ကျူးရီး၊ အမ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မေရီကျူရီ

မာရီ ကျူးရီး(ခရစ် ၁၈၆၇-၁၉၃၄)[ပြင်​ဆင်​ရန်​]

မာရီကျူးရီကို ၁၈၆၇ ခု နိုဝင်ဘာလ ရ ရက်နေ့တွင် ပိုလန်နိုင်ငံ ဝါဆောမြို့၌ ဖွားမြင်သည်။ ပိုလန်လူမျိုးမိဖများမှ မွေးဖွားခဲ့သူဖြစ်၍၊ သူ၏ဖခင်မှာ ဝါဆောမြို့ကောလိပ်ကျောင်းမှ ရူပဗေဒပါမောက္ခ လာဒစ္စလော့စကလိုဒေါ့စကား ဆိုသူ ဖြစ်ပေသည်။ အသက်အရွယ်ငယ်စဉ်ကပင် မာရီသည် ဖခင်၏ လက်တွေ့စမ်းသပ်ခန်းထဲတွင်သာ အချိန်ဖြုန်းလေ့ ရှိသည်။ ဤသို့ဖြင့် ကြီးပြင်းလာသည့်အခါ ဖခင်၏အလုပ်တွင် စိတ်ဝင်စားလာပြီးလျှင် ဖခင်ထံတွင် အခြေခံ သိပ္ပံပညာရပ် များကို သင်ကြားခဲ့၏။ ဉာဏ်ပညာထက်မြက်သည့်အလျောက် ဆရာကြီး၏ တပည့်များက မာရီအား ပါမောက္ခကလေးဟူ၍ အမည်ပေးခဲ့ကြသည်။ မာရီသည် အသက် ၁၆ နှစ်အရွယ်တွင် သင်္ချာနှင့် သိပ္ပံပညာရပ်များ၌ ထူးချွန်သဖြင့် ရွှေတံဆိပ်ဆု ရခဲ့ဘူး၏။

ရုရှားနိုင်ငံတွင် ကလေးထိန်းဆရာမအလုပ်ကို ခေတ္တလုပ်ကိုင်ခဲ့ပြီးနောက် မာရီကျူးရီးသည် တော်လှန်ရေး ကျောင်းသားအဖွဲ့တွင် ပါဝင်ခဲ့သဖြင့် ဝါဆောမြို့မှ ပါရစ် မြို့တော်သို့ တိတ်တဆိတ် ထွက်ပြေးခဲ့ရသည်။ ထိုနောက် မာရီသည် ပညာဆက်လက်သင်ကြားခွင့် ရရှိသဖြင့် ကြိုးကြိုးပမ်းပမ်း သင်ယူခဲ့သည်တွင် သိပ္ပံဘွဲ့ကို ရရှိခဲ့လေသည်။ ထို့နောက် ပါမောက္ခ ပီယဲကျူးရီနှင့် မာရီတို့သည် တစ်ဦးကိုတစ်ဦး မေတ္တာသက်ဝင် ချစ်ခင်ခဲ့ကြရာ ၁၈၉၅-ခုနှစ်တွင် ထိမ်းမြားလက်ထပ်လိုက်ကြသည်။ ပီယဲကျူးရီမှာ ထိုစဉ်က ပါရစ်မြို့ရှိ ရူပဗေဒနှင့် ဓါတုဗေဒပညာရပ်များကို သင်ကြားပို့ချသော မျူနီစီပယ်ကျောင်း အထွေထွေ ရူပဗေဒ ပါမောက္ခဖြစ်သည်။ ဝါသနာတူညီလှသော ဇနီးမောင်နှံတို့သည် သိပ္ပံပညာပြဿနာများကို ဆွေးနွေးတိုင်ပင်လျက် သုသေတန လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ ၁ဝ၉၆ ခုနှစ်တွင် အမ်ဗက္ကရယ်ဆိုသူသည် အလွန်အလေးချိန်စီးသော ယူရေနီယမ် သတ္တုတွင် ရေဒီယိုသတ္တု ရှိကြောင်း စုံစမ်းရှာဖွေ တွေ့ရှိခဲ့လေသည်။ မေရီနှင့် ပီယဲတို့သည် အမ်ဗက္ကရယ် ရှာဖွေတွေ့ရှိခဲ့သော ရေဒီယိုသတ္တုတွင် များစွာ စိတ်ဝင်စားလာကြ၍ အခြားဒြပ်စင် များတွင်လည်း ထိုရေဒီယိုသတ္တု ရှိမည်ဟု ယုံကြည်သဖြင့် စူးစမ်းရှာဖွေကြည့်ရာတွင် သိုရီယမ် သတ္တုတွင်လည်း ရေဒီယိုသတ္တုရှိကြောင်း တွေ့ရှိခဲ့သည်။ ၁၈၉၈ ခု ဇွန်လတွင် သူတို့သည် ပစ်ချဗလင်း ကတ္တရာမှ ရေဒီယိုသတ္တုရှိသော ဒြပ်စင်တစ်ခု တွေ့ရှိခဲ့လေသည်။ ယင်းကို မာရီသည် သူ၏ဇာတိချက်ကြွေ ပိုလန်ပြည်ကို ဂုဏ်ပြုသောအနေဖြင့် ပိုလိုနီယမ်ဟု မှည့်ခေါ်ခဲ့၏။ ထိုနှစ်တွင်ပင် ဂျီးဗီးမွန် ဆိုသူနှင့်အတူ ရေဒီယမ်ကို တွေ့ရှိပြန်သည်။ သူတို့သည် ပိုလိုနီယမ်နှင့် ရေဒီယမ်တို့ကို ပစ်ချဗလင်းကတ္တရာမှ ပင်ပန်းကြီးစွာ ထုတ်ယူရရှိခဲ့ကြသည်။ ရေဒီယမ်မှာ ယခုအခါ ကင်ဆာနှင့် အခြားရောဂါများကို ကုသရာတွင် အသုံးပြု ရသော ထူးဆန်းသည့်ဒြပ်စင်တစ်ခု ဖြစ်ပေသည်။ ၁၉ဝ၃ ခုနှစ်တွင် အင်္ဂလန်ပြည်တော်ဝင် အသင်းက ကျူးရီဇနီးမောင်နှံတို့အား အကြီးဆုံးသိပ္ပံဂုဏ်ထူး ဖြစ်သော ဒေဗီတံဆိပ်ဖြင့် ချီးမြှင့်ခဲ့သည်။ ထိုနှစ်၌ပင် ရူပဗေဒ ပညာရပ်အတွက် အမ်ဗက္ကရယ်နှင့် တွဲဖက်၍၊ နိုဗဲဆုကို ရရှိခဲ့၏။

၁၉ဝ၄ ခုနှစ်တွင် ပီယဲကျူးရီသည် ဆော်ဗွန်းတက္ကသိုလ်၌ ရူပဗေဒပါမောက္ခရာထူးကို ရလေသည်။ သို့ရာတွင် ၁၉ဝ၆ ခု ဧပြီလ ၁၉ ရက်နေ့တွင် ပါမောက္ခပီယဲကျူးရီသည် ပါရစ်မြို့ တော်၌ ကုန်တင်ရထား မတော်တဆ ကြိတ်မိသဖြင့် အနိစ္စ ရောက်သွားလေသည်။ မာရီကျူးရီးလည်း ခင်ပွန်းသည်၏ ပါမောက္ခရာထူးကို ဆက်ခံရရှိခဲ့လေသည်။ သူသည် ရေဒီယမ်နှင့် စပ်လျဉ်း၍ သုတေသနလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခဲ့ရာ ရေဒီယမ်ကို ပထမဆုံး သန့်သန့်ထုတ်ယူနိုင် ခဲ့၍၊ ရေဒီယမ်၏ အက်တမ် အလေးဆနှင့် ရုပ်ဂုဏ်များကို စူးစမ်းတွေ့ရှိလာပြန်၏။

ထိုကြောင့် ၁၉၁၁-ခုနှစ်တွင် ဓာတုဗေဒပညာရပ်အတွက် နိုဗဲဆုဖြင့် ဒုတိယအကြိမ် ချီးမြှင့်ခြင်း ခံရပြန်သည်။ နိုဗဲဆုကို နှစ်ကြိမ် ရခဲ့သူများတွင် ပထမဆုံးပုဂ္ဂိုလ်ထူး ဖြစ်ပေသည်။ သူတို့ ဇနီးမောင်နှံ တွေ့ရှိခဲ့သော ရေဒီယမ်ဒြပ်စင်နှင့် စပ်လျဉ်း၍၊ သုတေသနလုပ်ငန်းများ မကြာခဏ ဆောင်ရွက်ခဲ့ရာတွင် ယင်းဒြပ်စင်၏ ရေဒီယိုသတ္တုဒဏ်ကို ခံရဖန်များသဖြင့် သွေးအားနည်းသောရောဂါ ရရှိပြီး မဒမ်ကျူးရီးသည် ၁၉၃၄ ခု ဇူလိုင် ၄ ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်သွားလေသည်။ သူ့တွင် သမီး နှစ်ယောက် ကျန်ခဲ့ရာ အကြီး ဥိင်းရင်းကျူးရီးနှင့် သူ၏ခင်ပွန်းသည် ဖရက်ဒရစ်ဇောလျိုးတို့သည် မိဖများ၏ သုတေသနလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ရာ ၁၉၃၅ ခုနှစ်တွင် ဓါတုဗေဒပညာအတွက် နိုဗဲဆု ရရှိခဲ့လေသည်။

သမီးအငယ် အိဗကျူးရီးသည် သူ့မိခင်အတ္ထုပ္ပတ္တိကို ရေးသားထုတ်ဝေခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းက လစ်ဗီးယား၊ ရုရှား၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ စစ်မျက်နှာ များသို့ စစ်သတင်းထောက်အဖြစ် ရောက်ခဲ့ဘူးလေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)