ကျောက်ကြီးမြို့

ဝီကီပီးဒီးယား မှ

ကျောက်ကြီးမြို့သည် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင် ပါဝင်၍ ကျောက်ကြီးမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ စစ်တောင်းမြစ်အတွင်းသို့ စီးဆင်းသော ကျောက်ကြီးချောင်း ကမ်းနဖူးပေါ်တွင် တည်ရှိသည်။ ချောင်းသည် မြို့ကိုပတ်၍ စီးဆင်းသည်။ မြို့တည်နေပုံမှာ ချောင်းကိုအရှေ့အနောက်ခွ၍ တည်သည်။ မြို့အကျယ်အဝန်းမှာ အလျား ၂ မိုင် အနံ ၁/၂ မိုင်ခန့်ရှိ၍ မြို့နယ်မှာမူ စတုရန်းမိုင် ၁၂၁၇ ကျယ်ဝန်း၏။ မြို့ပေါ်တွင် လူနေအိမ်ခြေ ၄ဝဝ ခန့်ရှိ၍ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၄၈၉ ယောက်ခန့် ရှိသည်။ ကရင်လူမျိုးမှာ အများစုဖြစ်သည်။ အသက်မွေးဝမ်းကျောင်းမှုအတွက် လုပ်ကိုင်သော လုပ်ငန်းများကား လယ်နှင့် ကိုင်းများ ဖြစ်သည်။ သို့သော် စပါးကို ကျောက်ကြီးမြို့နယ် စစ်တောင်းမြစ်ဝှမ်းတလျှောက်တွင် ၁ဝ မိုင်ခန့်မျှသာ စိုက်ပျိုးသည်။ လမ်းခင်း ကျောက်တူး လုပ်ငန်းလည်းရှိသည်။ ထို့ပြင် မြို့၏မြောက်ဘက် ၂၄ မိုင်ကွာရှိ ထင်ရှားသော မုံးရွာကြီး၌ ကွမ်းသီးလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ကြသည်။ နာမည်ကျော် တောင်ငူကွမ်းသီးလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ကြသည်။ နာမည်ကျော် တောင်ငူကွမ်းသီးမှာ မုံရွာမှထွက်သော ကွမ်းသီးဖြစ်သည်။ မြို့ပေါ်၌ မြို့ပိုင်ရုံး၊ ရဲဌာန၊ အလယ်တန်းကျောင်း၊ ဆေးရုံများ ရှိသည်။ ပြည်တော်သာစီမံကိန်းအရ မြို့ အရှေ့ဘက် နှင့် အနောက်ဘက်ကို ဆက်သွယ်ဆောက်လုပ်ထားသော ဈေး တံတားကြီးခေါ် တံတားကြီး ရှိသည်။ မြို့အရှေ့ဘက် တစ်မိုင် ခန့်အကွာ တောင်ပေါ်၌ ခြေတော်ရာဘုရားခေါ် ထင်ရှားသော စေတီတစ်ဆူ ရှိသည်။ မြို့ အနောက်ပိုင်းကား ပို၍ စည်ကား သည်။ နှစ်စဉ်ကျင်းပလေ့ရှိသော ပွဲတော်ကား ရှင်ဥပဂုတ်ဖောင် တော်မျှောပွဲ ဖြစ်သည်။ ထိုပွဲတော်ကို နှစ်စဉ် တော်သလင်း လပြည့်နေ့တွင် ကျင်းပရာ လှေပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲနှင့် ဝမ်းဘဲ ဖမ်းပွဲများပါ ကျင်းပကြသည်။[၁]

မြို့ဖြစ်ပုံ[ပြင်ဆင်ရန်]

ကောဇာသက္ကရာဇ် ၁၁၁၂ ခုနှစ်ဝယ် ငါးမြို့သူကြီး မောင်ဆုတောင်းသည် ဖခင်မောင်ကြောင်၏ အရိုက်အရာကို ဆက်ခံရာတွင် မူလရှိခဲ့သော ကပ်ကျေးရွာကို စွန့်ခွာပြီး၊ မြို့သစ်တည်ရန် နေရာသစ် ရှာဖွေသည်။ ပြဒါးချောင်း ပတ်လည် ကွေ့ဝိုက်စီးဆင်းနေကာ၊ အလယ်တွင် ကျွန်းငယ် ပေါ်ထွန်းနေသော ၎င်း နေရာကို မြို့သစ်တည်ပြီးနောက် ရွှေဂူဟု ခေါ်တွင်သော စေတီ ၁ ဆူကိုလည်း တည်သည်။ မန်းနေပြည်တွင် ထီးနန်းစိုးစံနေသော ဘာသာတရား ကြည်ညိုကိုင်းရှိုင်းလှသည့် ဘိုးတော်ဘုရားထံ ကုသိန္ဒာရုံတောင်ခြေဝယ် စေတီတည်ထား၍ ဆက်သကြောင်း သွားရောက် လျှောက်တင်သည်၌၊ ဘိုးတော်ဘုရား နှစ်သက်ဝမ်းမြောက်သောကြောင့် မူလ ကပ်ကျေးရွာမှ ကျောက်ကြီးမြို့ဟု သမုတ်ခွင့်ပြုတော်မူသည်။

[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  2. ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကျောက်ကြီးမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ ၂၀၁၉ စက်တင်ဘာလ