ကော်နန်၊ အန်ဒရေဖရက်ဒရစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အန်ဒရေ ဖရက်ဒရစ် ကော်နန်ယ (ခရစ် ၁၈၉၈-၁၉၈၈)[ပြင်​ဆင်​ရန်​]

နိုဗဲဆုရ ဆေးပညာရှင် အန်ဒရေ ဖရက်ဒရစ် ကော်နန်ယကို ၁၈၉၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ မွေးဖွားသည်။ ငယ်စဉ်က ဘောလုံးချန်ပီယံလည်းဖြစ် သည့်ပြင် ခြေလျင်တောင်တက် အားကစားကိုလည်း အထူးပင် ဝါသနာထုံခဲ့သည်။ ပထမကမ္ဘာစစ်တွင် ပြင်သစ်စစ်သည်တစ်ဦး အဖြစ် ရွပ်ရွပ်ချွံချွံပါဝင်ဆင်နွဲခဲ့၍သူရဲကောင်းမှတ်တမ်းဝင် ကြယ် သုံးပွင့်ဆု ချီးမြှင့်ခံရသည်။

ကော်နန်သည် ၁၉၃ဝ ပြည့်နှစ်တွင် ပါရီတက္ကသိုလ်မှ ဆေးပညာဘွဲ့ ဆွတ်ခူးပြီးနောက် အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွေ့နေထိုင်သည်။ ကိုလံဘီယာတက္ကသိုလ် ဆေးကောလိပ် ၌ စာပေပို့ချခဲ့သည်။ ဒစ်ကင် ဆန်ဒဗလျူရစ်ချတ် (၁၈၉၅-၁၉၇၃) နှင့် လက်တွဲ၍ အဆုတ်နှင့်နှလုံးဆိုင်ရာ ကုထုံးသုတေသနကို ပြုလုပ် သည်။ ကော်နန်သည် ၁၉၅၁ ခုနှစ်မှ ၁၉၆၄ ခုနှစ်ထိ ဆေးပညာပါမောက္ခအဖြစ် ဆောင်ရွက် ခဲ့ပြီး နောက် ၁၉၆၄ ခုနှစ်တွင် ဂုဏ်ထူးဆောင် ပါမောက္ခကြီး ဖြစ်လာသည်။

ကော်နန်သည် ဗာရနာဖော့စမန်း (၁၉ဝ၄-၁၉၇၉) တွေ့ရှိထားပြီးသောနည်းကို ပိုမိုပြည့်စုံစေရန် ရစ် ချတ်နှင့်အတူ လေ့လာဖြည့်ဆည်းနေစဉ် ရောဂါဖိစီးနေသော လူ့နှလုံး၏ သဘောသဘာဝကို လည်းကောင်း၊ အခြေခံကျသော ခန္ဓာကိုယ် ခွျတ်ယွင်းဖောက်ပြန်မှုကို တိကျစွာ ရှာဖွေနိုင်သောနည်းကိုလည်း ကောင်း ထုတ်ဖော် ပေးနိုင်ခဲ့သည်။ ခုန်နေဆဲလူ့နှလုံး၏ အခန်း တစ်ခန်းထဲသို့ ချူပြွန်၏ တစ်ဘက်စွန်းကို သွင်းကာသွေးနမူနာ ထုတ်ယူ၍ ယင်းသွေးထဲ၌ အောက်ဆီဂျင်ပါဝင်မှု ပမာဏကို ကောက်ချက်ချနိုင်သည့် နည်းလမ်းကိုတိုးတက် ကောင်းမွန်အောင် ဖြည့်ဆည်းပေးခဲ့ခြင်းပင်ဖြစ်သည်။

ကော်နန်သည် ၁၉၄၉ ခုနှစ်တွင် အမေရိကန် ပြည်သူ့ ကျန်းမာရေးအဖွဲ့ချုပ်၏ လက်စကာဆေးပညာဆုကို ဆွတ်ခူး သည်။ ထို့ပြင် ရစ်ချတ်နှင့် ဖော့စမန်းတို့နှင့်အတူ ၁၉၅၆ ခုနှစ် တွင် ဆေးပညာနှင့် ဇီဝကမ္မ ဗေဒဆိုင်ရာ နိုဗဲဆုကို ရရှိသည်။ နှလုံးရောဂါကုထုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ခဲ့သည့် ပြင်သစ်နိုင်ငံဖွား အမေရိကန် ဆေးပညာရှင် အန်ဒရေး ဖရက်ဒရစ် ကော်နန်သည် ၁၉၈၈ ခုနှစ် မတ်လတွင် အမေရိ ကန်ပြည်ထောင်စု မက်ဆာ ချူးဆက်ပြည်နယ် ဂရိတ်ဘာရင်တန် မြို့၌ ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)