ကိုကိုကြီး၊ နိုင်ငံရေးသမား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကိုကိုကြီးသည် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဖြစ်သည်။

ကိုကိုကြီး

ကိုကိုကြီး (၁၉၆၁)[ပြင်​ဆင်​ရန်​]

၁၉၆၁၊ ဒီဇင်ဘာ ၁၈ တွင် ဖွားမြင်သည်။ ၁၉၇၇၊ နိုဝင်ဘာလတွင် စက်မှုလက်မှု အထက်တန်းကျောင်း အမှတ် (၁)၊ ရန်ကုန်မှ လျှပ်စစ် ဘာသာရပ်ဖြင့် အောင်မြင်သည်။

၁၉၇၈၊ အခြေခံပညာ အထက်တန်း (ခ) အဆင့်ဖြင့် အောင်မြင်သည်။


၁၉၈ဝ - ၈၃ တွင် အေဂျီတီအိုင် (အီးပီ) - AGTI (EP) စက်မှုလက်မှု သိပ္ပံမှ လျှပ်စစ် အင်ဂျင်နီယာ ဒီပလိုမာ ရရှိအောင်မြင်သည်။


၁၉၈၄၊ အခြေခံပညာ စာမေးပွဲတွင် သင်္ချာ၊ ရူပ/ဓာတု၊ ဂုဏ်ထူးတို့ဖြင့် အောင်မြင်သည်။


၁၉၈၄ - ၈၅၊ တက္ကသိုလ် ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာ ပထမဦးဆုံး အသုတ်အဖြစ် စတင် တက်ရောက် သင်ကြားသည်။


၁၉၈၆ တွင် HGP အထက်တန်းရှေ့နေ စာမေးပွဲကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘာသာရပ် ဂုဏ်ထူးဖြင့် အောင်မြင်သည်။


၁၉၈၈၊ မတ်လ ၁၆ ရက်၊ တံတားနီ ကျောင်းသား လှုပ်ရှားမှုမှ စတင်၍ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း ဆန္ဒပြပွဲများတွင် စတင်ပါဝင်ခဲ့သည်။


၁၉၈၈၊ ဇွန်လ အရေးအခင်း နောက်ပိုင်း ကျောင်းများ ပိတ်သွားပြီး ပြန့်ကျဲသွားသော ကျောင်းသား အင်အားစုများကို စုစည်း၍ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရန် ဦးဆောင် စည်းရုံးခဲ့သူ တဦးအဖြစ် ပါဝင်ခဲ့သည်။


၈၈၈၈ အရေးတော်ပုံကြီးတွင် ဦးဆောင် ပါဝင်ခဲ့ပြီး ဩဂုတ်လ ၂၈ ရက် ရန်ကုန်တက္ကသိုလ်၊ သမဂ္ဂ မြက်ခင်းပြင်တွင် ညီလာခံ ကျင်းပ ဖွဲ့စည်းခဲ့သော 'ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်' ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။


ကြားဖြတ် အစိုးရ ဖွဲ့စည်းရေး၊ ဝန်ကြီးချုပ် ဦးနု၏ စင်ပြိုင်အစိုးရ ထောက်ခံရေး စည်းရုံး လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။


နဝတ (တပ်မတော်) က အာဏာသိမ်းပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဖွဲ့စည်းရေးတွင် ပံ့ပိုးကူညီမှု ပေးခဲ့သည်။


၁၉၈၉၊ ဇန်နဝါရီ ရ ရက်နေ့တွင် တက္ကသိုလ်အလိုက် ကျောင်းသားသမဂ္ဂများနှင့် စုစည်း၍ ဗကသများအဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းရာတွင် ဒုဥက္ကဋ္ဌ-၁ အဖြစ် ဆက်လက် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။


ဗကသများ အဖွဲ့ချုပ်၊ အလုပ်သမားများ သွေးစည်း ညီညွတ်ရေးအဖွဲ့ (အယ်လ်အက်စ်-LS)၊ ရဟန်းပျိုများအဖွဲ့၊ အထိန်းသိမ်းခံ ကျောင်းသားဟောင်းများ အဖွဲ့ (၇၄ မှိုင်း) ၊ အခြား တပ်ဦးများနှင့် ပူးပေါင်း၍ ဒေါ်ခင်ကြည် ဈာပနကော်မီတီ အမည်ဖြင့် ဇန်နဝါရီလ ၂ ရက်နေ့တွင် တပ်ပေါင်းစုအသွင် စတင်ဖွဲ့စည်း လှုပ်ရှားခဲ့သည်။


၁၉၈၉၊ မတ်လ ၁၃ ရက် ကိုဘုန်းမော် ကျဆုံးခြင်း နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးဆောင်ကော်မီတီ၊ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ နိုင်ငံရေး ပါတီများ၊ အင်အားစုများကြား တောင်းဆိုချက် (၅) ချက်ကို ဘုံ သဘောတူညီမှုဖြင့် ညှိနှိုင်းချမှတ် စုစည်းနိုင်ခဲ့သည်။


၁၉၈၉၊ မတ်လ ၁၃ ရက်တွင် ကိုဘုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည် ဝမ်းနည်းခြင်း ရက်သတ္တပတ်အဖြစ် ရန်ကုန်တိုင်း မြို့နယ် အနှံ့အပြားတွင် ဒီမိုကရေစီရေး လူထုဟောပြောပွဲများ ကျင်းပ ဟောပြောခဲ့သည်။


လက်ရှိ မြန်မာနိုင်ငံနှင့် ကြားဖြတ် အစိုးရပြသနာ ခေါင်းစဉ်ဖြင့် စာတမ်းတစောင်ကို ဗကသ ခေါင်းဆောင်များအကြား တင်သွင်း ဆွေးနွေးခဲ့ပြီး ယင်းစာတမ်းနှင့်အတူ ၁၉၈၉ ဧပြီလတွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။


၁၉၈၉၊ ဇွန်လတွင် ပြန်လည် လွတ်မြောက်ခဲ့ပြီး အထိမ်းအမှတ်၊ အခမ်းအနားများ စည်းဝေး ဟောပြောမှုများ၊ စည်းရုံး လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်ခဲ့သည်။


၁၉၈၉၊ ဒီဇင်ဘာလတွင် ဗကသ၊ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) တို့ ညှိနှိုင်းဆွေးနွေး၍ ရွေးကောက်ပွဲ ဖြတ်သန်းရေး၊ ဒီမိုကရေစီ အင်အားစုများ အနိုင်ရရေး၊ တိုင်းရင်းသားများ တန်းတူညီမှျရေး၊ ကျောင်းသားလူငယ် ကိုယ်စားလှယ်များ လွှတ်တော်တွင်း ပါဝင်ရေး ဟူသော အချက်လေးချက်ကို ပါတီ ဂိုဏ်းဂဏစွဲ မပါဘဲ အမျိုးသားရေး ဦးတည်ချက်ဖြင့် ချမှတ် ထုတ်ပြန်နိုင်ခဲ့သည်။


၁၉၉၀၊ မေလ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ ဒီမိုကရေစီ အင်အားစုများ အနိုင်ရရှိရေး ကြိုးပမ်းခြင်းများကို ဆောင်ရွက် လှုပ်ရှားခဲ့သည်။ ၁၉၉၀၊ ဇူလိုင်လ ဂန္ဒီညီလာခံ ကျင်းပရေး ကူညီပံ့ပိုးခဲ့ပြီး၊ ဂန္ဒီသဘောထား ကြေညာချက်ကို ဗကသ အနေဖြင့် ထောက်ခံကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။


၁၉၉၀၊ ဩဂုတ်လတွင် နဝတနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တိုက် တွေ့ဆုံနေရမှု (၁/၉ဝ နှင့် ဂန္ဒီ) ကို ကြားဝင် ဖြန်ဖြေပေးရန် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့အား မေတ္တာရပ်ခံသည့် ကြေညာချက်ကို ဦးရေတ (ပျံလွန်) (အထက်ဗမာပြည် လေးပြင်လေးရပ် သံဃာ့သာမဂ္ဂီ ဥက္ကဋ္ဌ)၊ ဦးပညိန္ဒ (အောက်ဗမာပြည် ရဟန်းပျိုသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ)၊ ဦးမောင်ကို (ကွယ်လွန်) (အလုပ်သမား သွေးစည်း ညီညွတ်ရေးအဖွဲ့) တို့နှင့်အတူ လေးဦးပူးတွဲ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။


၁၉၉၀၊ အောက်တိုဘာလ (သီတင်းကွျတ်လပြည့်နေ့) သံဃာတော်များ သပိတ်မှောက် ကံဆောင်ပွဲ (ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ) အတွက် ပံ့ပိုး ကူညီပေးခဲ့သည်။


၁၉၉၁၊ ဇွန်လ ရန်ကုန်တက္ကသိုလ် ကျောင်းများ ပြန်လည် ဖွင့်လှစ်ချိန်တွင် လက်ရှိ သင်ယူနေသော နိုင်ငံတကာ ဆက်ဆံရေးပညာ နောက်ဆုံးနှစ်ကို ယင်းပညာသင်နှစ်မှ နုတ်ထွက်ကြောင်း တင်ပြခဲ့သည်။


၁၉၉၁၊ ဇူလိုင်လ ၁၅ ရက် နေ့စွဲဖြင့် ပညာရေး ဝန်ကြီးထံ လိပ်မူ၍ ကျောင်းသားသမဂ္ဂ တရားဝင် ဖွဲ့စည်းတည်ရှိခွင့်ကို တင်ပြ တောင်းဆိုခဲ့သည်။


၁၉၉၁၊ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိခြင်း ထောက်ခံဆန္ဒပြပွဲ ဦးဆောင်သည် ဟူသော စွဲချက်ဖြင့် ၁၉၉၂၊ မတ်လ ၂၅ တွင် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံခဲ့ရသည်။


၁၉၉၄၊ ဇွန်လ ၁၁ ရက်နေ့တွင် သရက်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရပြီး ၁၉၉၉၊ အောက်တိုဘာ ၂ဝ ရက်နေ့တွင် လွတ်မြောက်ကြောင်း အသိပေးခံခဲ့ရသည်။ ယင်းနေ့မှ စ၍ တဆက်တည်း ပုဒ်မ ၁၀(က) ဖြင့် ဆက်လက် ချုပ်နှောင်ခြင်းခံရသည်။


၂၀၀၅၊ မတ်လတွင် အကျဉ်းထောင်မှ လွတ်မြောက်သည်။ ထောင်ထဲတွင် စုစုပေါင်း ၁၃ နှစ် ကျခံခဲ့ရသည်။

၂၀၀၅၊ စက်တင်ဘာတွင် အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာကြသော ၈၈ အရေးတော်ပုံက ကျောင်းသားလူငယ်များ၊ အမျိုးသမီးများကို စုစည်းပြီး ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကို ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် တို့နှင့်အတူ စုစည်း ထူထောင်ခဲ့သည်။


၂၀၀၆ တွင် အဖွဲ့ချုပ်၊ သက်ကြီး နိုင်ငံရေးသမားကြီးများ၊ စာပေ အနုပညာရှင်ကြီးများ၊ ကိုဇာဂနာနှင့် မိတ်ဆွေများ၊ မျိုးဆက်သစ် လူငယ် ကျောင်းသားများနှင့် လက်တွဲပြီး လက်ရှိ နိုင်ငံရေး အခြေအနေများကို လေ့လာ ဆွေးနွေးခဲ့သည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေး နည်းလမ်းများကို ထောက်ခံကြောင်း ထုတ်ဖော်ခဲ့သည်။


၂၀၀၆၊ စက်တင်ဘာမှ ၂၀၀၇ နှစ်ဆန်းအထိ ကိုကိုကြီး၊ မင်းကိုနိုင်ဌေးကြွယ်ပြုံးချိုနှင့် မင်းဇေယျာ တို့ကို စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။


၂၀၀၆၊ အောက်တိုဘာမှ အစပြုပြီး ကျန် ၈၈ မျိုးဆက်တို့က အဖြူရောင် လှုပ်ရှားမှု အမည်ဖြင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုခဲ့သည်။ ဒေါ်အမာ၊ ဇာဂနာ စသည့် အတိုက်အခံ စာပေပညာရှင်များ အပါအဝင် လူထု လူတန်းစားပေါင်းစုံ ပါဝင် လက်မှတ်ထိုးခဲ့ကြသည်။


၂၀၀၇၊ ဇန်နဝါရီ ထိမ်းသိမ်းခံထားရာမှ လွတ်မြောက်လာပြီး အဖြူရောင် လှုပ်ရှားမှုများကို တိုးမြှင့်ခဲ့ရာ ပြည်သူလူထု၏ ရင်ဖွင့်ချက်များကို ထုတ်ပြန်ခြင်း၊ နိုင်ငံရေး အကျဉ်းသား မိသားစုများကို သွားရောက် အားပေးခြင်းတို့ ပြုလုပ်ခဲ့သည်။ စစ်အုပ်စု၏ ကြံ့ဖွံ့များ၊ စွမ်းအားရှင်များက နှောင့်ယှက်ခဲ့ကြသည်။


၂၀၀၇၊ ဩဂုတ်လတွင် ၈ လေးလုံး (၁၉) နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့ကြသည်။ စစ်အုပ်စု၏ လောင်စာဆီဈေးနှုန်းများ အဆမတန် တိုးမြှင့်ခြင်းကို ကန့်ကွက် ဆန္ဒပြ လမ်းလျှောက်ခဲ့ပြီးနောက် ဩဂုတ်လ ၂၁ ရက်နေ့တွင် မင်းကိုနိုင်နှင့် အခြား ၈၈ မျိုးဆက် ကျောင်းသား ၁၂ ဦးနှင့်အတူ ဖမ်းဆီးခြင်း ခံရသည်။


၂၀၀၈၊ နိုဝင်ဘာတွင် စစ်အစိုးရက ထောင်ဒဏ် (၆၅) နှစ် ချလိုက်သည်။ ယခု ရှမ်းပြည် မိုင်းဆတ် အကျဉ်းထောင်တွင် အကျဉ်းကျနေသည်။


၁၉၈၈၊ မတ်လ နိုင်ငံရေး စတင် လှုပ်ရှားစဉ်မှ စ၍ ဖမ်းဆီး ထိန်းသိမ်းခံနေရချိန်များ အပါအဝင် ကျောင်းသားသမဂ္ဂသည် လွတ်လပ်ပြီး အမှီအခိုကင်းသော (Natural and Independent) သမဂ္ဂ ဖြစ်ရမည်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံ ဆွေးနွေးဖြေရှင်းရမည် ဟူသော မူကို တစိုက်မတ်မတ် စွဲကိုင်ရင်း ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဆက်လက် ဆောင်ရွက်လျက် ရှိသည်။

ပြန်လွတ်လာ[ပြင်​ဆင်​ရန်​]

၂၀၁၂-ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့၊ နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ စတုတ္ထအကြိမ်မြောက် အကျဉ်းသား ၆၅၁ဦး လွှတ်ရာတွင် လွတ်မြောက်ခဲ့သည်။