ကော့သောင်းမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကော့သောင်းမြို့
—  မြန်မာနိုင်ငံရှိ မြို့များ  —
ကော့သောင်းမြို့ is located in Burma
ကော့သောင်းမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
Coordinates: 9°58′N 98°33′E / 9.967°N 98.55°E / 9.967; 98.55
နိုင်ငံအမည် မြန်မာနိုင်ငံ၏ အလံတော် မြန်မာ
တိုင်းဒေသကြီး Flag of Tanintharyi Division.svg တနင်္သာရီတိုင်း
ခရိုင် ကော့သောင်း
လတ္တီကျု (၉)ဒီဂရီ၊ (၅၈)မိနစ်
လောင်ဂျီကျု (၉၈)ဒီဂရီ၊ (၃၃)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ ကော့သောင်းမြို့
Time zone မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)


Taninthayidivision.png
ကော့သောင်း မြို့အဝင်

တနင်္သာရီတိုင်းရှိ ကော့သောင်းမြို့သည် မြန်မာပြည်၏တောင်ဘက်အကျဆုံးတွင် တည်ရှိသည့်မြို့တစ်မြို့ဖြစ်သည်။ ကော့သောင်းမြို့အနီး ဗောင်းနင်းကျွန်းနှင့် ဗောင်းဝါးကျွန်းနှစ်ကျွန်းကို ထိုင်းဘာသာဖြင့် ကော့စွန်း ဟုခေါ်သည်။

  • ကော့ = ကျွန်း
  • စွန်း = နှစ် ဖြစ်သည်။ ကျွန်းနှစ်ကျွန်းဟု ဆိုလိုသည်။ မြန်မာတို့က ကော့သောင်းဟု ခေါ်သည်။ ကော့သောင်းမြို့တွင် မြန်မာပြည်၏ အစွန်ဆုံး အငူဖြစ်သည့် ဝိတိုရိယအငူ တည်ရှိသည်။

ကော့သောင်းမြို့သည် မြန်မာနိုင်ငံ တနင်္သာရီတိုင်း၏ တောင်ဘက်အကျဆုံး အစွန်းအဖျားတွင်တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။မြန်မာနိုင်ငံ၏မြောက်ဘက်အကျဆုံး ပူတာအိုမြို့မှ ကော့သောင်းအထိ ကီလိုမီတာ ၂၀၀၀(၁၂၄၂ မိုင်ခန့်)ကွာဝေး၍ ရန်ကုန်မြို့မှ ကော့သောင်းအထိ ကီလိုမီတာ ၈၀၀ (၄၉၇ မိုင်ခန့်)မျှကွာဝေးလေသည်။ ကော့သောင်းမြို့သည် ရေလုပ်ငန်းအဓိကထားသော ကျေးလက်၏ဓလေ့များကိုထိန်းသိမ်းထားလျှက်ရှိသည်။ပင်လယ်ရေနယ်နိမိတ်ချင်းဆက်စပ်နေသည့် ကော့သောင်းနှင့်ထိုင်းနိုင်ငံမှ ရနောင်းမြို့သည် မျက်နှာချင်းဆိုင်တည်ရှိနေသည်။ရနောင်းဘက်မှ ကော့သောင်းကိုလှမ်းမျှော်ကြည့်လိုက်ပါက ပင်လယ်အော်တစ်ဝိုက်ရှိ လူနေအိမ်ခြေများကို သစ်တောဖုံးလွမ်းနေသော တောင်ကုန်းများနောက်ခံပြုလျက်တည်ရှိနေသည်ကိုတွေ့ရှိနိုင်ပေသည်။ ကော့သောင်းမြို့ကို ရောက်ရှိပါက ဘုရင့်နောင်အငူ(Cape Bayin Naung)တွေ့ရမည်။

ကော့သောင်းနှင့်ဘုရင့်နောင်[ပြင်​ဆင်​ရန်​]

ဘုရင့်နောင်မင်းတရားကြီး(ခရစ်နှစ်၁၅၅၁ ခုမှသည် ၁၅၈၁ ခုနှစ်)သည် အဝေးဆုံး ဗီယန်ရှင်းနှင့်ဇင်းမယ်အထိ အနောက်ဘက်တွင် အာသံပြည်နယ်အထိ နယ်နိမိတ်ဖြန့်ကျက်ခဲ့ပေသည်။ ဘုရင့်နောင်သည် ယိုးဒယားအား ထိုးစစ်ဆင်တိုက်ခိုက်ရန် ကော့သောင်းသို့ မကြာမကြာစစ်ချီရောက်ရှိလာခဲ့ပေသည်။ ဘုရင့်နောင်မင်းတရားကြီးသည် သြဇာတိက္ကမကြီးသည့် ဘုရင်တစ်ပါးဖြစ်ခဲ့ချေသည်။သူသည် ၁၅၄၈ခုနှစ်နှင့် ၁၅၆၉ခုနှစ်ကြားကာလများအတွင်းက စစ်သူကြီးအဖြစ်နှင့်နောက်ပိုင်းတွင် ဧကရာဇ်အဖြစ် အကြိမ်အတော်တော်များများ ယိုးဒယားနိုင်ငံ၏ ကျူးကျော်စစ်ကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ကာ ၁၅၆၉ခုနှစ်တွင် ယိုးဒယားနိုင်ငံ၏မြို့တော် အယုဒ္ဓမြို့ကိုတိုက်ခိုက်ခဲ့သည်။

ကော့သောင်းမြို့နှင့်ပတ်၀န်းကျင်[ပြင်​ဆင်​ရန်​]

ကော့သောင်းမြို့တွင် ခရီးသည်အပြိုင်ခေါ်ယူကြသော လှေသမားများ၏ အသံများဖြင့် ပျံ့လွင့်လျက်ရှိသည်။ကော့သောင်းသည် စည်ကားလှသော ငါးဖမ်းဆိပ်ကမ်းတစ်ခုဖြစ်သည်။ဖမ်းဆီးရမိသော ငါးအများဆုံးကို ဈေးကောင်းရသော ရနောင်းတွင် သွားရောက်ရောင်းချကြလေသည်။ ကော့သောင်းမြို့တွင်း၌ မြန်မာ ကရင် မွန် ရခိုင် တရုတ် မလေး အိန္ဒိယ ဆလုံနှင့်ယိုးဒယားလူမျိုးများ အပါအဝင် လူမျိုးပေါင်းစုံနေထိုင်ကြသည်။ဗုဒ္ဓဘာသာဘုရားစေတီပုထိုးများ ဘုန်းကြီးကျောင်းများ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့်ဗလီဝတ်ကျောင်းများ အသီးသီးရှိသည်။သယ်ယူပို့ဆောင်ရေးတွင် အဓိကနည်းလမ်းတစ်ခုဖြစ်နေသည့် မော်တော်ဆိုင်ကယ်များဖြင့် ကော့သောင်းသည် အမြဲတမ်းသက်ဝင်လှုပ်ရှားနေပေသည်။မော်တော်ဆိုင်ကယ်ကို အငှားယဉ်အဖြစ်အသုံးပြုနိုင်၍ ကားများကို အတွေ့ရနည်းလှပေသည်။ ဆူညံသံများမှကင်းဝေးစေရန်နှင့်ကော့သောင်းမြို့၏စွဲမက်ဖွယ်ရှိသော ရူမျှော်ခင်းကို ခံစားနိုင်ရန်အတွက် ဘုရင့်နောင်မတ်တတ်ရပ်ဟန်ရုပ်တုတည်ရှိရာ တောင်းကုန်ပေါ်သို့ တက်ရောက်၍ ကြည့်ရူနိုင်ပေသည်။လှေကားထစ်များသဖွယ် တည်ဆောက်တားပုံရသည့် လူနေအိမ်ခြေထူထပ်လှသော ကော့သောင်းမြို့မြစိမ်းရောင် သစ်တောများဖုံးလွှမ်းထားသည့် တောင်ကုန်းများက ၀န်းရံထားကြသည်။အိမ်ခြေများသည် မြို့ပြင်ဘက်သာမက တောင်ခြေတောင်ကုန်းငယ်များတိုင်အောင် ပျံနှံနေကြသည်။ကုန်းမြင့်အထက်ပိုင်းနေရာများတွင် ဘုရားစေတီများတည်ရှိနေကြပြီး အဝေးရှိတောင်ကုန်းငယ်တစ်ခုခြေရင်းတွင် လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော် တစ်ဆူတည်ရှိနေသည်။

ဘုရင့်နောင်အငူ (ယခင်ဝိတိုရိယပွိုင့်)[ပြင်​ဆင်​ရန်​]

ဗြိတိသျှအုပ်ချုပ်စဉ်ကာလ ဝိတိုရိယဘုရင်မကြီး(QUEEN VICTORIA)ကို အစွဲပြု၍ ကော့သောင်းဝိတိုရိယပွိုင့်ဟု အမည်ပေးခဲ့ကြသည့် ဆိပ်ကမ်းနေရာတစ်ခုရှိသည်။၎င်းဆိပ်ကမ်းနေရာသည် နေရောင်အောက်တွင် အရောင်တလက်လက်တောက်နေသည့် ရေမြင်အတွင်းသို့ ထိုးထွက်နေသည့် ကျွန်းဆွယ်တစ်ခုဖြစ်သည်။ ထိုဝိတိုရိယပွိုင့်အငူစွန်းကို ယခုအခါဘုရင့်နောင်အငူဟု အမည်မှည့်ခေါ်ခြင်းဖြစ်သည်။ ဘုရင့်နောင်အငူစွန်းတွင်ခြေတံရှည်လူနေအိမ်များ၊ နယ်ဒေသစစ်ဆေးရေးဂိတ်ဝနှင့်လူဝင်မှု့ကြီးကြပ်ရေးစသည့်ရုံးများလည်းရှိသည်။ ကော့သောင်းကုန်းမြေနှင့်မျက်နှာချင်းဆိုင်ဆက်စပ်နေသောကျွန်းမှာမြိတ်ကျွန်းစုတွင်ပါဝင်သောတောင်ဘက်အကျဆုံးကျွန်းတစ်ကျွန်းဖြစ်သည်။ယင်းကျွန်းသည်မွေတော်ကျွန်းအဖြစ် ထင်ရှားသည်။ မြတ်ဗုဒ္ဓ၏ဓာတ်တော်မွေတော်များ ထည့်သွင်းဌာပနာထားသည်ဆိုသောတေင်ကုန်းထိပ်ရှိစေတီနှစ်ဆူတည်ရှိရာကျွန်းဖြစ်ပေသည်။ယင်းကြေင့်ပင်အဆိုပါမွေတော်ကျွန်းသို့ ကော့သောင်းဘက်မှငါးမိနစ်ကြာမျှလှေစီး၍ကူးသန်းသွားလာကြသောဘုရားဖူးခရီးသွားများအဆက်မပြတ်ရှိနေတတ်သည်။ကော့သောင်းမှနေ၍ အန်ဒမန်ကလပ်ရီဇော့တ်(Andaman Club Resort)ဟိုတယ်ရှိရာသူဌေးကျွန်းဆီသို့ ဖယ်ရီသင်္ဘောဖြင့်၁၀မိနစ်ခရီးအဖြစ်သွားရောက်နိုင်သည့်စပိဘုတ်(Speed Boat)ဖြင့်သွားရောက်ပါကသုံးမိနစ်ကြာမျှသွားရသည်။

သူဌေးကျွန်းနှင့်ကော့သောင်းတံငါရွာ[ပြင်​ဆင်​ရန်​]

ဘုရင့်နောင်ရုပ်ထုတည်ရှိရာနေရာမှအန်ဒမန်ပင်လယ်ပြင်ကိုဖြတ်ကျော်ကြည့်လိုက်ပါကသူဌေးကျွန်းကိုထင်ရှားစွာတွေ့မြင်နိုင်ပေသည်။သူဌေးကျွန်းရှိအန်ဒမန်ကလပ်ရီဇော့တ်ဟိုတယ်သည် အထူးဖန်တီးထားသည့်တည်းခိုနားနေရာဟိုတယ်ဖြစ်သည်။၁၈ကျင်းပါဝင်သည့်ဂေါက်တီးရိုက်ကွင်း၊ ကလေးများအတွက် ရေကူးကန်တစ်ခုနှင့်လူကြီးများအတွက် ရေကူးကန်ကြီးတစ်ခု အစဉ်အလာရိုးရာအနှိပ်ပညာဖြင့် ၀န်ဆောင်ပေးမူများသာမက လေ့ကျင့်ခန်းသုံးပစ္စည်းကရိယာများအပြည့်အစုံရှိသော ကျန်းမာရေးလေ့ကျင့်ခန်းနေရာ ကာရာအိုကေခန်းမ နှင့်နိုင်ငံတကာစားတော်ဆက်များဖြင့် စီစဉ်ပေးထားသည်။ ယင်းဟိုတယ်၏အဆင့်အတန်းမှာ ကြယ်ငါးပွင့်အဆင့်ရှိပြီး ဂြိုဟ်တုဆက်သွယ်ရေး ရုပ်မြင်သံကြား ဟိုတယ်တွင်းရုပ်ရှင်ရုံနှင့် IDD တယ်လီဖုန်းများတပ်ဆင်ဆောင်ရွက်ပေးထားသည်။ ကော့သောင်းမြို့မှ ငါးကီလိုမီတာအကွာ၌ သိရိမြိုင်ရပ်ကွက်အမည်ရှိ တံငါရွာတည်ရှိနေပေသည်။၎င်းတံငါရွာအနီးရှိ တောင်ကုန်းတစ်ခုထိပ်တွင် သုံးမိုင်ဘုရားရှိသည်။အဓိကစေတီတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်ထားသည်။စေတီ၏အောက်ခြေဖိနပ်တော်မှာ ထောင့်ရှစ်ထောင့်ပါရှိသည့် အဋ္ဌဂံပုံစံအုတ်ခုံဖြစ်ပေသည်။ယင်းထောင့်ရှစ်ထောင့်ရှိ ဋ္ဌာပနာအတွင်းချိုင့်နေရာရှစ်နေရာတွင် တင်ပျဉ်ခွေဗုဒ္ဓရုပ်ပွားတော်တစ်ဆူစီ ကိန်း၀ပ်စံပယ်လျက်ရှိသည်။တောင်ကုန်းအမြင့်ဆုံးနေရာတွင် ကြာပွင့်ပေါ်၌ထိုင်၍ စံပယ်နေသော မြတ်ဗုဒ္ဓရုပ်ပွားတော်၏ ဦးခေါင်းတော်အထက်၌ နဂါးမင်းကပါးပျဉ်းဖြင့်အုပ်မိုးထားသည့် နဂါးရုံဘုရားတစ်ဆူကိုဖူးမြော်နိုင်ပေသည်။တောင်ကုန်းအထက်မှ လှမ်းကြည့်လိုက်ပါက သီဟိုပင်စိုက်ခင်းများ ပြာလဲ့ကြည်လင်သော အန်ဒမန်ပင်လယ်ပြင် သူဌေးကျွန်း ဆလုံကျွန်းနှင့်ပို၍ဝေးသောနေရာတွင် ဇာဒက်ကြီးကျွန်းတို့အပါဝင်မြိတ်ကျွန်းစုကို တွေ့မြင်ရမည်ဖြစ်သည်။

မြိတ်ကျွန်းစု[ပြင်​ဆင်​ရန်​]

မြိတ်ကျွန်းစုတွင် စုစုပေါင်းကျွန်းပေါင်း ၈၀၄ ကျွန်းပါဝင်သည်ဟုဆိုသော်လည်း အချို့ခန့်မှန်းတွက်ဆမှုအရ ကျွန်းပေါင်း ၁၀၀၀ကျော်ရှိနိုင်သည်ဟုဆိုကြ၏။အကြီးဆုံးကျွန်းမှာ ဘုရင်ကျွန်း(KING ISLAND)ဖြစ်ပြီး ဟက်တာပေါင်း ၄၄၀၀၀ရှိသည်။ကျွန်းအများအပြားမှာ ပင်လယ်အတွင်းမှထိုးထွက်နေကြသော ကျောက်တုံးကျောက်စိုင်ကျွန်းများဖြစ်ကြသည်။အချို့ကျွန်းများမှာ ထုံးကျောက်ကျွန်းများဖြစ်ကြပြီး မီတာပေါင်းရာနှင့်ချီ၍ရှည်လျားသည်။ယင်းကျွန်းများပေါ်တွင် ဇီဝဇိုးငှက်သိုက်များကို တွေ့ရှိကြသည်။လူများနှစ်ခြိုက်ခုံမင်စွာ ငှက်သိုက်ဆေးဖော်စပ်သုံးစွဲကြပြီး တန်ဖိုးကြီးမားသည့် အစားအစာတစ်ခုလည်းဖြစ်သည်။ကစ်စာရိုင်းနှင့်ဒိုမဲလ်ကျွန်းတို့အကြားရှိ ကျွန်းတစ်ခုကို စကျင်ကျောက်(ကျောက်ဖြူ)ကျွန်းများဟုခေါ်ဝေါ်သမုတ်ထားကြသည်။အရည်သွေးကောင်း စကျင်ကျောက်များထွက်ရှိသည်။ကစ်စရိုင်းနှင့်ဆဲလ်လိုကျွန်းများ၏ ကမ်းရိုးတန်းတစ်လျှောက်"ဘုရင့်ကျွန်း "ထား၀ယ်ကျွန်းနှင့်တံငါကျေးရွာများကလွဲလျှင် မြိတ်ကျွန်းစုသည် ယင်းကျွန်းစုကိုလှည့်လည်သွားလာကျက်စားနေကြသော ဆလုံသို့မဟုတ် ပင်လယ်ဂျစ်ပစီတို့အဓိကနေထိုင်ကြသည်။

ဆလုံတို့ဋ္ဌာနီ[ပြင်​ဆင်​ရန်​]

တစ်ချိန်သောအခါက အသားအရေညိုမည်းပြီး နေလောင်ဒဏ်ကြောင့် ခြောက်သွေ့၍နီကြောင်ကြောင်ဖြစ်နေသော ဆံပင်များရှုပ်ပွနေသည့် ဆလုံလူမျိုးစုတို့သည် မလေးကျွန်းဆွယ်(ယနေ့မလေးရှားကျွန်းဆွယ်)တွင် အခြေချနေထိုင်ခဲ့ကြသည့် မလေးလူမျိုးနွယ်၀င်များဖြစ်သည်။၎င်းတို့၏ဘာသာစကားမှာ ကမ္ဘောဒီးယာက ချင်းတိုင်းရင်သားတို့၏ စကားနှင့်အတော်ပင်တူညီမှုရှိနေသည်ကိုတွေ့ရသည်။ပင်လယ်ပျော်ဆလုံကျွန်းသားတို့၏ ရေကူးရေငုပ်ကျွမ်းကျင်မှုသည်လည်းအံ့သြဖွယ်ရာဖြစ်ပေသည်။၂၀၀၄ခုနှစ် ဖေဖော်ဝါရီလတွင် လန်ပီကျွန်း၌ကျင်းပခဲ့သော ဆလုံပွဲတော်မှာလည်း ကမ္ဘာလည့်ခရီးသွားများအတွက် အလွန်စိတ်၀င်စားဖွယ်ရာဖြစ်သည်။ကော့သောင်းအနီးရှိ ဆလုံကျွန်းတွင် လင်းပိုင်မွေးမြူလေ့ကျင့်မှုသည်လည်း အောင်မြင်နေပြီဖြစ်၍ တနင်္သာရီတိုင်းအတွင်း ကမ္ဘာလည့်ခရီးသွားလုပ်ငန်း အခြေခံကောင်းများတိုးတက်နေပြီဖြစ်သည်။ ဆလုံတို့သည်ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြလေသည်။ရေပျော်ဆလုံတို့သည် ငါးပုတ် ငါးကွမ်းရှပ် ငါးခွေးရှာ ငါးပုဏ္ဍား ကကူရံ ငါးမြင်းရင်း ငါးမြစ်ချင်းတို့ကိုဖမ်းဆီးပြီး ရနောင်းလက်ကားအ၀ယ်ဒိုင်များသို့ရောင်းချကြသည်။ ကော့သောင်းမြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး ရော်ဘာလုပ်ငန်းမှာလည်း တိုးတက်ဖွံ့ဖြိုးလျက် ပြင်ပတိုက်ရိုက်တင်ပို့နိုင်သော ပင်လယ်ရေထွက်ကုန်ပစ္စည်းများဖြင့် စည်ကားလှသည့် တံငါဆိပ်ကမ်းတစ်ခုလည်းဖြစ်သည်။ကမ်းနားလမ်း အနောက်ဘက်တွင် ပင်လယ်ထွက်အစားအစာရောင်းချသော စားတော်ဆက်အများအပြား တည်ရှိနေကြသည်။တနင်္သာရီတိုင်းသည် ရေသယံဇာတ မြေသယံဇာတပေါများသည်ဖြစ်ရာ လယ်ယာကဏ္ဍစုစုပေါင်း စိုက်ပျိုးနိုင်မှုသည် ယခင်တစ်နှစ်လျင် ဧက ၄၆၈၀၀၀ ကျော်ရှိခဲ့ရာမှ ယခုအခါ ဧက ၆၇၀၀၀၀ ကျော်အထိတိုးတက်လာကြောင်းသိရသည်။တစ်နှစ်ဆန်စပါးစိုက်ပျိုးထုပ်လုပ်နိုင်မှုသည်လည်း တင်းပေါင်း ၁၆၇ သိန်းအထိတိုးတက်လာသည်ဟုဆိုသည်။ တနင်္သာရီတိုင်းသည် ဆီအုန်းစိုက်ပျိုးရန်းရေမြေသဘာ၀ ရာသီဥတုအခြေအနေပေးသည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင် ၁၆ဖွဲ့ကဆီအုန်းပင်များကို အင်တိုက်အားတိုက်စိုက်ပျိုးခဲ့ရာ ယနေ့အချိန်တွင် ဧက ၁၁၀၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်သည်။မကြာသောကာလတွင် တနင်္သာရီတိုင်းသည် နိုင်ငံတော်၏ဆီအိုးကြီးအဖြစ်တင်းစားခေါ်ခံရမည်မှာ မလွဲဧကန်ဖြစ်သည်။ စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်သော ရော်ဘာကိုလည်း ဧက ၁၄၀၀၀၀ ကျော်အထိတိုးချဲ့စိုက်ပျိုးနိုင်ခဲ့သည်။သားငါးကဏ္ဍတိုးတက်မှု ငါးပုစွန်ထုတ်လုပ်မှု ပုလဲမွေးမြူရေးလုပ်ငန်း ဥစားကြက်မွေးမြူရေး ပညာရေးစသည့်ကဏ္ဍအသီးသီး၌ဖွံ့ဖြိုးတိုးတက်မှုများရှိလာခဲ့သည်။စက်မှုဇုန်းများဖွဲ့စည်းပြီး မော်တော်ကားများကိုပင် ထုပ်လုပ်နေလေပြီ။ ရေး-ထားဝယ်မီးရထားလမ်းကိုလည်းဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သည်။တနင်္သာရီတိုင်းအတွက် အသစ်တည်ဆောက်ပြီးသွားသော လေညှာမြစ်ကိုဖြတ်ကူးထားသည့် လေညှာ-မဏ္ဍိုင်တံတားနှင့်ကျွဲကူး-ကျောက်ဖျာတံတားတို့ကိုလည်း ရှေ့ဆင့်နောက်ဆင့်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။သဘာဝဓာတ်ငွေ့ကိုလည်းတိုးချဲ့ရှာဖွေဖော်ထုတ်လျက်ရှိနေသည်။ကျွဲကူး-ကျောက်ဖျာတံတားမှာ တနင်္သာရီတိုင်းတွင်တည်ရှိ၍ကျောက်ဖျာမြစ်ကူး မြိတ် - ထား၀ယ်ကားလမ်းပေါ်၌တည်ရှိသည်။ယခုအခါတနင်္သာရီတိုင်းတွင် တံတားများစွာတို့ကို နိုင်ငံတော်ကတည်ဆောက်ပေးခဲ့သဖြင့် မြန်မာနိုင်ငံ မြောက်ဘက်စွန်းမှတောင်ဘက်စွန်း ကော့သောင်းမြို့အထိတောက်လျှောက်ဥဒဟိုသွားလာနိုင်ပြီဖြစ်သည်။မြန်မာပြည်တောင်ဘက်အဖျားစွန်းကကော့သောင်းမြို့သည် တစ်နှစ်ထက်တစ်နှစ်ပိုမိုလှပသာယာကာကြည်နှုးဖွယ်ဖြစ်ပေတော့သည်။



ကော့သောင်းမြို့သည် မြန်မာနိုင်ငံ တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်း၌ပါဝင်၍ မြန်မာနိုင်ငံ၏ တောင်ဘက်အစွန်ဆုံးဖြစ်သော ဝိတိုရိယအငူ ပင်လယ်ကမ်းစပ်၌ တည်ရှိသည်။ ကော့သောင်းနယ်ပိုင်၏ ရုံးစိုက်ရာမြို့လည်းဖြစ်၏။ ကော့သောင်းနယ်မှာ တနင်္သာရီနယ်၏ တောင်ဘက်တွင် ကပ်လျက်ရှိ၍ ကော့သောင်းမြို့နယ်နှင့် မလိဝန်းမြို့နယ်များ ပါဝင်သည်။ ဘင်္ဂလားအော် အတွင်းသို့ စီးဆင်းသော ပတ်ချန်မြစ်သည် မြန်မာနိုင်ငံ၏ တောင်ဘက် အစွန်ဆုံးနှင့် ယိုးဒယားနိုင်ငံစပ်ကြားတွင် သဘာဝနယ်နိမိတ်အဖြစ်ဖြင့် တည်ရှိ၍၊ မြို့အရှေ့ဘက်ရှိ ပတ်ချန်မြစ်ဝမှာ လုံခြုံကျယ်ဝန်းသဖြင့် သင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ် နိုင်၏။


မြိတ်ကျွန်းစုတောင်ဖက်ရှိ ကျွန်းငယ်ကလေးများမှာ ကော့သောင်းနယ်အတွင်းတွင်ပါဝင်၏။ ကော့သောင်းမြို့အနီးတွင် ဗောင်းနင်းကျွန်းနှင့် ဗောင်းဝါးကျွန်းနှစ်ကျွန်းကို အစွဲပြု၍ ယိုးဒယားစကားဖြင့် 'ကော့စွန်း'ကို မြန်မာများ ကော့သောင်းဟု ခေါ်ခြင်းဖြစ်သည်။ ကော့စွန်း၏အဓိပ္ပါယ်မှာ ကော့- ကျွန်း၊ စွန်း- နှစ်၊ 'ကျွန်းနှစ်ကျွန်း' ဖြစ်သည်။ ကော့သောင်းမြို့ အနောက်မြောက်ဘက်မိုင် ၃ဝ ခန့်အကွာတွင် ရွှေထွက်သည်ဟုကျော်ကြားသော ရွှေကျွန်းခေါ် ရပ်ဆဲကျွန်းသည်လည်း ကောင်း၊ မြို့အနောက်တောင်ဖက် ၄၅ မိုင်အကွာတွင် ဝူးဖရမ် (အဖြိုက်နက်)များထွက်သည့် သံကျွန်းခေါ် ဒေးဝစ်ကျွန်း သည်လည်းကောင်း တည်ရှိသည်။


မြို့နယ်တစ်ခုလုံးတွင် လူဦးရေ ၆,ဝဝဝ ခန့်ရှိ၏။ နယ်အတွင်း ပင်ရင်းထွက်ကုန်များမှာ ဆန်စပါးနှင့် သံဖြူဖြစ်၏။ ကြက်ပေါင်စေး၊ ကလမက်၊ ကွမ်းသီးခြောက်နှင့် ငပိ၊ ငခြောက် များလည်း အနည်းငယ်ရရှိလေသည်။ ကော့သောင်းမြို့မှာ လူနေ အိမ်ခြေ ၂၅ဝ ခန့်သာရှိ၍ မြန်မာ၊ ယိုးဒယား၊ တရုတ်၊ ကုလား၊ ပသျှူး၊ ဆလုံလူမျိုးများနေထိုင်ကြ၏။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၅၂ဝ ရှိသည်။ လယ်ယာ အချိန်အခါမဟုတ်သောကာလများ၌ နယ်သားများသည် ကျွန်းစုများသို့သွားရောက်၍ တံငါလုပ်ငန်း၊ ငှက်သိုက် ရှာဖွေခြင်း လုပ်ငန်း စသည်တို့ကိုလုပ်ကိုင်ကြ၏။ ကော့သောင်းမြို့တွင် နယ်ပိုင်ရုံး၊ မြို့ပိုင်ရုံးနှင့် အစိုးရဆေးရုံရှိသည်။ ယိုးဒယား- မြန်မာနယ်ခြားတွင်ရှိသောမြို့ဖြစ်၍ အရောင်းအဝယ် သွက် လက်သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)