ကျောက်ဆေးထိုးခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
နှစ်ခွအပ်ဖြင့် ကျောက်ဆေးထိုးနေပုံ

ကျောက်ဆေးထိုးခြင်း[ပြင်​ဆင်​ရန်​]

၁၇၆၈ ခုနှစ်၊ နွေရာသီတစ်ညနေခင်းတွင် အင်္ဂလန်နိုင်ငံ ဗရစ္စတိုမြို့အနီးရှိ ဆေးရုံတစ်ရုံ၌ နွားနို့သည်မကလေး တစ်ယောက်သည် မိမိ၏ရောဂါကို ပြသလို၍ ဆရာဝန်ထံ ရောက်လာလေသည်။ ဆရာဝန်က နွားနို့သည်မ၏ ရောဂါမှာ ကျောက်ကြီးရောဂါဖြစ်ကြောင်း ပြောလေသည်။ နွားနို့သည်မ ကလေးမှာ ထိုသို့ပြောသည်ကို မကျေနပ်နိုင်ဘဲ၊ 'အိုရှင်၊ ကျမ နွားကျောက်ပေါက်ပြီးပါပြီ။ ကျောက်ကြီးရောဂါ မဖြစ်နိုင်ပါဘူး' ဟု ပြောဆို၍ ထွက်သွားလေသည်။

ထိုအချိန်၌ ဆရာဝန်၏ အနားတွင် အက်ဒွပ်ဂျန္နားဆိုသူ ၁၉ နှစ်အရွယ် ဆေးကျောင်းသားတစ်ယောက် ရှိလေသည်။ ထိုသူတစ်ဦးတည်းသာလျှင် နွားနို့သည်မ၏ စကားကို ဂရုတစိုက် မှတ်သားလိုက်လေသည်။ အက်ဒွပ်ဂျန္နားကား ဆေးပညာကို ပြီးမြောက်အောင် သင်ကြားလျက်နေစဉ် ထိုစကားကို သတိရနေသည်။ နွားနို့သည်မ၏ စကားမှန်ပါက လူများကို နွားကျောက်ပေါက်အောင်လုပ်ပြီးလျှင် ကျောက် ကြီးရောဂါကို ကာကွယ်ပေးနိုင်မည်ဟု တွေးထင်မိလေသည်။ ထို့ကြောင့် နွားနို့သည်မ၏ စကား မှန်မမှန်ကို စုံစမ်းရန် သန္နိဋ္ဌာန် ချခဲ့လေသည်။

ဂျန္နားသည် ၁၇၇၃ ခုနှစ်တွင် ဆေးပညာကို သင်ယူ တတ်မြောက်ပြီး၍ ဗာကလေးမြို့သို့ ပြန်လာပြီးနောက်၊ ဆေးဆရာအဖြစ်ဖြင့် အသက်မွေးမြူလေသည်။ သူသည် အားလပ်ချိန်များတွင် နွားကျောက် အကြောင်းကို စံနစ်တကျ လေ့လာသည်။ ထိုသို့ လေ့လာရာတွင် နွားကျောက် ပေါက်ဘူး သူသည် ကျောက်ကြီးရောဂါ မဖြစ်နိုင်ဟုဆိုသော နို့သည်မ ၏အယူအဆမှာ အကယ်ပင် မှန်ကန်ကြောင်းကို သိလေသည်။ ဂျန္နားကား နှစ်ပေါင်း ၂ဝ တိုင်အောင် နွားကျောက်အကြောင်း ကို လေ့လာပြီးမှ ကျောက်ကြီးရောဂါ ကာကွယ်နိုင်သည့် ကျောက်ဆေးထိုးနည်းကို သိရှိခြင်းဖြစ်လေသည်။

၁၇၉၆ ခု မေလ ၁၄ ရက်နေ့တွင် ဂျန္နားသည် အသက် နှစ်အရွယ်ရှိ ဂျိမ်းဖစ်ခေါ် သူငယ်ကလေးကို နွားကျောက် ရည်နှင့် စမ်း၍ ကျောက်ဆေးထိုးပေးလေသည်။ ကျောက်ဆေး ထိုးပေးသောနေရာ၌ နွားကျောက် အဖုများ ပေါက်လာသည်။ ထို့နောက် ကလေးကို ကျောက်ကြီးမှ ပြည်များဖြင့် ထပ်၍ ထိုးပေးပြန်သည်။ သူထင်မှတ်ခဲ့သည့်အတိုင်းပင် ထိုကလေးတွင် ကျောက်ကြီးရောဂါ မဖြစ်ကြောင်းကို တွေ့ရသည်။ ထိုအချိန်မှ စ၍ ကျောက်ကြီးရောဂါကို ကာကွယ်ရန် ကျောက်ဆေး ထိုးခြင်းမှာ ခေတ်စားလာလေသည်။

ဂျန္နားသည် နွားကျောက်မှ ထုတ်ယူရရှိသော နွားကျောက် ရည်ကို 'ဗက်ဆင်း'ဟု အမည်ပေးခဲ့၍၊ ကျောက်ဆေးထိုးခြင်းကို 'ဗက်ဆင်းနေးရှင်း'ဟု ခေါ်ခဲ့သည်။ ဗက်ဆင်းဆိုသောစကားမှာ လက်တင် အလိုအားဖြင့် နွားဟု အဓိပ္ပါယ်ရသည့် 'ဗက်ကာ' ခေါ် ဝေါဟာရကို အစွဲပြုပြီး မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ကျောက်ဆေးထိုးခြင်း အလေ့အထသည် ချက်ချင်းပင် ဥရောပတိုက်နှင့် အမေရိကတိုက်တို့သို့ ပျံ့နှံ့သွားလေသည်။ များမကြာမီ နိုင်ငံအနှံ့အပြားတွင် ကျောက်ကြီးရောဂါကို ယခင် ကလောက် စိုးရိမ်စရာ မရှိအောင် တိုက်ခိုက်နှိမ်နင်းနိုင်ကြ လေသည်။ ကျောက်ဆေးထိုးခြင်းသည် ကျောက်ကြီးရောဂါ ကာကွယ်ရေးအတွက် အလွန်ထိရောက်သဖြင့် ယဉ်ကျေးသော တိုင်းပြည်ဟူသ၍၌ ကျောက်ဆေးမထိုးဘဲ မနေရဟူသော ဥပဒေကို ထုတ်ပြန်ထားကြလေသည်။

ကျောက်ဆေးကို ၁ ကြိမ်ထိုးရုံဖြင့် ကျောက်ကြီးရောဂါကို နှစ်ပေါင်းများစွာ ကာကွယ်နိုင်သော်လည်း တစ်သက်လုံးအတွက် လုံလောက်ပြီဟု မယူဆသင့်ပေ။ အနည်းဆုံး ၇ နှစ် ၁ ကြိမ် ထပ်ကာ ထိုးပေးမှသာ ထိုရောဂါကို အမြဲတမ်းကာကွယ်ပေးရာ ရောက်လေသည်။ ကျောက်ဆေးထိုးခြင်းသည် ကျောက်ကြီး ရောဂါ ဖြစ်သည့်တိုင်အောင်လည်း အသက်ဘေးအန္တရာယ် အတွက် စိုးရိမ်စရာ မရှိချေ။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)