ကောင်းရှုံဆိပ်ကမ်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Port of Kaohsiung
Shipping-container Kaohsiung Harbour.jpg
Port of Kaohsiung
တည်နေရာ
နိုင်ငံ Flag of the Republic of China.svgတရုတ်သမ္မတနိုင်ငံ
တည်နေရာ ကောင်းရှုံမြို့
Coordinates 22°21′00″N 120°10′23″E / 22.3501°N 120.1730°E / 22.3501; 120.1730
အချက်အလက်
ဖွင့်လှစ်သည့်နှစ် 1858
စီမံကွပ်ကဲသူ Kaohsiung Harbor Bureau
စာရင်းအင်း
နှစ်ချုပ် ကုန်စည် ပမာဏ 9.47 million TEU (2005)
ဝက်ဘ်ဆိုက် http://www.khb.gov.tw
ကောင်းရှုံဆိပ်ကမ်း

ကောင်းရှုံဆိပ်ကမ်းသည် ထိုင်ဝမ်တောင်ပိုင်းရှိ ကောင်းရှုံမြို့တွင် တည်ရှိသည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်သည်။ နှစ်စဉ် ကုန်စည်သေတ္တာပေါင်း ၁၀ သန်းကျော် တင်ချပေးနိုင်သည့် ထိုင်ဝမ်၏ အကြီးမားဆုံး ဆိပ်ကမ်းလည်း ဖြစ်သည်။ ကောင်းရှုံဆိပ်ကမ်းသည် တရုတ်သမ္မတနိုင်ငံ (အာအိုစီ) သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန ကောင်းရှုံဆိပ်ကမ်း ဦးစီးဌာန လက်အောက်တွင် ရှိသည်။[၁] သို့သော်လည်း ယခုနှစ်များအတွင်း ဆိပ်ကမ်းဧရိယာနှင့် အနီးဝန်းကျင်ရှိ ကောင်းရှုံမြို့၏ မြေနေရာများအား အကောင်းဆုံး အသုံးချနိုင်ရန် ကောင်းရှုံမြို့နှင့် ဆိပ်ကမ်းအား ပေါင်းစည်းကာ ကောင်းရှုံမြို့အစိုးရမှ တိုက်ရိုက်ဦးစီးရန် စီစဉ်လျက်ရှိသည်။

၁၈၉၇ ခုနှစ်တွင် တာကိုဆိပ်ကမ်းဟုခေါ်သည်။

သမိုင်း[ပြင်​ဆင်​ရန်​]

မင်နှင့် ချင်းမင်းဆက်ခေတ်[ပြင်​ဆင်​ရန်​]

ကောင်းရှုံဆိပ်ကမ်းတည်ရှိသည့် လက်ရှိနေရာသည် မင်နှင့် ချင်းမင်းဆက်ခေတ်တွင် တံငါရွာလေးသာ ဖြစ်သည်။ ဒပ်ချ်ကိုလိုနီခေတ်၊ ကျိန့်ချိန်ကုန်းခေတ်နှင့် ဂျပန်ကိုလိုနီခေတ်တွင် စီးပွားဖြစ် ဆိပ်ကမ်းအဖြစ် တိုးချဲ့ ဆောက်လုပ်ခဲ့ကြသည်။ ချင်းမင်းဆက် ခေတ်ဦးပိုင်းတွင် ကောင်းရှုံဆိပ်ကမ်းသည် ထိုင်ဝမ်တောင်ပိုင်းဒေသ၏ ကုန်စည်ဖြန့်ဖြူးရာ အချက်အချာဖြစ်သည်။ မူလက တာကိုဆိပ်ကမ်းဟု အမည်တွင်သည်။ ၁၈၅၈ ခုနှစ်တွင် တရုတ် ချင်းမင်းဆက်က ဒုတိယဘိန်းစစ်ပွဲတွင် ဗြိတိသျှတို့အား စစ်ရှုံးခဲ့ပြီး ထျန်းကျင်းစာချုပ်အရ ထိုင်ဝမ်ရှိ ဆိပ်ကမ်း ၅ ခုကို နိုင်ငံခြား ကုန်သွယ်ရေးအတွက် ဖွင့်လှစ်ပေးခဲ့ရသည်။ ယင်းတို့အနက် တာကိုဆိပ်ကမ်းသည် ၁၈၆၄ ခုနှစ်တွင် အနောက်တိုင်း ကုန်သည်များအတွက် တရားဝင် ဖွင့်လှစ်ပေးခဲ့သည်။

ချင်းမင်းဆက်ခေတ်တွင် တာကိုဆိပ်ကမ်းသည် ထိုင်နန်ရှိ အန်းဖိန်ဆိပ်ကမ်းပြီးနောက် ထိုင်ဝမ်တွင် ဒုတိယအကြီးဆုံး ဆိပ်ကမ်းဖြစ်သည်။ သို့သော်လည်း အန်းဖိန်ဆိပ်ကမ်းတွင် အနယ်ကျမှု အခြေအနေဆိုးဝါးသောကြောင့် အနောက်တိုင်း ကုန်တင်သင်္ဘောများ ဝင်ထွက်ရန် အခက်အခဲဖြစ်စေကာ တာကိုဆိပ်ကမ်းကိုသာ အဓိက အသုံးပြုလာကြသည်။ ထို့အပြင် တာကိုဆိပ်ကမ်းအနီး နယ်မြေများလည်း တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာပြီး ကုန်ဈေးနှုန်းသက်သာသည့်အတွက် နိုင်ငံခြားအဝယ်တော်များနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ တာကိုဆိပ်ကမ်းအား ဗြိတိသျှနှင့် အမေရိကန်ကုန်သည်များ အာရုံစိုက်လာကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် အမေရိကန်ကုန်သည်များ စီမံမှု မကောင်းသောကြောင့် ဗြိတိသျှတို့၏ စီးပွားရေးခွင်ဖြစ်လာသည်။ နိုင်ငံခြားကုန်သွယ်မှု တိုးတက်လာသည့်အလျောက် တာကိုဆိပ်ကမ်း အနီးတဝိုက်ရှိ ရပ်ကွက်များသည်လည်း ကြီးပွားတိုးတက်လာကြသည်။

ဂျပန်ကိုလိုနီခေတ်[ပြင်​ဆင်​ရန်​]

ကောင်းရှုံဆိပ်ကမ်းမုခ်ဦး

၁၈၉၅ ခုနှစ်တွင် တရုတ်တို့ ဂျပန်အား စစ်ရှုံးပြီးနောက် မာကွမ်းစာချုပ်အရ စစ်လျော်ကြေးအဖြစ် ထိုင်ဝမ်အား ဂျပန်တို့ထံ ပေးအပ်ခဲ့ရသည်။ ဂျပန်စစ်တပ်သည် ၁၈၉၆ ခုနှစ်တွင် ကောင်းရှုံဆိပ်ကမ်းအား သိမ်းပိုက်ခဲ့သည်။ ဂျပန်တို့သည် ကောင်းရှုံဆိပ်ကမ်း၏ လုပ်ငန်းဆောင်တာများကို အားဖြည့်ပေးရန် ၁၉၀၀ ပြည့်နှစ်မှစ၍ ကြိမ်ဖန်များစွာ တိုးချဲ့ဆောက်လုပ်ခဲ့သည်။

၁၉၁၂ ခုနှစ်တွင် ကူးတို့ဆိပ် ၇ ခုရှိပြီး တန် ၃ ထောင်ရှိ သင်္ဘောများ ဆိုက်ကပ်နိုင်သည်။ ၁၉၃၇ ခုနှစ်တွင် ဒုတိယအကြိမ် တိုးချဲ့ခဲ့ရာ ဆိပ်ခံတံတား ၁၆ ခုဖြစ်လာကာ တန် ၈ ထောင်ရှိ သင်္ဘောများ ဆိုက်ကပ်နိုင်သည်။ တန် ၁ သောင်းကျော်သည့် သင်္ဘောများလည်း ဝင်ထွက်သွားလာ နိုင်ခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် ကောင်းရှုံ - ယိုကိုဟားမား၊ ကောင်းရှုံ - ကွမ်တုန်း၊ ကောင်းရှုံ - ထျန်းကျင်း၊ ထိုင်ဝမ် - ကိုရီးယား၊ ထိုင်ဝမ် - မန်ချူးရီးယား လိုင်းများ ပြေးဆွဲခဲ့ပြီး နှစ်စဉ် ကုန်စည်တန်ပေါင်း ၁.၅၈ သန်းခန့် တင်ချနိုင်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ကုန်တင်ကုန်ချ ပမာဏမှာ တန်ပေါင်း ၃.၂ သန်းအထိ တိုးမြင့်ခဲ့ပြီး ဂျပန်ကိုလိုနီခေတ်တွင် အမြင့်ဆုံးစံချိန်သို့ ရောက်ရှိခဲ့သည်။

၁၉၄၄ ခုနှစ် နှစ်လယ်ပိုင်းတွင် မဟာမိတ်တပ်များ ပစိဖိတ်စစ်မြေပြင်တွင် ပြန်လည်ထိုးစစ်ဆင်လာကာ အမေရိကန်တပ်သည် နယူးဂီနီ၊ ဆိုက်ပန်းကျွန်း၊ ဖိလစ်ပိုင် စစ်မြေပြင်များတွင် အနိုင်ရရှိလာသည်။ အမေရိကန် လေတပ်မှာလည်း ထိုင်ဝမ်နှင့် အိုကီနာဝါအား ဗုံးကျဲတိုက်ခိုက်လာခဲ့သည်။ အောက်တိုဘာလပြီးနောက် ကောင်းရှုံဆိပ်ကမ်းသည် မဟာမိတ်တပ်၏ ပျင်းပျင်းထန်ထန် ဗုံးကျဲတိုက်ခိုက်ခြင်း ခံခဲ့ရသောကြောင့် ဆိပ်ကမ်းနှင့် ဂိုဒေါင်များ အားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။ အမေရိကန်တပ်များ ကမ်းတက်စစ်ထိုးစဉ် ကောင်းရှုံဆိပ်ကမ်းအား အသုံးမချနိုင်ရန် ဂျပန်တပ်က မိမိတို့၏ သင်္ဘော ၅ စင်းကို နှစ်မြှုပ်ပြီး ဆိပ်ကမ်းကို ပိတ်ဆို့ခဲ့သည့်အတွက် ကောင်းရှုံဆိပ်ကမ်းသည် ဆိပ်ကမ်းသေတခုသဖွယ် ဖြစ်ခဲ့ရသည်။

အာအိုစီခေတ်[ပြင်​ဆင်​ရန်​]

ကုန်တင်သင်္ဘောပေါ်မှ မြင်ရသော ကောင်းရှုံဆိပ်ကမ်း

၁၉၄၅ ခုနှစ်တွင် ဂျပန်တို့ စစ်ရှုံးပြီးနောက် အာအိုစီအစိုးရသည် ထိုင်ဝမ်အား ပြန်လည်လက်ခံယူကာ အောက်တိုဘာလတွင် ကောင်းရှုံဆိပ်ကမ်းအား စီမံကြီးကြပ်ရန် ကောင်းရှုံဆိပ်ကမ်း ဦးစီးဌာနကို ဖွဲ့စည်းခဲ့သည်။ ရေမြှုပ်နေသည့် သင်္ဘောများအား ပြန်ဆယ်ယူခဲ့သည်။ ၁၉၅၅ ခုနှစ်မှသာ ကောင်းရှုံဆိပ်ကမ်းကို ပုံမှန် လည်ပတ်စေနိုင်ခဲ့သည်။

၁၉၅၉ ခုနှစ်နောက်ပိုင်းတွင် ၁၂ နှစ်တာ တိုးချဲ့ရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် ဆိပ်ခံတံတား ၂၇ ခုနှင့် ဗောတံတား ၂ ခုရှိလာသည်။ ထို့နောက် ဆိပ်ကမ်းအနီးတဝိုက်တွင် ကောင်းရှုံပို့ကုန်ဇုန်၊ စက်မှုလုပ်ငန်းဇုန်၊ သံမဏိစက်ရုံ၊ သင်္ဘောဆောက်လုပ်ရေးစက်ရုံ၊ ကုန်သေတ္တာစင်တာများကို ရှေ့စဉ်နောက်ဆက် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ကုန်သေတ္တာစင်တာ ၅ ခုနှင့် ရေနက်ကူးတို့ဆိပ် ၈ ခုကို တိုးချဲ့ ဆောက်လုပ်ခဲ့ရာ ကုန်စည်ကိုင်တွယ်နိုင်စွမ်း နှစ်စဉ် ကုန်စည်သေတ္တာ ၁၀ သန်းအထိ မြင့်တက်လာခဲ့သည်။

ယခင်က ကောင်းရှုံဆိပ်ကမ်းသည် ကုန်တင်ကုန်ချ ပမာဏ ကမ္ဘာတွင် ဟောင်ကောင်နှင့် စင်္ကာပူပြီးနောက် တတိယအဆင့်အထိ ရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ကုန်တင်ကုန်ချ ပမာဏ ကုန်စည်သေတ္တာပေါင်း ၉.၄ သန်းရှိခဲ့ပြီး အများဆုံး စံချိန်တင်နိုင်ခဲ့သည်။ ဒီ့နောက်တွင် ဟောင်ကောင်၊ စင်္ကာပူ၊ တောင်ကိုရီးယား ဖူဆန်ဆိပ်ကမ်း တို့အပြင် အသစ်ပေါ်ပေါက်လာသည့် တရုတ် ရှန်ဟဲရန်ဆန်းဆိပ်ကမ်း၊ ကျဲ့ကျန်းနင်ပေါဆိပ်ကမ်း၊ ဆန်းတုန်းချင်းတောင်ဆိပ်ကမ်း တို့ပါ အပြိုင်အဆိုင်ဖြစ်လာသောကြောင့် ကောင်းရှုံဆိပ်ကမ်း၏ ကုန်တင်ကုန်ချ ပမာဏ ကျဆင်းလာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ကုန်စည်သေတ္တာ ၉.၄၇ သန်းရှိသော်လည်း ကမ္ဘာ့အကြီးဆုံး ဆိပ်ကမ်း ၂၀ အတွင်း တခုတည်းသော ကျဆင်းသည့် ဆိပ်ကမ်းဖြစ်ခဲ့သည်။ လက်ရှိတွင် ကောင်းရှုံဆိပ်ကမ်း၏ ကုန်တင်ကုန်ချ ပမာဏမှာ ထိုင်ဝမ်တခုလုံး၏ သုံးပုံနှစ်ပုံရှိသည်။

အဆောက်အဦးများ[ပြင်​ဆင်​ရန်​]

ကောင်းရှုံဆိပ်ကမ်းရှိ ကုန်တင်ကုန်ချ ဆိပ်ခံတံတား

ကောင်းရှုံဆိပ်ကမ်းသည် မူလက ပင်လယ်ကမ်းခြေအိုင် တခုဖြစ်သည့် ရှည်လျားကျဉ်းမြောင်းသည့် ကမ်းရိုးတန်းတွင် တည်ရှိသည်။ အလျား ၁၂ ကီလိုမီတာ၊ အကျယ် ၁ မှ ၁.၅ ကီလိုမီတာ ရှိသည်။ အဝင်ဝမှာ မီတာ ၁၀၀ သာရှိပြီး ပုလင်းဝ အသွင်ရှိသည်။ ရေမျက်နှာပြင်မှာ ၁၂၇၆ ဟက်တာရှိကာ နှစ်ဘက်တွင် အဝင်အထွက် တပေါက်စီရှိသည်။ သင်္ဘောသွားလာနိုင်သည့် ရေကြောင်းမှာ ၁၈ ကီလိုမီတာ ရှည်လျားသည်။ ဆိပ်ကမ်းဧရိယာအတွင်းရှိ ရေအနက်မှာ ၁၁.၃ မှ ၁၆.၀ မီတာရှိ၍ တန် ၁၅၀၀၀၀ ရှိ သင်္ဘောများ ဝင်ထွက်သွားလာနိုင်၊ ဆိုက်ကပ်နိုင်သည်။ ဗောတံတား ၂၄ ခုရှိ၍ တန် ၁ သောင်းအထက် သင်္ဘော ၂၄ စင်း တပြိုင်နက်တည်း ဆိုက်ကပ်နိုင်သည်။ ရေနံတင်သင်္ဘောများဆိုက်ကပ်ရန် ဆိပ်ခံတံတား ၂ ခုရှိပြီး တန် ၁၅၀၀၀၀ နှင့် တန် ၂၅၀၀၀၀ ရှိ ရေနံတင် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည်။

ကောင်းရှုံဆိပ်ကမ်းတွင် လက်ရှိ အသုံးပြုနေသည့် ဆိပ်ခံတံတားပေါင်း ၁၁၆ ခုရှိကာ ၎င်းတို့အနက် ၃၀ မှာ ကုန်စုံတင်ချနိုင်သည့် ဆိပ်ခံတံတားဖြစ်ကာ ကုန်စည်သေတ္တာတင်ချသည့် ဆိပ်ခံတံတားမှာ ၂၄ ခုရှိသည်။ ထို့အပြင် ခရီးသည်တင် သင်္ဘော၊ စစ်သင်္ဘောနှင့် ဆိပ်ကမ်းအရေးကိစ္စများအတွက် ဆိပ်ခံတံတား ၂၄ ခုရှိသည်။ ဂိုဒေါင် ၉၆ ခုရှိကာ ကုန်တန်ချိန် ၅.၇၆ သိန်း သိုလှောင်နိုင်သည်။ ကုန်တင်ကုန်ချ ကရိန်းအရေအတွက်မှာ ၁၇၀ ရှိသည်။

ဆိပ်ကမ်းမြေပုံ[ပြင်​ဆင်​ရန်​]

Port of Kaohsiung map.svg

ဓာတ်ပုံများ[ပြင်​ဆင်​ရန်​]

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]