ဆင်မျူရယ် ကိုဟင်

ဝီကီပီးဒီးယား မှ
(ကိုဟင်၊ ဆင်မျူရယ် မှ ပြန်ညွှန်းထားသည်)

နျူထရွန်ဗုံးတီထွင်သူ ဆင်မျူရယ်ကိုဟင်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့၊ ဘရူကလင်အရပ်၌ မွေးဖွားသည်။ ဆင်မျူရယ်သည် လော့စ်အိန်ဂျယ်လိစ်ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ၁၉၄၃ ခုနှစ်တွင် စစ်တပ်တွင် ဝင်ရောက်အမှုထမ်းခဲ့သည်။ စစ်တပ်တွင်ရှိစဉ် ဆင်မျူရယ်ကို မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်သို့ သွားရောက်၍ ရူပဗေဒဘာသာရပ်ကို သင်ကြားစေခဲ့သည်။ ထို့နောက် ဒုတိယကမ္ဘာစစ်အတွင်း မဲန်ဟက်တန်ပရောဂျက်နှင့် ပတ်သက်၍ အဏုမြူဗုံးထုတ်လုပ်သည့်စီမံကိန်းတွင် ပါဝင်ရန် တာဝန်ပေးခဲ့သည်။ ဆင်မျူရယ်သည် RAND ကော်ပိုရေးရှင်းနှင့် Lawrence Livermore သိပ္ပံလက်တွေ့စမ်းသပ်ခန်းတွင် အလုပ်လုပ်ကိုင်ရင်း ၁၉၅၈ ခုနှစ်တွင် သေးငယ်သောနျူထရွန်ဗုံးကို ထုတ်လုပ်နိုင်ခဲ့သည်။ ၎င်းဗုံးကို သေးငယ်သောအမှုန်လေးများနှင့် ပြုလုပ်ထားပြီး ၎င်းအမှုန်များသည် သိုလှောင်ထားရာ အရာဝတ္ထုမှ ဖောက်ထွက်၍ နံရံများ၊ အဆောက်အအုံများကို အနည်းငယ်သာ ပျက်စီးစေနိုင်ပြီး လူကိုသာ သေစေနိုင်ခြင်းဖြစ်သည်။ အများအားဖြင့် လူ၏ဗဟိုအာရုံကြောအဖွဲ့အစည်းကို ထိခိုက်စေသည်။ ဆင်မျူရယ်သည် ၁၉၅၁ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို တာဝန်ဖြင့် ခရီးသွားခဲ့ရာမှ၎င်းဗုံးကို တီထွင်ရန် စိတ်ကူးရခဲ့ခြင်း ဖြစ်သည်။ ကိုရီးယားစစ်ပွဲကြောင့် ပျက်စီးနေသော မြို့တော်ကိုကြည့်၍ အဏုမြူဗုံးထက် အချိုးအစားသေးသော နျူထရွန်ဗုံးတစ်မျိုး တီထွင်ရန်ကြံဆခဲ့သည်။ နျူထရွန်များကို လေထုက စုပ်ယူလိုက်သောကြောင့် တခြားအဏုမြူလက်နက်များနှင့်ယှဉ်လျှင် နျူထရွန်ဗုံးသည် ဖောက်ခွဲဖျက်ဆီးမှု အစွမ်းနိမ့်သည်။ ထို့ကြောင့် အဆောက်အအုံများကို မူလပကတိအတိုင်း တည်ရှိစေပြီး သက်ရှိများကိုသာ သေစေနိုင်ခြင်းဖြစ်သည်။ ဆင်မျူရယ်ကိုဟင်သည် အစာအိမ်ကင်ဆာဖြင့် လော့စ်အိန်ဂျလိစ်မြို့တွင် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ၌ ကွယ်လွန်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)