ကျောက်တန်းမြို့
ကျောက်တန်းမြို့ [ပြင်ဆင်ရန်]
ကျောက်တန်းမြို့သည် မြန်မာနိုင်ငံ အောက်ပိုင်း၊ ဟံသာဝတီခရိုင်၊ ကျောက်တန်းမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်၍ မှော်ဝန်းမြစ်ကမ်းပေါ်တွင် တည်ရှိသည်။ သံလျင်ကျိုက်ခေါက် ကုန်းတန်းကြီး၏ တစ်ဖက်စွန်းတွင် တည်ရှိ၍ ပင်လယ်ပြင်နှင့် ၁၂ မိုင်ခန့် ကွာဝေးသည်။
မှော်ဝန်းမြစ်ထဲတွင် တန်း၍နေသော ကျောက်တန်းကြီးကို အစွဲပြု၍ ကျောက်တန်းမြို့ဟု ခေါ်သည်။ ရှေးအခါက ကျောက်တန်းမြို့သည်၊ ကျောက်တန်း၊ သံလျင်၊ ခရမ်း၊ သုံးခွမြို့နယ်တို့၏ နယ်ပိုင်ရုံးစိုက်ရာ မြို့ဖြစ်ခဲ့၍ သံလျင်သင်္ဘောဆိပ်အထိ ကျေးရွာပေါင်း ၉ဝ ကျော် ပါဝင်ခဲ့သည်။ ထို့နောက်တွင် သံလျင်မြို့ ဘီအိုစီကုမ္ပဏီ၏ ဆန္ဒအရ သံလျင်မြို့ကို နယ်ပိုင်ရုံးစိုက်ရာမြို့ လုပ်လိုက်သည်။ လွတ်လပ်ရေး ရပြီးနောက်၊ ကျောက်တန်းမြို့နယ်မှာ တောင်နှင့် မြောက် မိုင် ၂ဝ၊ အရှေ့နှင့် အနောက် ၃၇ မိုင် ကျယ်ဝန်း၍ စိုက်ပျိုးသော မြေဧက ၁၂၈၅ဝဝ နှင့် မြေလွတ်ဧက ၁ဝဝဝဝ ခန့် ပါဝင်သည်။ ကျေးရွာပေါင်း ၆၄ ရွာ ပါဝင်၍ သူကြီးပိုင် ၅၃ ပိုင် ရှိသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ကျောက်တန်းမြို့ရှိ လူဦးရေမှာ ၃၇၉၄ ဖြစ်၏။
ကျောက်တန်းမြို့ပေါ်တွင် မြို့ပိုင်ရုံး၊ တရားမနှင့် ရာဘက်ရာဇဝတ် တရားသူကြီးရုံး၊ ရဲဌာန၊ စာပို့တိုက်၊ ဆေးရုံ၊ ဈေးရုံးများနှင့်၊ မူလတန်းကျောင်း ၃ ကျောင်း၊ အထက်တန်း ကျောင်း ၁ ကျောင်း၊ ရဟန်းတော် ကျောင်း ၂၁ ကျောင်း ရှိသည်။ မြို့၏အကျယ်အဝန်းမှာ တစ်မိုင်ပတ်လည်ခန့် ရှိသည်။ မြို့နယ်ရှိ လူဦးရေ ရာခိုင်နှုန်း ၉ဝ ကျော်မှာ လယ်ယာလုပ်ငန်း ကို အမှီပြု၍ အသက်မွေးကြသည်။
ကျောက်တန်းမြို့သည် ဂဝံကျောက်မြေပေါ်တွင် တည်ရှိ၍ မြောက်ဖက်မှ တောင်ဖက်သို့ ဆင်ခြေလျှော နိမ့်ဆင်းသွား သည်။ ကျောက်တန်းမြို့မှာ တည်စက မှော်ဝန်းမြစ်ကမ်းတွင် ကပ်လျက်ရှိ၍ ထိုနေရာကို ယခုတိုင် ရွာဟောင်းဟု ခေါ်တွင် နေသေးသည်။
ကျောက်တန်းမြို့တွင် ထင်ရှားသောအဆောက်အုံများမှာ မြတ်စွာဘုရား၏ ဓါတ်တော်မွေတော်များကို ဌာပနာသွင်း၍ တည်ထားသော ကျောက်တန်းရေလယ်ဘုရား ဘွဲ့ချီသည့် ကျိုက်မှော်ဝန်းဘုရားနှင့် တစ်ဖက်ကမ်းရှိ ကျိုက်ပြာသာဒ် တနော်၊ ကျိုက်ပြာသာဒ်တနွံဘုရားများ ဖြစ်၏။
မှော်ဝန်းမြစ်ထဲရှိ ကျောက်တန်းများကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲ၍ သင်္ဘောများ ခုတ်မောင်းနိုင်ရန် ရေ ကြောင်း ပြုပြင်ထားသည်။ ကျောက်တန်းမြို့၏ ရာသီဥတုမှာ သာယာ၍ ပင်လယ်လေညှင်း ရသည်။ သံလျင်မြို့မှ ကုန်းလမ်းရေလမ်း နှစ်သွယ်ဖြင့် သွားလာနိုင်သည်။ ကျောက်တန်းမြို့တွင် ရေကောင်းရေသန့် ရရှိသည်။ ရန်ကုန်မှလူများသည် ကျောက်တန်းမြို့သို့ အလည်အပတ်သွားလေ့ ရှိကြသည်။
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)အပိုင်း(ခ)
|
|||||||||||||||||||||||
|
||||||||