ကျောက်ပုံနှိပ်အတတ်

ဝီကီပီးဒီးယား မှ
ကျောက်ပုံနှိပ်အတတ်ဖြင့် ပုံနှိပ်ထားသော ချားလ်မာရီယွန်ရပ်ဆဲလ် ၏ ကပ်စတာ တိုက်ပွဲ (၁၉၀၃)

လစ်သိုဂရပ်ဖီခေါ် ကျောက်ပုံနှိပ်အတတ်မှာ၊ လက်ဦး၌ ကျောက်ပြားသက်သက်ဖြင့် ပုံနှိပ်ယူသော အတတ်ဖြစ်သည်။ မျက်နှာပြင်ပေါ်တွင်ဓာတုနည်းဖြင့် စာသားနှင့်ပုံရိပ်တို့ကိုထင်စေပြီး ယင်းပေါ်သို့စက္ကူဖြင့်ဖိကပ်ကာပုံနှိပ်ခြင်းဖြစ်သည်။ သို့ရာတွင် ယခုအခါ ကျောက်ပြားအစား ပလိပ်ပြားများ၊ သွပ်ပြားနှင့် အလူမီနီယမ်ပြားများ ကိုလည်း အသုံးပြုလျက် ရှိကြပေသည်။


အလိုရှိသောစာနှင့် ပုံများကို ကျောက်ပြား ပေါ်၌ ပထမရေးဆွဲပြီးနောက် စက္ကူပေါ်သို့ ပုံနှိပ်ကူးယူရသဖြင့် လစ်သိုဂရပ်ဖီ သို့မဟုတ် ကျောက်ပုံနှိပ် အတတ်ဟု တွင်လာသည်။ ဤအတတ်သည် စီးပွားရေးလုပ်ငန်းဖြစ်သော ပုံနှိပ်အတတ်လည်း ဖြစ်၍၊ ပန်းချီဆရာများအတွက် ပန်းချီလက်ရာပြ သုခုမပညာတစ်ရပ်လည်း ဖြစ်ပေသည်။ ပုံနှိပ်စာလုံးနှင့် ဘလောက်များတွင် စက္ကူပေါ်၌ မင်ထင်အောင် ရိုက်နှိပ်ပေးရမည့် အစိတ်အပိုင်းများသည် များသောအားဖြင့် ကျန်အစိတ်အပိုင်းများထက် မြင့်ကြွပြီး နေသည်ကို တွေ့ကြရမည်။ သို့ရာတွင် ကျောက်ပုံနှိပ်အတတ်၌ ထူးခြားချက်မှာ ပုံနှိပ်စရာ ကျောက်ပြား သို့မဟုတ် သတ္တုပြား၏ မျက်နှာ ပြင်သည် တစ်ပြင်လုံး ညီညာချောမွတ်လျက် ရှိခြင်းဖြစ်သည်။ ကျောက်ပုံနှိပ်အတတ်သည် ဆီနှင့်ရေ ရောစပ်ခြင်းမရှိသည့် အချက်ပေါ်တွင် မူတည်ပေါ်ပေါက်လာသော အတတ်ဖြစ်၍၊ ဤသို့ ကျောက်ပုံဖြင့် ပုံနှိပ်သည့်နည်းကို အလွိုက်စီနီဖဲလဒါး ဆိုသူ ဂျာမနီနိုင်ငံ ဗာဗေးရီးယား ပြည်နယ် မြူးနစ်မြို့သား တစ်ဦးက ၁၇၉၆ ခုနှစ်တွင် စတင်တီထွင်ခဲ့လေသည်၊ ဓာတ်ပုံဘလောက်များဖြင့် တန်ဖိုးနည်းပါစွာ ရိုက်နှိပ်နိုင်သည့်နည်း ပေါ်ပေါက် လာပြီးနောက်တွင်၊ ဤကျောက်ပုံနှိပ်နည်းသည် ကွယ်ပျောက်တိမ်ကောလုမတတ် ဖြစ်ခဲ့ရဘူးသည်။ သို့သော် ယခုအခါ ကမ္ဘာကျော် ပန်းချီဆရာကြီး အများကပင်၊ ဤနည်းကို ပြန်လည်အသက်သွင်းခဲ့ကြ၏။ ပုံနှိပ်လုပ်ငန်းတွင် ဤနည်းကို တဖြည်းဖြည်း အသုံးများလာကြ၏။ ရောင်စုံမြေပုံနှင့် ရုပ်ပုံများကိုလည်း ကျောက်ပုံနှိပ်နည်းဖြင့် ပုံနှိပ်ယူကြသည်။

ဝေါဟာရရင်းမြစ်[ပြင်ဆင်ရန်]

လစ်သိုဂရပ်ဖီဟူသော ဝေါဟာရမှာ ဂရိစကားမှ ဆင်းသက် လာ၍၊ ကျောက်ပေါ်၌ ရေးခြင်း ဆွဲခြင်းဟု အဓိပ္ပာယ်ရသည်။


အသုံးပြုပုံပြုနည်း[ပြင်ဆင်ရန်]

ပုံနှိပ်ကျောက်ပြုလုပ်ပုံမှာ အသားပွသော ထုံးကျောက်ပြားတစ်ချပ်ကို ရှေးဦးစွာ မျက်နှာပြင်ချောမွတ် ညီညာလာအောင် ပွတ်တိုက်ပေးရသည်။ ထို့နောက် အဆီပါသော ကရေယွန် ရောင်စုံ ဆေးတောင့်နှင့်ဖြစ်စေ၊ အမဲဆီကဲ မင်နှင့်ဖြစ်စေ၊ လိုရာပုံ သို့မဟုတ် စာများကို ကျောက်ပြားပေါ်တွင် ရေးဆွဲ ပြီးလျှင် တမာစေး၊ သို့ မဟုတ် ထနောင်းစေးရည်ဖြင့် ကျောက်ပြားမျက်နှာပြင်ကို သုတ်လိမ်း၍ အခြောက်ခံရသည်၊ ထို့နောက် မျက်နှာပြင်ကို ရေဆေးပြီး အဆီကဲ မင်လုံးဖြင့် လှိမ့်သည်။ မင်လုံးလှိမ့်ပြီး မျက်နှာပြင်ကို ထင်းရှူးဆီအမှုန့် နှင့် ပြင်သစ်မြေဖြူအမှုန့် ၂ မျိုး ရောစပ်သည့် အမှုန့်ဖြင့် ဖြူး၍ နိုက်ထရစ်အက်ဆစ်နှင့် ကျောက်ချဉ်ရောသည့် ပျော်ဝင်ရည်ဖြင့် မျက်နှာပြင်တစ်ခုလုံး သန့်လာစေရန် ဆေးစားရသည်။ ထိုအခါ အက်ဆစ်ရည်သည် ဆေးရေးထားသည့် နေရာများမှအပ၊ ကျန်နေရာအားလုံးကို စားပစ်လိုက်သည်။ စားပစ်သည် ဆိုသော်လည်း နိမ့်ချိုင့်သွားအောင်စားပစ်ခြင်းကား မဟုတ်။ ချေးစင်၍ ရေနှင့်ထိက ရေစွဲနိုင်အောင် စားခြင်းသာ ဖြစ်၏။ ထို့နောက် ကျောက်ပြားကို ရေဆွတ်ပေးသောအခါ၊ အက်ဆစ်စားသွားသည့်နေရာများတွင် ရေစိုသွား၍ ဆေးရေးထားသည့် နေရာများတွင်မူ ရေမစိုချေ။

ထိုကျောက်ပြားမျက်နှာပြင်ပေါ်တွင် ပုံနှိပ်မင်ကို ဒလိမ့်ဖြင့် လှိမ့်ပေးသောအခါ၊ မင်တွင် ဆီပါနေသည့်အတွက် ဆေးရေးထားသည့် နေရာများတွင်သာ စွဲပြီးလျှင်၊ ရေစိုနေသော နေရာများ၌ မစွဲနိုင်ပေ။ ဤသို့ မင်လှိမ့်ပြီးနောက် ကျောက်ပြားမျက်နှာပြင်ပေါ်၌ စက္ကူတစ်ရွက်ကို ဖိနှိပ်ပေးသောအခါ ဆေးတောင့် သို့မဟုတ် မင်ဖြင့် ရေးထားသည့် မူလအတိုင်း စက္ကူပေါ်တွင် ပုံနှိပ်ပြီးသားရလေသည်။ ထို့ကြောင့် အရောင်အမျိုးမျိုးနှင့် ပုံနှိပ်လိုသောအခါ ကျောက်ပြားအများကို အသုံးပြုရသည်။

ပုံနှိပ်ကျောက် ပြုလုပ်သည့်ကျောက်ကို ဗာဗေးရီးယားပြည်နယ် ဂျူရာတောင်မှ အများအစား ရရှိသည်။ သို့သော် ထိုကျောက်မျိုးကို လိုသလောက် မရနိုင်ခြင်း၊ ကွဲလွယ်တတ်ခြင်း၊ အချို့သောခေတ်မှီပုံနှိပ်စက်မျိုး၌ တပ်ဆင်၍ အသုံးမပြုနိုင်ခြင်း စသောအကြောင်းများကြောင့် အစားထိုးနိုင်သည့် ပစ္စည်းများကို စမ်းသပ် ရှာဖွေခဲ့ကြရာ နောက်ဆုံးတွင် သွပ်ပြားနှင့် အလျူမီနီယမ်ပြားများကို တစ်မျိုး တစ်မည် စီမံ၍ အသုံးပြုနိုင်ကြောင်း တွေ့ခဲ့ရသည်။ ပုံနှိပ်ကျောက်ပြား (သို့မဟုတ် သတ္တုပြား) ပေါ်၌ ရုပ်ပုံများ စာများကို ရေးသားပုံဖော်ရာတွင်၊ ဓာတ်ပုံ ဘလောက်ပြုလုပ်သည့်နည်းအတိုင်း၊ ဓာတ်ပုံမှတစ်ဆင့် ပုံကူးနိုင်သည်။ ထိုနည်းကို ဖိုတိုလစ်သိုဂရပ်ဖီ (ဓာတ်ပုံ ကျောက်ပုံနှိပ်)နည်းဟု ခေါ်၏။ ဆီမှိုင်း၊ ဆပ်ပြာ၊ ဖယောင်း၊ ဆီတို့ဖြင့် ဖော်စပ်ထားသော ပုံကူး စက္ကူပေါ်တွင် ပထမရေးပြီးမှ၊ ထိုစက္ကူကို မျက်နှာပြင်ပေါ်၌ ဖိ၍ ဆွဲပွတ်ပေးခြင်းဖြင့်လည်း ပုံကူးပေးနိုင်သည်။ ပုံနှိပ်ကျောက်များဖြင့် ပုံနှိပ်သည့်အခါ အော့ဖဆက်ခေါ် တစ်ဆင့်ခံပုံနှိပ်နည်းမျိုးဖြင့်လည်း ပုံနှိပ်နိုင်သည်။ အော့ဖဆက်ပုံနှိပ်နည်းတွင် ပုံနှိပ်ကျောက်ပေါ်ရှိ ပုံကို ရော်ဘာ ဒလိမ့်တုံး ပေါ်၌ ပထမ ထင်စေပြီးမှ၊ ရော်ဗာဒလိမ့်တုံးမှ တစ်ဆင့် စက္ကူပေါ်သို့ ပုံကိုကူးပြောင်း ပုံနှိပ်ပေးသည်။ ပုံနှိပ်ကျောက်ဖြင့် တိုက်ရိုက်ပုံနှိပ်နည်းတွင် စက္ကူအချောစားကိုသာ အသုံးပြုနိုင်သည်။ သို့သော် တစ်ဆင့်ခံ ပုံနှိပ်နည်းဖြင့် ပုံနှိပ်သောအခါ စက္ကူအကြမ်းစားများကိုလည်း အသုံးပြုနိုင်သည်။ ယခုအခါ ယင်းစက္ကူနှစ်မျိုးလုံးကို အလွယ်တကူ ဝယ်ယူ သုံးစွဲနိုင်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)အပိုင်း(ခ)