ကျိုင်းကောင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကန္တာရ ကျိုင်းကောင် Schistocerca gregaria: မိတ်လိုက်နေပုံ

ကျိုင်းကောင်သည် နှံကောင်တစ်မျိုး ဖြစ်သည်။ နှံကောင် တွင် နှံကောင်ချိုရည်မျိုးနှင့် နှံကောင်ချိုတိုမျိုး ဟူ၍ အဓိက ၂ မျိုးရှိသည်။ ထို ၂ မျိုးတွင် မျိုးစိတ်များ ရှိသေး၏။ မြင်တွေ့ နေကျဖြစ်သော သာမန်နှံကောင်တို့သည် ချိုရှည်မျိုးပင် ဖြစ်ကြ ၍၊ ကျိုင်းကောင်တို့မှာ နှံကောင်ချိုတို့မျိုးတွင် ပါဝင်ကြသည်။ (နှံကောင်။) ချိုရှည်၊ ချိုတိုဟူ၍ ဆိုရာ၌၊ အမှန်စင်စစ် ဦးချိုကား မဟုတ်ကြပေ။ အတွေ့အထိ အာရုံကို စမ်းသပ်သိရှိ နိုင်သော အာရုံမှင်များ ဖြစ်ကြ၍ ဦးခေါင်းထိပ်တွင် ပေါက် သဖြင့် ချိုဟုတင်စားပြီး ခေါ်ဝေါ်ထားခြင်းသာ ဖြစ်သည်။ တစ်ဖန် မြန်မာနိုင်ငံတွင် ပြောင်းပင်၊ ကြံပင်၊ နှမ်းပင် စသည် တို့၌ ကျရောက်ဖျက်ဆီးလေ့ရှိသော ပိုးတောင်မာများကို၊ ပိုးကျိုင်းကောင်ဟူ၍လည်းကောင်း၊ ကျိုင်းကောင်ဟူ၍လည်းကောင်း ဒေသအလိုက် ခေါ်တတ်ကြရာ၊ ထိုပိုးကောင်မာ တို့သည် ဤနှံကောင်မျိုးဝင် ကျိုင်းကောင်များနှင့် မည်သို့မျှ မသက်ဆိုင်ချေ။

ဥရောပ၊ အာရှ စသောတိုက်ကြီးတို့တွင် အအေးလွန်သော ဒေသများမှအပ၊ ကျန်အပူပိုင်းနှင့် အပူလျော့ပိုင်း ဒေသများ၌ အဆိုပါ ကျိုင်းကောင်တို့၏ အဖျက်အဆီးဘေးကို ရှေးပဝေဏီ ကစ၍ အကြိမ်ပေါင်းများစွာ ခံခဲ့ရဘူးသည်။ နှံကောင်တို့သည် အပင်နုမှ အရွက်များကို စားလေ့ရှိကြ၏။ ထိုနှံကောင်တို့သည် တစ်ကောင်ချင်း နေလေ့ရှိ၍၊ စားသောက်ရာ၌လည်း နှေးကွေး သဖြင့် အဖျက်အဆီး မသန်လှပေ။

ကျိုင်းကောင်တို့မှာမူ စားသောက်သွားလာပုံ ဖျတ်လတ် လှသည့်အပြင် အုပ်နှင့်ချီ၍ ဖျက်ဆီးတတ်ရကား၊ အသီးအနှံပင် တို့ဖြင့် စိမ်းလန်းစိုပြည်နေသည့် လယ်ယာစိုက်ခင်းကြီးများသည် ကျိုင်းကောင်များ အုပ်လိုက် ကျပြီးနောက်၊ မကြာမီပင် တစ်ကွင်းလုံး တစ်ခင်းလုံး ပြောင်တစ်လင်း ဖြစ်သွားလေ တော့သည်။ ကျိုင်းကောင်တို့ကြောင့် ကမ္ဘာအရပ်ရပ်၌၊ ငွေ ကုဋေပေါင်းများစွာ တန်ဖိုးရှိသော အသီးအနှံများ ပျက်စီး ခဲ့ရ၏။ မြန်မာနိုင်ငံ၌လည်း ၁၉၁၁ ခုနှစ်က မိတ္ထီလာခရိုင်ရှိ ဝါခင်းဧကပေါင်း ၂၅ဝ ခန့်တွင်၊ ကျိုင်းတစ်ကြိမ် ကျရောက် ဖျက်ဆီး ဘူးသည်။ နောက်ထပ်ကျရောက် ဖျက်ဆီးဘူးသည် ဟူ၍ကား မရှိခဲ့ချေ။

တောင်ပံခတ်သံ တဝီဝီမြည်လျက် အုပ်နှင့်ချီ၍ ပျံသန်း လေ့ရှိသော ကျိုင်းကောင်တို့၏ အရေအတွက်မှာ တစ်ခါတစ်ရံ နေပြောက်မထိုးနိုင်လောက်အောင်ပင် များပြားတတ်ရာ၊ ၁၈၈၉ ခုနှစ်က ရက်ဒဆီးခေါ် ပင်လယ်နီကို ဖြတ်သန်းသွားသည့် ကျိုင်းကောင်အုပ်ကြီးမှာ စတုရန်းမိုင် ၂ဝဝဝ မျှ ကျယ်ဝန်း သည်ဟု ခန့်မှန်း ရလေသည်။ ကျိုင်းကောင်တို့သည် အလွန် ဝေးလံသော ခရီးကိုပင် ပျံသန်းနိုင်ရာ၊ ကမ်းခြေမှ မိုင် ၁၂ဝဝ မျှ ဝေးသည့် ပင်လယ်ထက်၌ ပျံသန်းသော ကျိုင်းကောင်အုပ် များကို တွေ့ခဲ့ရဘူးသည်။ မီးရထား လမ်းနှင့် မော်တော်ကား လမ်းပေါ်တွင် ကျိုင်းကောင်အုပ်ကျသည့်အတွက်၊ မီးရထားနှင့် မော်တော်ကားများ ဘီးချော်ကာ တိမ်းမှောက်ခဲ့ဘူးကြောင်းကို လည်း သိရသည်။

အသီးအနှံပင်များကို အင်္ဂါစုံ ကျိုင်းကောင်တို့သာလျှင် မဟုတ်၊ ယင်းတို့မှ ပေါက်ပွားလာကြသော အတောင်မပေါက် သေးသည့် ပိုးသားကလေးများကလည်း ကိုက်ဖြတ်စားသောက် ကြသည်။ ကျိုင်းကောင်အမ တို့သည် ဥများကို မြေလွှာ အတွင်း၌ ၂ဝ မှ ၁ဝဝ အထိ အစုလိုက် ဥလေ့ရှိကြသည်။ နွေးသော ဒေသများတွင် ၁ဝ ရက်မှ ရက် ၂ဝ အတွင်း၌ ပေါက်သည်။ အေးသောဒေသများ၌ကား တစ်ဆောင်းလုံး မပေါက်ဘဲနေတတ်သည်။ ဆောင်းကုန်သောအခါ ထိုဥများမှ ပိုးတောင်မာကလေးများ ပေါက်လာကြသည်။ အတောင်မစုံ သေးသော ထိုပိုးကောင်ကလေးများသည် တွား၍ ဖြစ်စေ၊ ခုန်၍ဖြစ်စေ သွားလာစားသောက်ယင်း အရေများ လဲကာ လျင်မြန်စွာ ကြီးပြင်းကြသည်။ အရေ ၅ ကြိမ် ၆ ကြိမ်မျှ လဲပြီးနောက် ရက်သတ္တ ၅ ပတ် ၆ ပတ်ခန့် ကြာသော်၊ အရွယ်ရောက်ကျိုင်းကောင်ကြီးများ ဖြစ်လာကြသည်။ နှံကောင်တွင် ပုံပန်းဓလေ့စသော သဘာဝပြောင်းလဲမှု အခြေအနေ ၂ မျိုးရှိကြောင်း သိရသည်။ တစ်ကောင်ချင်း နေလေ့ရှိသော နှံကောင်မျိုးသည် အုပ်နှင့်နေတတ်သော ကျိုင်းကောင်မျိုးတို့ထက် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဦးချိုရှည်ကာ စားသောက်သွားလာပုံ နှေးကွေး၏။ ထို့ပြင် ဦးခေါင်းကြီး၍ အတောင်တိုပြီးလျှင် ခြေတံရှည်သည်။ အုပ်လိုက်နေတတ်သော ကျိုင်းကောင်မျိုးတို့သည် နှံကောင် တို့ထက် ဦးချိုတို၍ စားသောက်သွားလာပုံ ဖျတ်လတ်၏။ ပခုံးကျယ်၍ အတောင်များ ရှည်လျားပြန့်ကားသည်။ နှံကောင် နှင့် ကျိုင်းကောင်တို့၏ သားကလေးများ အချင်းချင်းတွင်လည်း အရောင်အဆင်း အလေ့အထ စသည်များ ခြားနားကြ၏။ သို့ရာတွင် တစ်ကောင်ချင်းနေလေ့ရှိသော နှံကောင်တို့၏ သားကလေးများကို အမြဲလှုပ်ရှားပေးထားသော လှောင်ချိုင့်ဖြင့် မွေးလျှင် အုပ်နှင့်နေတတ်သော ကျိုင်းကောင်အခြေအနေသို့ ပြောင်းလဲသွားသည်။ ထို့အတူ ကျိုင်းကောင်တို့၏ သားကလေး များကိုလည်း တစ်ကောင်ချင်း ကြီးပြင်းစေလျှင် သာမန် နှံကောင် အခြေအနေသို့ ပြောင်းလဲသွားသည်။

ကျိုင်းကောင်များကို ကျရောက်လာမှ တိုက်ခိုက်နှိမ်နင်း ခြင်းသည် အချည်းနှီးဖြစ်၏။ မပေါက်ပွားမီနှင့် ကြီးပြင်းဆဲ အချိန်တွင် ကြိုတင်သုတ်သင်ပစ်ခြင်းဖြင့်သာလျှင် ယင်းတို့၏ ဘေးအန္တရာယ်ကို ကာကွယ်နိုင်သည်။ ယခင်က အချို့အရပ် ဒေသတို့တွင် ကျိုင်းကောင်များလာမည့် လမ်း၌ ကျင်းနက်နက် တူးထားပြီးနောက်၊ ကျင်းထဲကျသောကျိုင်းကောင်များကို မြေဖို့ ပစ်နည်း သို့မဟုတ် မီးရှို့ပစ်နည်းတို့ဖြင့် နှိမ်နင်းဘူးသည်။ သို့သော် ထိုနည်းသည် တရွေ့ရွေ့တွားကာခုန်ကာ လာကြသော ပိုးသားကလေးများကိုသာ နှိမ်နင်းနိုင်၍၊ ပျံသန်းနိုင်သော ကျိုင်းကောင်ကြီးများကိုကား မနှိမ်နင်းနိုင်ချေ။ ယခုခေတ်တွင်မူ ကျိုင်းကောင်များ ဥချပြီး ချိန်၌ မြေကို နာနာထွန်ပေးခြင်းဖြင့် ထိုဥများကို ဖျက်ဆီးပစ်ကြသည်။ ကျိုင်းကောင်ကလေးများ ပေါက်ပွားချိန်၌ ဒလိမ့်လှိမ့်၍လည်း ဖျက်ဆီးပစ်ကြသည်။ ဟော့ပါးဒိုဇာခေါ် စက်ဖြင့်လည်း နှိမ်နင်းကြ၏။ ထိုစက်တွင် ဘီး ၂ ဘီး၏ အလယ်၌ သေတ္တာရှည်တစ်ခုပါ၍ သေတ္တာ အောက်နား၌ ဆီခွက်တစ်ခု ထားသည်။ သေတ္တာနောက်ဖက်၌ အနံကြီးကြီး ရွက်ထည်တစ်ခုကို ဖြန့်၍ တပ်ဆင်ထားသည်။ လယ်ကွင်းအတွင်းသို့ အဆိုပါ ဟော့ပါးဒိုဇာကို မောင်းနှင် သောအခါ ကျိုင်းကောင်ကလေးများသည် လန့်ဖျပ်၍ ခုန်ကြ ရာမှ ရွက်ထည်ကို ရိုက်မိပြီးလျှင် သေတ္တာ အောက်ခြေရှိ ဆီခွက်ထဲသို့ ကျရောက်ကာ သေကြလေသည်။ အခြား နည်းကောင်း တစ်ခုမှာ စိန်ပါသော အဆိပ်ဆေးမှုန့် ဆေးရည်များကို စိုက်ခင်းအတွင်း ပက်ဖျန်းပေးခြင်း ဖြစ်၏။ စိုက်ခင်းကျယ်လွန်းပါက တစ်ခါတစ်ရံ လေယာဉ်ပျံများဖြင့်ပင် ပက်ဖျန်းပေးကြရသည်။

ကျိုင်းကောင်များကို အစတုံး မျိုးပြုတ်အောင် ဖျက်ဆီး ပစ်ရန်မှာ ယနေ့အထိ မဖြစ်နိုင်သေးပေ။ သို့သော် နိုင်ငံကြီး များတွင် ကျိုင်းကောင်နှိမ်နင်းရေးအတွက် အပြည်ပြည်ဆိုင်ရာ ညီလာခံများ ကျင်းပပြီးနောက်၊ ကျိုင်းကောင်များ ပေါက်ပွား ရာ ဒေသ၌ဖြစ်စေ၊ ကျိုင်းကောင်များ ကျသည့် စိုက်ခင်းများ၌ ဖြစ်စေ အထက်ပါအတိုင်း စံနစ်တကျ လေ့လာနှိမ်နင်းခဲ့သည့် အတွက် ၁၉၄ဝ ပြည့်နှစ် အလွန်မှစ၍ ကမ္ဘာအရပ်ရပ်၌ ကျိုင်း ကောင်တို့ကြောင့် ပြောပလောက်အောင် အပျက်အစီးများ မဖြစ် ပွားခဲ့သေးပေ။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)