ကျား-မ ပညာရေး

ဝီကီပီးဒီးယား မှ

ကျား-မ ပညာရေးမှာ ကျောင်းများတွင် ယောက်ျားကလေးနှင့် မိန်းကလေးများကို တတ်နိုင်သမျှ အတူတူရောပြီး တစ်ချိန်းတည်း၌ စာသင်ခန်း တစ်ခုတည်းတွင် သင်အံစာတစ်မျိုးတည်းကို သင်ရိုးသင်တမ်း ကုန်ဆုံးသည်အထိ အတူသင်ကြားခြင်းကို ဆိုလိုသည်။ ရှေးအခါများက မိန်းကလေးများ၏ ပညာသင်ကြားရေးကို ဂရုမပြုခဲ့ကြချေ။ မိန်းကလေးဆိုလျှင် ပညာကို ထူးချွန်အောင် သင်ရန်မလို၊ ယောက်ျားများကို ဖျော်ဖြေရန်အတွက် သူတို့၏ ရုပ်ရည်လှပမှုမှု၊ ကိုယ်ဟန်ကြော့ရှင်းမှုတို့လောက်ကို ဂရုစိုက်ကာ ပြုပြင်နေရန်သာ ရှိသည်ဟူသော ရှေးခေတ် တယူသန်ဝါဒစွဲကြောင့် မိန်းမပညာတတ်များခေါင်းပါးခဲ့လေသည်။ သို့သော် တဖြည်းဖြည်း ခေတ်ပြောင်းလာသည်နှင့်အမျှ ပေါင်းသင်း ဆက်ဆံရေးသဘောထား၊ ငွေရေးကြေးရေး အခြေအနေနှင့် သာသနာရေး အယူအဆ စသည်တို့မှာလည်း ပြောင်းလဲလာလေရာ၊ မိန်းကလေးများအား ပညာသင်ကြားပေးရန် ခေတ်အလျောက် လိုအပ်လာသည်ဟု သဘောပေါက်ခဲ့ကြသည်

အစ၌ မိန်းကလေးများကို သင်ကြားပေးရန် မိန်းကလေးကျောင်းများကို သီးသန့်ဖွင့်ပေးခဲ့ကြသည်။ ထို့နောက်တွင် ငွေရေးကြေးရေး သက်သာချောင်ချိမှုအတွက် ယောက်ျားကလေးကျောင်းများမှာပင် မိန်းကလေးများကို တပါးတည်းလက်ခံ၍ ပညာသင်ကြားပေးခဲ့၏။ သို့သော် မူလတန်းများလောက်တွင်သာ ထိုသို့ ပူးတွဲ လက်ခံကာ သင်ကြားပေးသည်။ အလယ်တန်း၊ အထက်တန်းများ၌ ကားသီးသန့်ခွဲခြား၍ သင်ကြားနေခဲ့ကြရသေးသည်။ စကော့တလန်ပြည်တွင် ၁၇ ရာစုနှစ်နောက်ပိုင်းလောက်မှ စ၍ မူလတန်းများ၌ ကျား-မ တွဲ၍ ပညာသင်ကြားခွင့်ပြုရာခဲ့ရာ၊ ထိုအချိန်မှ စတင်၍ ထိုကျောင်းမျိုးများ စမ်းသပ်ဖွင့်လှစ်ခဲ့လေသည်။ အင်္ဂလန်ပြည်တွင် ထိုကဲ့သို့ ကျား-မ တွဲ၍ ပညာသင်ကြားပေးသော ကျောင်းများ ဗီဒေးနှင့် ဗက်ဒဖော့တွင် ရှိခဲ့သော်လည်း စကော့တလန်ပြည်၊ ဥရောပတိုက်နှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံတို့တွင် ရှိကြသော ကျောင်းများလောက် ခေတ်မစားချေ။


ကျား-မ တွဲ၍ ပညာသင်ကြားရခြင်းမှာ ယောက်ျားကလေးနှင့် မိန်းကလေးတို့သည် အိမ်တွင် ငယ်စဉ်အခါက အခွင့်အရေး အတူတူရသကဲ့သို့ ကြီးပြင်းသည့်အခါတွင်လည်း အခွင့်အရေးအတူတူ ရရှိလျက် တာဝန်ကို ညီတူညီမျှ ထမ်းဆောင်နိုင်ရန်အတွက် ဖြစ်လေသည်။ ယောက်ျားကလေးနှင့် မိန်းကလေးတို့သည် ငယ်စဉ်က အတူနေပင်ဖြစ်သော်လည်း သွေးသားမတော်စပ်ပါက အရွယ်ရောက်လာသောအခါ တစ်ဦးနှင့် တစ်ဦး ဆက်ဆံရမည်ကို ရှက်သလို ကြောက်သလိုရင်ဖိုလျက် နှလုံးသားမသန့်ရှင်းမှုများ ပေါ်ပေါက်လာတတ်သည်။ ထို့ကြောင့် ရှေးအခါက အရွယ်ရောက်ပြီးဖြစ်သော ကျား-မ တွဲနေသည်ကို မနှစ်သက်တတ်ကြချေ။ သို့သော် ကျား-မ တွဲ၍ ပညာသင်ကြားရေးကို အားမပေးခြင်းကြောင့် အကျိုးဆုတ်ယုတ်စေနိုင်သည်။ ကျားနှင့် မတို့ခွဲခြားနေလျှင် တစ်ဦးနှင့် တစ်ဦး ပို၍စမ်းပြီး မခေါ်ရဲ မပြောရဲ ဖြစ်သွားတတ်သည်။ ကျားနှင့်မ နေ့စဉ် အတူတွေ့ရဖန်များလျှင် ယောက်ျားကလေးနှင့် မိန်းကလေးတို့ တစ်ဦးနှင့် တစ်ဦး ဆက်ဆံရာတွင် စိတ်သန့်ရှင်လား၍ ထူးခြားတုန်လှုပ်ခြင်းရှိတော့မည် မဟုတ်ချေ။ ထို့ကြောင့် ကျောင်းများ၌ ကျား-မ တွဲ၍ ပညာသင်ကြားပေးလျှင် တစ်နည်းအားဖြင့် အကျိုးရှိသည်ဟု ဆိုနိုင်ပေသည်။ ယခုခေတ်တွင် ကျား-မတွဲ၍ သင်ကြားသောကျောင်းများ အမြောက်အမြား ရှိနေရုံမျှမက၊ တက္ကသိုလ်များမှာပင် သီးခြားအမျိုးသမီး တက္ကသိုလ်ဟူ၍ မရှိဘဲ ကျား-မ တွဲ၍ သင်ကြားပေးသော တက္ကသိုလ်များသာရှိလေသည်။ ကျား-မ တွဲ၍ သင်ကြားနိုင်သည့် အတွက် ယောက်ျား ကလေးများအား သင်ကြားပေးသော အတတ်ပညာရပ်များကို မိန်းကလေးများသည်လည်း ဆည်းပူးလာနိုင်ပြီးလျှင် ယောက်ျားနည်းတူ အရာရာတွင် အမြင်ကျယ်လာ၍ မိန်းမပညာတတ် အများအပြားထွန်းကား ပေါ်ပေါက်လာလေသည်။ ဤသို့ အကျိုးရှိသော်လည်း အပြစ်ကား မလွတ်သေးပေ။ အဘယ်ကြောင့်ဆိုသော် ယောက်ျားကလေးနှင့် မိန်းကလေးတို့သည် တစ်ဦးနှင့် တစ်ဦး စိတ်ဓာတ်တွင်လည်းကောင်း၊ ကိုယ်ကာယသန်စွမ်းမှုတွင်လည်းကောင်း၊ မတူညီကြသဖြင့် ယောက်ျားများနှင့် သင့်လျော်သော ဘာသာရပ်သည် မိန်းကလေးများနှင့် မသင့်လျော်ဘဲ မိန်းမလေးများနှင့် သင့်လျော်သော ဘာသာရပ်သည်လည်း ယောက်ျားကလေးများနှင့် မသင့်မလျော် ဖြစ်တတ်လေသည်။ သို့သော်လည်း တက္ကသိုလ်ကျောင်းများသို့ ရောက်လာကြသောအခါ၌ကား များသောအားဖြင့် ဘာသာရပ်များကို ကျားမနှစ်ဦးစလုံး လိုက်နာလေ့လာနိုင်ရန်အတွက် သင့်လျော်အောင် စီစဉ်ပေးထားလေသည်။

မြန်မာနိုင်ငံတွင် ရှေးအထက်ကာရီက မိန်းကလေးများသည် ဘုန်းကြီးကျောင်းများတွင် စာသင်ကြားခွင့် မရရှိခဲ့ကြချေ။ လူကျောင်းများ၌သာ ယောက်ျားကလေးများနှင့် ရောနှော၍ သင်ကြားခဲ့ရသည်။ သို့သော် အထက်တန်းကျောင်းများတွင်မူ ထိုသို့ ရောနှောသင်ကြားပေးခြင်းကို ၁၉၁၈ ခုနှစ်ခန့်က စတင်ဆောင်ရွက်ခဲ့သည်။ ပထမတွင် မိန်းကလေးအထက်တန်းကျောင်းမရှိသော မြို့များတွင် အထက်တန်းပညာကို သင်ကြားလိုသော မိန်းကလေးများအား ယောက်ျားကလေးများကျောင်းသို့ တက်ရောက်သင်ကြားခွင့်ပြုခဲ့သည်မှ တစ်စတစ်စ ပွားများလာခဲ့သည်။ ထိုသို့ အစမ်းသဘောတီထွင်ဆောင်ရွက်ခဲ့ရာမှ အောင်မြင်လာသည်ကို တွေ့ရှိရသဖြင့် ကျား-မ စာသင်ကျောင်းများ မြောက်မြားစွာ ပေါ်ပေါက်လာခဲ့သည်။ ဤစနစ်နှင့် စပ်လျဉ်း၍ ရန်ကုန်မြို့ပေါ်ရှိ မြို့မ အမျိုးသား၊ အမျိုးသမီး အထက်တန်းကျောင်းတော်ကြီးမှာ မြန်မာနိုင်ငံတွင် ကျား-မ အတူရော၍ ပညာဆည်းပူးရာ စံပြကျောင်းကြီးတစ်ခုဖြစ်ပေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း၁။ အတွဲ(က)