တနင်္သာရီတိုင်းရှိ ကော့သောင်းမြို့သည် မြန်မာပြည်၏တောင်ဘက်အကျဆုံးတွင် တည်ရှိသည့်မြို့တစ်မြို့ဖြစ်သည်။ ကော့သောင်းမြို့အနီး ဗောင်းနင်းကျွန်းနှင့် ဗောင်းဝါးကျွန်းနှစ်ကျွန်းကို ထိုင်းဘာသာဖြင့် ကော့စွန်း ဟုခေါ်သည်။
- ကော့ = ကျွန်း
- စွန်း = နှစ် ဖြစ်သည်။ ကျွန်းနှစ်ကျွန်းဟု ဆိုလိုသည်။ မြန်မာတို့က ကော့သောင်းဟု ခေါ်သည်။ ကော့သောင်းမြို့တွင် မြန်မာပြည်၏ အစွန်ဆုံး အငူဖြစ်သည့် ဝိတိုရိယအငူ တည်ရှိသည်။
ကော့သောင်းမြို့သည် မြန်မာနိုင်ငံ တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်း၌ပါဝင်၍ မြန်မာနိုင်ငံ၏ တောင်ဘက်အစွန်ဆုံးဖြစ်သော ဝိတိုရိယအငူ ပင်လယ် ကမ်းစပ်၌ တည်ရှိသည်။ ကော့သောင်းနယ်ပိုင်၏ ရုံးစိုက်ရာ မြို့လည်းဖြစ်၏။ ကော့သောင်းနယ်မှာ တနင်္သာရီနယ်၏ တောင်ဘက်တွင် ကပ်လျက်ရှိ၍ ကော့သောင်းမြို့နယ်နှင့် မလိဝန်းမြို့နယ်များ ပါဝင်သည်။ ဘင်္ဂလားအော် အတွင်းသို့ စီးဆင်းသော ပတ်ချန်မြစ်သည် မြန်မာနိုင်ငံ၏ တောင်ဘက် အစွန်ဆုံးနှင့် ယိုးဒယားနိုင်ငံစပ်ကြားတွင် သဘာဝနယ်နိမိတ် အဖြစ်ဖြင့် တည်ရှိ၍၊ မြို့အရှေ့ဘက်ရှိ ပတ်ချန်မြစ်ဝမှာ လုံခြုံကျယ်ဝန်းသဖြင့် သင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ် နိုင်၏။
မြိတ်ကျွန်းစုတောင်ဖက်ရှိ ကျွန်းငယ်ကလေးများမှာ ကော့သောင်းနယ်အတွင်းတွင်ပါဝင်၏။ ကော့သောင်းမြို့ အနီးတွင် ဗောင်းနင်းကျွန်းနှင့် ဗောင်းဝါးကျွန်းနှစ်ကျွန်းကို အစွဲပြု၍ ယိုးဒယားစကားဖြင့် 'ကော့စွန်း'ကို မြန်မာများ ကော့သောင်းဟု ခေါ်ခြင်းဖြစ်သည်။ ကော့စွန်း၏အဓိပ္ပါယ်မှာ ကော့- ကျွန်း၊ စွန်း- နှစ်၊ 'ကျွန်းနှစ်ကျွန်း' ဖြစ်သည်။ ကော့သောင်းမြို့ အနောက်မြောက်ဘက်မိုင် ၃ဝ ခန့်အကွာတွင် ရွှေထွက်သည်ဟုကျော်ကြားသော ရွှေကျွန်းခေါ် ရပ်ဆဲကျွန်း သည်လည်း ကောင်း၊ မြို့အနောက်တောင်ဖက် ၄၅ မိုင်အကွာ တွင် ဝူးဖရမ် (အဖြိုက်နက်)များထွက်သည့် သံကျွန်းခေါ် ဒေးဝစ်ကျွန်း သည်လည်းကောင်း တည်ရှိသည်။
မြို့နယ်တစ်ခုလုံးတွင် လူဦးရေ ၆,ဝဝဝ ခန့်ရှိ၏။ နယ် အတွင်း ပင်ရင်းထွက်ကုန်များမှာ ဆန်စပါးနှင့် သံဖြူဖြစ်၏။ ကြက်ပေါင်စေး၊ ကလမက်၊ ကွမ်းသီးခြောက်နှင့် ငပိ၊ ငခြောက် များလည်း အနည်းငယ်ရရှိလေသည်။ ကော့သောင်းမြို့မှာ လူနေ အိမ်ခြေ ၂၅ဝ ခန့်သာရှိ၍ မြန်မာ၊ ယိုးဒယား၊ တရုတ်၊ ကုလား၊ ပသျှူး၊ ဆလုံလူမျိုးများနေထိုင်ကြ၏။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၅၂ဝ ရှိသည်။ လယ်ယာ အချိန်အခါမဟုတ်သောကာလများ၌ နယ်သားများသည် ကျွန်း စုများသို့သွားရောက်၍ တံငါလုပ်ငန်း၊ ငှက်သိုက် ရှာဖွေခြင်း လုပ်ငန်း စသည်တို့ကိုလုပ်ကိုင်ကြ၏။ ကော့သောင်းမြို့တွင် နယ်ပိုင်ရုံး၊ မြို့ပိုင်ရုံးနှင့် အစိုးရဆေးရုံရှိသည်။ ယိုးဒယား- မြန်မာနယ်ခြားတွင်ရှိသောမြို့ဖြစ်၍ အရောင်းအဝယ် သွက် လက်သည်။[၁]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)