၏ တိုးတိုက်မိမှုကြောင့် ဖေါ့ဇုံ (Fault zone) ဖြစ်ပေါ်နေသော မိုးကုတ် ပတ်ဝန်းကျင်တလျောက်တွင် ပတ္တမြားနီလာ အပါအဝင် အခြားနာမည်ကျော် တွင်းထွက်ကျောက်မျက်များ ထွက်ရှိပါသည်၊ ကချင်ပြည်နယ်တွင် ကျောက်စိမ်း စသည်တို့ ပေါ်ထွန်းလာခြင်းတို့ကိုလည်း တွေ့ရှိလေ့လာရသည်။

ပတ္တမြား နှင့် နီလာ (Ruby & Sapphire/Corundum)[ပြင်​ဆင်​ရန်​]

ပတ္တမြား နှင့် နီလာ တို့သည် သဘာဝ အားဖြင့် ကိုရိုဒမ် အုပ်စုဝင်ဖြစ်၍ အတူတူပင်ဖြစ်သည်။ ဓါတုဗေဒ ပေါင်းစပ်မှု မှာလည်း အလူမီနီယမ် အောက်ဆိုက်ဒ် ဒြပ်ပေါင်းသာဖြစ်၍ ပတ္တမြား တွင် ခရိုမီယံ ဒြပ်စင်အနည်းငယ် ပါဝင်ပြီး၊ နီလာတွင် တိုက်တေနီယံ ဒြပ်စင်အနည်းငယ် ပါဝင်သောကြောင့် အရောင် နှင့် ပုံသဏ္ဍန် ကွဲပြားသွားရခြင်းဖြစ်ပါသည်။ ထိုခရိုမီယံ နှင့် တိုက်တေနီယံ ဒြပ်စင်များ၏ ပါဝင်မှုနှုန်းမှာ ၂ ရာခိုင်နှုံးထက် မများသင့်ချေ။ အကယ်၍ ထိုရာခိုင်နှုံးထက် များခဲ့လျှင် ပတ္တမြား၏အရောင်မှာ ပြည့်ဝလွန်းအားကြီးပြီး အနီရင့်ရင့်(အမဲဖက်သို့) ပြောင်းသွားတတ်သကဲ့သို့ နီလာတွင်လည်း အပြာရင့်ရင့်(အမဲဖက်သို့) ပြောင်းသွားတတ်ပြီး ကျောက်၏ အရောင်မှာလူကိုဆွဲဆောင်နိုင်စွမ်း နည်းသွားပါသည်။ မာဆင့်မှာ မိုးလ်စကေးအရ စိန် (၁၀) နှင့် မွိုက်ဇိုနိုက် (၉.၂၅) တို့၏ အောက်တစ်ဆင့် (၉) နေရာတွင်ရှိပါသည်။ ပတ္တမြားကို မြန်မာဗီယက်နမ်ပါကစ္စတန်အာဖဂန်နစ္စတန်ထိုင်းကမ္ဘောဒီယားသီရိလင်္ကာ နှင့် တန်ဇန်းနီးယား တို့တွင် အဓိကထွက်ရှိပြီး မြန်မာ့ပတ္တမြား ၏အရည်အအသွေးမှာ အကောင်းဆုံးအဖြစ် ကမ္ဘာကျော်ပါသည်။ နီလာကို သီရိလင်္ကာဩစတေးလျကတ်ရှ်မီးယားမြန်မာထိုင်းကမ္ဘောဒီယား နှင့် အမေရိကန်ပြည်ထောင်စု တို့တွင်အဓိကထွက်ရှိပြီး သီရိလင်္ကာ နီလာမှာ အရည်အသွေး အကောင်းဆုံးဖြစ်ပြီး မြန်မာ့နီလာမှာ ၄င်း၏နောက်တွင် ရပ်တည်ပါသည်။ ကိုရိုဒမ် အုပ်စုဝင်ဖြစ်သော အခြားကျောက် ရောင်စုံများကို အရောင်အလိုက် ရှေ့တွင် နီလာတပ်ကာ နီလာဝါ၊ နီလာဖြူ (အရောင်မဲ့နီလာ) ၊ နီလာပန်းရောင် အစရှိသဖြင့် ခေါ်ဝေါ်ကြပါသည်။


ပတ္တမြားနှင့်နီလာဂေါ်ကြိုး(Star Ruby & Sapphire)[ပြင်​ဆင်​ရန်​]

ပတ္တမြားနှင့်နီလာတို့၏ထူးခြားမှုတစ်ခုမှာ ကြိုးခေါ် ဂေါ်ကြိုးများတွေ့ရှိရတတ်ခြင်းပင်ဖြစ်သည်။ထိုကဲ့သို့ကြိုးများပေါ်ရခြင်းမှာ ပတ္တမြားနှင့်နီလာတို့၏အတွင်းတွင်ရှိသည့် ပိုးကြိုးကဲ့သို့သော “ရူတိုင်း”အောင်းဝင်များကြောင့်ဖြစ်သည်။

မဏိသျှတ္တရကျမ်းလာ နီလာလေးမျိုး[ပြင်​ဆင်​ရန်​]

မဏိသျှတ္တရကျမ်းတွင် နီလာနှင့်စပ်လျဉ်း၍ လင်္ကာဖော်ပြချက်ပါရှိသည်။ နီလာလေးမျိုးတို့၏ တန်ဖိုးကိုပါ တွက်ချက်ပေးထားသေးသည်။ အောက်ပါအတိုင်းဖြစ်သည်။

လေးသွယ်နီလာ၊ ပြားကြရာတွင်၊

(၁) 'နီလာ'ခေါ်ဆို၊ အောက်မဲညိုပွင့်၊ ပန်းသို့ တင့်၏၊

(၂) ထပ်ဆင့် ဒုတိယ၊ 'နီလ ကဏ္ဍီ'၊ ရှု ဤလက္ခဏာ၊ အပြာတွင်ဖက်၊ ညိုညိုစွက်၏၊ အမျက်နှစ်ပါး၊ ဤကျောက်များကား၊ ကျပ်သားရွှေတိ၊ တင်လောက်ဘိမူ၊ သိင်္ဂိပဉ္စ၊ ကျပ်ထိုက်စွတည့်၊

(၃) 'ဣန္ဒနီလာ'၊ လက္ခဏာကား၊ သူရိယာနေခြည်၊ ရောင်သို့တည်၏၊ ရွှေရည် တကျပ်၊ တင်လောက်လပ်မူ၊ သုံးကျပ်ရွှေကောင်း၊ ထိုက်ပေရှောင်း၏၊

(၄) တကြောင်း 'ဥပ နီလာ'၊ သညာခေါ်ဆို၊ ကြာညိုပွင့်ရောင်၊ တကျပ်ခေါင်မှာ၊ စီမြှောင်သင့်စွာ၊ ထားလောက်ပါမူ၊ ရွှေသား နှစ်ကျပ်၊ အဘိုးပြတ်သည်၊ မချွတ်မှန်ဖြောင့် လှည့်သတည်း

စိန်(Diamond)[ပြင်​ဆင်​ရန်​]

စိန်ကိုကမ္ဘာ့အကောင်းဆုံးအမာဆုံးတွင်းထွက်အဖြစ် သတ်မှတ်ကြပါသည်။ စိန်ကို အလွယ်တကူ တူးဖော်နိုင်ခြင်းမရှိသလို ဈေးကွက်အတွင်း အဖိုးတန်ကျောက်မျက်အဖြစ် ရောင်းချနိုင်လောက်အောင် သတ်မှတ်အရည်အသွေး (အရောင်၊ သန့်စင်မှု၊ အလေးချိန်၊ ဖြတ်တောက် သွေးခြင်း) တို့ရရန်လည်း အလွန်မှခက်လှပါသည်။ စိန်မှာကာဗွန်ဒြပ်စင်ဖြစ်ပြီး

4C စိန်

မူလရင်းမြစ်အနေနှင့်အလွန်သက်တမ်းရင့်သည့် မီးသင့် ကျောက်များအတွင်းတွင် တွေ့ရှိရပါသည်။ ထိုသို့တွေ့ရှိရန် ပေပေါင်း ရာထောင်ချီသည့် တွင်းနက်ကြီးများတူးဖော်ကာ ရှာဖွေရပြီး အလွန်ကုန်ကျစရိတ် များပါသည်။အဓိကတွေ့ရှိရသည့် အိမ်ခံကျောက်အမျိုးအစားများမှာ အာဖရိကတိုက်တွင်

ကမ်ဘာလိုက်(Kimberlite) စိန်တွင်း

ကမ်ဘာလိုက်(Kimberlite) နှင့် ဩစတေးလျတွင် လမ်ပိုရိုက်(Lampolite) တို့ဖြစ်ပါသည်။ ဒုတိယရင်းမြစ်အနေနှင့် ပလေစာခေါ် ကြွင်းစုသိုက်များတွင် တွေ့ရှိနိုင်ပါသည်။ သို့သော် စိန်၏အသုံးဝင်ပုံမှာ များပြားလွန်းလှသည့်အတွက် ထုတ်လုပ်သူများ၊ ကုမ္ပဏီကြီးများအနေဖြင့် အကျိုးအမြတ် မနည်းတတ်ကြပေ။ စိန်ကို ကျောက်မျက်ရတနာ တစ်ပါးအဖြစ်သာမက စက်မှုလုပ်ငန်းများ၊ အာကာသသုတေသနများ ၊မျက်စိခွဲသည့် ခွဲစိတ်ဓါး စသည်ဖြင့် အမျိုးမျိုးသောလုပ်ငန်းများတွင်ပါ အသုံးပြုကြသည်။ ထိုကဲ့သို့ သုံးစွဲရာတွင် ကျောက်မျက်တန်းမဝင်သော စိန်များကိုသာ အသုံးများပါသည်။စိန်သည် အထက်တွင်ဆိုခဲ့သည့်အတိုင်း အလွန်မှ သက်တမ်းရင့် သည့်မီးတောင် ပေါက်ကွဲမှုများ၏ အပူချိန်၊ဖိအား နှင့် အချိန်နှစ်ကာလတို့ကြောင့် စိန်၏မာဆင့်မှာ မိုးလ်စကေးအရကမ္ဘာ့အမာဆုံး အဆင့် (၁၀) တွင်ရှိနေပြီး သွေးယူ ဖြတ်တောက်ခြင်းအတွက်မှု စိန်ကို စိန်ဖြင့်သာပြန်သွေးနိုင်တော့သည်။ ရူပဗေဒ သဘောအရ လားရာ၏ မာကျောမှုပြင်းအား (Directional hardness) ဟူ၍ရှိရာ စိန်မျက်နှာပြင်ကို စိန်၏ အနားစောင်း သို့မဟုတ် စိန်မှုန့်များ ဖြင့်သွေးနိုင်ပါသည်။ စိန်သည် ကာဗွန်ဒြပ်စင်ဆိုသော်လည်း အနည်းငယ်သော နိုက်ထရိုဂျင် ဒြပ်စင် ပါဝင်ခဲ့လျှင် အဝါရောင်သန်းသွားပြီး၊ ဘိုရွန် ဒြပ်စင်ပါဝင်လျှင် အပြာရောင် သန်းနေတတ်သည်။ အဓိက ထွက်ရှိရာဒေသများမှာဩစတေးလျ၊တောင်အာဖရိက၊ဘရာဇီး၊ဆိုက်ဘေးရီးယား(ရုရှား)၊အိန္ဒိယ၊အန်ဂိုလာ၊ ဘော့စ်ဝါနာ၊တရုတ်၊နီမီးဘီးယား၊ဆီရီယာလီယွန် နှင့် တန်ဇီးနီးယား တို့ဖြစ်သည်။အိန္ဒိယ သည် စိန်ကို ရှေးအကျဆုံး စတင်တွေ့ရှိသုံးစွဲခဲ့သည့်ဒေသအဖြစ် မှတ်တမ်းဝင်သော်လည်း ယခုအခါ အရည်အသွေးနိမ့်စိန်များကိုသာ ရောင်းဝယ်ခြင်းပြုသည့်အနေအထားတွင်သာရှိတော့သည်။

အညံ့ပန်း(Spinel)[ပြင်​ဆင်​ရန်​]

အညံပန်း(Spinel)

အညံ့ပန်းမှာ ပတ္တမြား နှင့်တွဲတွေ့ရတတ်သည့် တွဲဖက်ကျောက် ဖြစ်ပါသည်။ ဓာတုဖွဲ့စည်းမှုမှာ မဂ္ဂနီဆီယံ အလူမီနီယံအောက်ဆိုက်ဒ် ဖြစ်သည်။ ယခင်က တန်ဖိုးနည်း ကျောက်အဆင့်သာ သတ်မှတ်သော်လည်း ယခုအခါ လှပပြီး အရည်မီသည့် အညံ့ပန်းဆိုလျှင် ဈေးကောင်းတတ်သည့်အတွက် လူတို့၏ အာရုံစိုက်ခြင်း ခံလာရပြီဖြစ်သည်။ မာဆင့်မှာ ၈ရှိပြီး အနီရောင်ကို လူတို့က ပတ္တမြား အစားသုံးရန် ပိုနှစ်သက်ကြပါသည်။ မြန်မာ၊ သီရိလင်္ကာအာဖဂန်နစ္စတန်ဘရာဇီး နှင့် ထိုင်းနိုင်ငံတို့တွင် ပေါများစွာ တွေ့ရသည်။

မြပုံဆောင်ခဲ

မြ-မျက်ရွှဲအုပ်စု(ဘယ်ရယ်အုပ်စု)(Beryl)[ပြင်​ဆင်​ရန်​]

ဘယ်ရယ်မှာ မြအပါအဝင် အခြားကျောက်မျက်အချို့၏ မူရင်းအုပ်စူဖြစ်ပါသည်။ဓာတုဖွဲ့စည်းမှုမှာ ဘယ်ရယ်လီယံအလူမီနီယံဆီလီကိတ် ဖြစ်ကာ အတန်ပင်ရှုပ်ထွေး၍အမျိုးကွဲများပြားပါသည်။သို့သော်လူများအဓိကတန်ဖိုးထားသည့် မျိုးကွဲမှာ မြ(အမ်မရယ်/Emerald)ဖြစ်သည်။မြ၏အစိမ်းရောင်မှာ ဘယ်ရယ်လီယံအလူမီနီယံဆီလီကိတ် ဒြပ်ပေါင်းတွင် ခရိုမီယံ (သို့မဟုတ်)ဗနေဒီယံ ဒြပ်စင်ပါဝင်မှုကြောင့်ဖြစ်ပြီး ထိုကဲ့သို့ ဒြပ်စင်ပါဝင်မှုကွဲသည့်အလိုက် အရောင်လဲကွဲပြားရသည်။ မာဆင့်မှာ ၇ မှ ၇.၅ ထိရှိ၍ အတန်ပင်မာကျောသည်ဟုဆိုနိုင်သော်လည်း အက်ကွဲစေသည့် ကျွတ်ဆက်မှုမှာ အလွန်ပြင်မြင့်မားသည့်အတွက် အလွယ်တကူပင် ကွဲကျေ လေ့ရှိသည်။အစိမ်းရောင်ရှိသည့် ဘယ်ရယ်ကို မြ(အမ်မရယ်)၊အပြာရောင်ရှိလျှင် မြပြာ(အကွာမရင်း/Aquamarine)၊ပန်းရောင်ရှိလျှင် မော်ဂန်နိုက်(Morganite)၊အဝါရှိလျှင် ဘယ်ရယ်ဝါ(Yellow Beryl) ဟုခေါ်ကြကာ အလွန်ရှားပါးစွာတွေ့ရတတ်သည့် ရွှေရောင်ဘယ်ရယ်ကိုမူ ဟီလီယိုဒေါ(Heliodor) ဟုခေါ်ပါသည်။အဓိကထွက်ရှိသည့်ဒေသများမှာ ကိုလံဘီယာ၊အိန္ဒိယ၊ဇမ်ဘာဘွေ၊ဆိုက်ဘေးရီးယား(ရုရှား) နှင့် ပါကစ္စတန် တို့ဖြစ်ကြသည်။

အလက်ဇန်းဒရိုက်၊သုံးပန်လှကျောက် (Alexandrite)[ပြင်​ဆင်​ရန်​]

သုံးပန်လှကျောက် (Alexandrite)

အလက်ဇန်းဒရိုက် မှာ ဘယ်ရယ်အုပ်စုဝင် မျိုးကွဲတစ်ခုမှ ခရိုက်ဆိုဘယ်ရယ်၏ မျိုးစိတ်တစ်ခုပင်ဖြစ်သော်လည်း အလွန်မှ ရှားပါးပြီး ထူးခြားကျော်ကြားသည့် လက္ခဏာရှိသောကြောင့် သီးသန့်လေ့လာကြခြင်းဖြစ်ပါသည်။မြန်မာအခေါ်အားဖြင့် သုံးပန်လှ ဖြစ်ပါသည်။နာမည်ကဲ့သို့ပင် အရောင်မှာ တစ်ရောင်တည်းအဖြစ်ရပ်တည်မနေပဲ သာမန်အချိန်တွင် လိမ္မော်ရောင်ရှိတတ်ကာ၊ တန်စတင်မီးရောင်(သို့မဟုတ်) ဖယောင်းတိုင်မီးရောင် အောက်တွင် အနီရင့်ရင့် နှင့် နေ့ခင်းနေရောင်အောက်တွင်မူ မြစိမ်းရောင်များအဖြစ်ပြောင်းလဲသွားလေ့ရှိသည်။ သမိုင်းမှာ ရုရှားဇာဘုရင်တစ်ပါးဖြစ်သော အလက်ဇန္ဒား-၂ ၏မွေးနေ့တွင် ထူးခြားစွာဆက်သလာသည့်အတွက်အလက်ဇန်းဒရိုက်ဟုအမည်ပေးခဲ့ခြင်းဖြစ်သည်။ ဓာတုဖွဲ့စည်းမှုမှာ ဘယ်ရယ်လီယံအလူမီနီယံအောက်ဆိုက်ဖြစ်ပြီး မာဆင့်မှာ ၈ အထိရှိပါသည်။ ထွက်ရှိရာဒေသမှာ ရုရှား၏ ယူရယ်တောင်တန်း၊ဘရာဇီး၊သီရိလင်္ကာ၊ဇမ်ဘာဘွေ၊ဇမ်ဘီးယား တို့ဖြစ်ပါသည်။

ကျောက်စိမ်း(Jade)[ပြင်​ဆင်​ရန်​]

ကျောက်စိမ်းကို အနောက်တိုင်းသားများက သိပ်အလေးအနက်မထားသော်ငြား အရှေ့ဖျားတိုင်းသားများ အထူးသဖြင့် တရုတ်အပါအဝင် ဂျပန် နှင့်ကိုးရီးယားတို့ တွင်အလွန်အရေးပါသည့် ကျောက်မျက်ဖြစ်သည်။ကျောက်စိမ်းတွင် ဂျေဒိုက်(Jadeite) နှင့် နက်ဖရိုက်(Nephrite) ဟူ၍အဓိကမျိုးကွဲနှစ်မျိုးရှိပြီးရူပဖွဲ့စည်းပုံသာတူညီ၍ ဓာတုဗေဒဖွဲ့စည်းပုံအပါအဝင်ကျန်အရည်အသွေးများမှာအလွန်ခြားနားလေ့ရှိပါသည်။ ကျောက်စိမ်း၏ဖွဲ့စည်းပုံမှာ အခြားကျောက်မျက်များနည်းတူ အစိုင်အခဲတစ်ခု(သို့မဟုတ်)နှစ်ခုတွဲ မဟုတ်ပဲ ကောက်ညှင်းပေါင်းကဲ့သို့ ကျောက်မှုန်လေးများစွာစုဖွဲ့ထားသည့်အစုအဝေးကြီးဖြစ်သည်။ထိုအမှုန် လေးများကို မြန်မာဈေးကွက်တွင် “ယမ်း”ဟုခေါ်ဝေါ်ကြပါသည်။

ဂျေဒိုက်(Jadeite)[ပြင်​ဆင်​ရန်​]

File:Jadeite.jpg
ဂျေဒိုက်(Jadeite)

ဂျေဒိုက် (Jadeite) မှာ ဆိုဒီယံ အလူမီနီယံ ဆီလီကိတ် ဖြစ်သည်။ မာဆင့်မှာ ၇ တစ်ဝိုက် (၆.၇ မှ ၇.၃) တွင် ရှိလေ့ရှိပြီး အရည်အသွေးမှာ နက်ဖရိုက် အမျိုးအစားထက်ပိုကောင်းကာ ပိုကြည်လင်သဖြင့် အများက ပိုနှစ်သက်ကြသည်။ မြန်မာနိုင်ငံ ကချင်ပြည်နယ်မှ ကမ္ဘာကျော် ကျောက်စိမ်းမှာ ဂျေဒိုက် (Jadeite) အမျိုးအစားဖြစ်ပြီး အရည်အသွေး အကောင်းဆုံးဖြစ်ကာ ဈေးကွက်ဝေစု၏ ၈၀ ရာခိုင်နှုံးကို ရရှိထားပါသည်။ ကျန်ထွက်ရှိရာ နိုင်ငံများမှာ ဂျပန်ကယ်လီဖိုးနီးယား (အမေရိကန်ပြည်ထောင်စု)၊ ဂွာတီမာလာ နှင့် ရုရှားဖက်ဒရေးရှင်း တို့ဖြစ်ပါသည်။

နက်ဖရိုက်(Nephrite)[ပြင်​ဆင်​ရန်​]

နက်ဖရိုက် (Nephrite) မှာ ဂျေဒိုက်လောက် လူကြိုက်မများလှပဲ မျက်နှာပန်းမလှပေ။ မဂ္ဂနီဆီယံ ပါဝင်သောကြောင့် အရောင်မှာ အနက်ရောင်ဖက်ယိုင်ကာ ခပ်ပိတ်ပိတ်ပင်ဖြစ်သည်။ ဓာတုဖွဲ့စည်းမှုမှာ ကယ်လ်ဆီယံ မဂ္ဂနီဆီယံ ဆီလီကိတ် ဖြစ်ပြီးမာဆင့်မှာမူ ဂျေဒိုက် ထက်နည်းကာ ၆.၅ သာသာလောက်ရှိပါသည်။ နယူးဇီလန်၊ ဆိုက်ဘေးရီးယား (ရုရှား)၊ ဝန်းမင်း(အမေရိကန်)၊ ကနေဒါကိုးရီးယား နှင့် ထိုင်ဝမ်တို့တွင် ထွက်ရှိလေ့ရှိသည်။

နက်ဖရိုက်(Nephrite)

ဂေါ်မိတ်(Zircon)[ပြင်​ဆင်​ရန်​]

ဂေါ်မိတ်(Zircon)

ဂေါ်မိတ်မှာ စိန်ကိုတုပနိုင်လောက်အောင် ရောင်လက်အား/မီးအား(Dispersion/Fire)ကောင်းလှသည့် တွင်းထွက်ဖြစ်သည်။မြန်မာတို့ နဝရတ် ကိုးပါးစာရင်းဝင်အဖြစ်နားလည်ကြသည်။ ဓာတုဖွဲ့စည်းမှုမှာ ဇာဂွန်နီယံဆီလီကိတ် ဖြစ်ပြီး မာဆင့် ၇ မှ ၇.၅ ရှိသည်။ ရေဒီယိုဓာတ်ကြွသည့်ဂုဏ်သတ္တိအနည်းငယ်ရှိသော်လည်း လူကိုဘေးဥပါတ်ဖြစ်စေသည်အထိ အန္တရာယ်မရှိပေ။ အရောင်မျိုးကွဲများစွာရှိပြီးအတွေ့ရများသည့်အရောင်များအနက်မှ ရောင်မဲ့၊အဝါရောင် နှင့် အပြာရောင် တို့သာ လူတို့ကနှစ်သက်ကြသည်။မြန်မာ၊သီရိလင်္ကာ နှင့်ထိုင်းနိုင်ငံတို့တွင် အဓိကထွက်ရှိပြီး ကျန်ကမ္ဘာ့ဒေသများတွင်လည်း ထွက်ရှိသည်။

ဥဿဖယား/ထပ်တစ်ရာ(Topaz)[ပြင်​ဆင်​ရန်​]

ဥဿဖယား(Topaz)

ဥဿဖယားသည်လည်း နဝရတ် ကိုးပါးဝင်ရတနာဖြစ်သည်။ဓာတ်ဖွဲ့စည်းမှုမှာ ဖလူအို ဆီလီကိတ်ဖြစ်ပြီး အလူမီနီယံ ဓါတ်စင်ရောနှောပါဝင်သည်။မာဆင့် ၈ ရှိပြီး အညိုရောင် နှင့် အဝါရောင်မှာလူကြိုက်များသည်။ထို့ကြောင့်အခြားအရောင်ရှိ ဥဿဖယားများကို ဓါတ်ရောင်ခြည်ဖြင့်ပြုပြင်ကာ အညိုရောင်နှင့် အဝါရောင်ဖြစ်ရန်ဖန်တီးတတ်ကြသည်။ အမေရိကန်ပြည်ထောင်စုဩစတေးလျမက္ကစီကိုယူနိုက်တက်ကင်းဒမ်း နှင့် မြန်မာတို့တွင်ထွက်ရှိသည်။

မှတ်မီး/မဟူရာ/ဖရဲအူ (Tourmaline)[ပြင်​ဆင်​ရန်​]

မြန်မာတို့အမြင်တွင် မဟူရာကိုသာအသိများပြီး ကျန် မှတ်မီး နှင့် ဖရဲအူတို့ကို အမျိုးတူဟုအသိနည်းပါသည်။ဓာတုဖွဲ့စည်းမှုမှာ ဘိုရို ဆီလီကိတ်တွင် မဂ္ဂနီစီယံ၊အလူမီနီယံ၊သံဓါတ်တို့ ရောနှောပါဝင်သည်။ပါဝင်သည့် အချိုးပေါ်မူတည်ကာ အရောင်များကွဲပြားရခြင်းဖြစ်သည်။မာဆင့် ၇ မှ ၇.၅ ထိရှိသည်။အရောင်အလိုက် နာမည်အခေါ်အဝေါ်များ ကွဲပြားသည်။ရှားပါးစွာတွေ့ရသည့် အရောင်မဲ့ကို အာခရိုရိုက်၊ပန်းရောင်(သို့)အနီရောင်ရှိလျှင် ရူဘယ်လိုက်(ဖရဲအူ)၊ညိုဝါရောင်မှ အညိုရောင်ရှိလျှင် ဒါဗိုက်၊အစိမ်းရောင်ဆိုလျှင်ဗာဒီလိုက်(မှတ်မီး၊စောလဖေါ်မြ၊လွိုင်ကော်မြ၊မဟူရာစိမ်း)၊အပြာရောင်ရှိလျှင် အင်ဒီဂိုလိုက်၊အနက်ရောင်ကို စခေါလ်(မဟူရာ)၊ အရောင်များစပ်တွဲနေလျှင် ပါတီ ဟုခေါ်ကြသည်။

မှတ်မီး/ဖရဲအူ(Tourmaline)

ပြောင်ခေါင်းစိမ်း(Peridot)[ပြင်​ဆင်​ရန်​]

ပြောင်ခေါင်းစိမ်းကို ပေါများစွာတွေ့ရှိရသည့် ဒေသများတွင် မြန်မာနိုင်ငံလည်းပါဝင်သည်။ မိုးကုတ်မြို့ နှင့်အတော်လှမ်းလှမ်းရှိ ပြောင်ခေါင်းရွာအနီးတွင်တူးဖေါ်တွေ့ရှိရသည်ကိုအစွဲပြုကာ မြန်မာတို့က ပြောင်ဂေါင်းစိမ်းဟုခေါ်ခြင်းဖြစ်သည်။မာဆင့်အတော်ပြော့ပြီး ၆.၅ သာရှိသည်။စိမ်းဝါရောင်ရှိသည်။အနောက်တိုင်းသားများကတော့ သံလွင်စိမ်းရောင်(Olive green)ဟုသတ်မှတ်ကာ ဓာတုဗေဒ အမည်ကိုလည်း အိုလီဗင်း(Olivine) ဟုခေါ်ကြသည်။အားနည်းချက်မှာ ငရဲမီးစားသည့်ဒဏ်ကို မခံနိုင်ပေ။

ပြောင်ခေါင်းစိမ်း(Peridot)

မြန်မာ၊တရုတ်၊ဘရာဇီး၊ဩစတေးလျ နှင့် တောင်အာဖရိက တို့တွင် တွေ့ရှိရသည်။