ကုလားမျက်စိ

ဝီကီပီးဒီးယား မှ
Lesser balloon vine
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Sapindales
မျိုးရင်း: Sapindaceae
မျိုးရင်းသေး: Sapindoideae
မျိုးစု: Cardiospermum
မျိုးစိတ်:
C. halicacabum
ဒွိနာမ
Cardiospermum halicacabum

ပုံသဏ္ဌာန် : ပုံသဏ္ဌာန်- အပင် - တစ်နှစ်ခံအပင်နှင့် နှစ်နှစ်ခံပင်နှစ်မျိုးရှိသည်။ နှာမောင်းဖြင့် နွယ်တက်သည်။ အကိုင်းများသေးသွယ်၍ အစင်းများရှိသည်။ အမွေးပါးဖုံးလွှမ်းနေသည်။ သို့မဟုတ်အမွေးမဲ့၏။ အရွက် - သုံးရွက်မြွှာပေါင်းဖြစ်၍ ရွက်လွှဲထွက်သည်။ အရွက် ၃ လက်မ ၄ လက်မ ရှည်၏။ ရွက်ညှာ ၁ လက်မခန့် ရှည်သည်။ ရွက်မြွှာများ လှံစွပ်ပုံရှိပြီး အဖျားအလွန်ချွန်၍ အောက်ခြေသို့ ရှူးသွား၏ ။ ရွက်နား လွှသွားဆန်၏။ အပွင့် -အဖြူရောင်သေးငယ်သည်။ အပြင်ဘက် ပွင့်ဖတ်ဝိုင်း၍ အဖျားချွန် ဘဲဥပုံ ဖြစ်သည်။ အတွင်းဘက် ပွင့်ဖတ်သည် အပြင်ဘက် ပွင့်ဖတ်ထက် ကြီးသည်။ ဝိုင်းသည်။ ပွင့်ချပ်ထိပ်ဘက် ဝိုင်း၏ ။ ဝတ်မှုန်ခံတိုင် အလွန်တိုသည်။ အသီး - ထောင့် ၃ ထောင့် ရှိသည်။ ထောင့်များတွင် တောင်ပံရှိသည်။ အသီးရင့်မှည့်ပါက အက်ကွဲ၏ ။ အစေ့ ၃ စေ့ ရှိ၍ လုံးပြီး အနက်ရောင် ရှိသည်။ အပေါ်ပိုင်းတွင် အဖြူရောင် ရှိသည်။ နှလုံးပုံ အသားပိုပါသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ သဘာ၀အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာဆေးကျမ်းများအလိုအရ ကုလားမျက်စိသည် ခါး၏။ ဆီးကို ရွှင်စေ၏ ၊ ညောင်းသော ရောဂါနှင့် သင့်၏။ သွေးကို လေးစေသည်။ ချွေးထွက်ခြင်းကြောင့် ဖြစ်သော ရောဂါများ ၊ ဆီးရောဂါများကို ပျောက်ကင်းစေ၏ ။ မြွေဆိပ်ကို ပယ်နိုင်၏ ။ အစာကြေ၍ နှုတ်မြိန်စေသည်။ အားကို တိုးစေသည်။

အသုံးပြုပုံ- ပဉ္စငါးပါး ၁။ ကုလားမျက်စိပင်သည် အသက်ရှည်ဆေးအဖြစ် အလွန် ထင်ရှား၏။ ကုလားမျက်စိအညွန်များကို ပြုတ်တို့ခြင်းဖြင့် ဆီးရွှင် ဆီးကောင်းစေသည်။ ၂။ ပဉ္စငါးပါးကို သုံးခွက်တစ်ခွက်တင် ကျို၍ အအေးခံပြီး သကြားထည့်သောက်ပါက ဆီးပူ ၊ ဆီးအောင့် ၊ ဆီးနည်း ၊ အသံဝင် ၊ အဖျား ၊ အညောင်းအကိုက် ရောဂါတို့ကို ပျောက်စေ၏။ ၃။ ပဉ္စငါးပါးကို ထန်းလျက်နှင့်ကျို၍ အအေးခံထားသောရေတွင် စမုန်မျိုးငါးပါးမှုန့် အဝတ်နှင့်ထုပ်စိမ်ထားပြီး ယင်းစိမ်ရေတွင် ဆားပုပ်အမှုန့်ထည့်၍ တစ်နေ့ ၃ ကြိမ်သောက်သော် ဆီးရောဂါအမျိုးမျိုး ၊ လေအောင့် အစာမကြေ ၊ မျက်စိရောဂါအမျိုးမျိုး ၊ နှလုံးရောဂါ ၊ သားအိမ်ရောဂါ ၊ဖောရောင် ညောင်းကိုက် ၊ မြင်းသရိုက်ရောဂါတို့ကို ပျောက်စေ၍ အားတိုးစေသည်။[၁]

ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. http://arogyamonline.com/commodity/materials/?raw=3[လင့်ခ်သေ]