ကိန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကိန်းဆိုသည်မှာ ရေတွက်ရန်နှင့် တိုင်းတာရန် အတွက် အသုံးပြုသော သင်္ချာဆိုင်ရာ အရာဝတ္ထုတစ်ခု ဖြစ်သည်။ သင်္ချာပညာတွင် ကိန်းဂဏန်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တဖြည်းဖြည်း ချဲ့ကားလာခဲ့သဖြင့် နှစ်ပေါင်းများစွာ ကြာသောအခါတွင် သုည၊ အနှုတ်ကိန်းများ (negative numbers)၊ ရာရှင်နယ်ကိန်း (rational number) ခေါ် အပိုင်းကိန်းများ၊ အီရာရှင်နယ်ကိန်း (irrational number) ခေါ် အပိုင်ကိန်းမဟုတ်သောကိန်းများ နှင့် ကွန်ပလက်စ်ကိန်း (complex number) ခေါ် ကိန်းရှုပ်များ စသည်ဖြင့် ပါဝင်လာကြသည်။

သင်္ချာဆိုင်ရာ တွက်ချက်မှုများ (mathematical operations) တွင် ဂဏန်းတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဂဏန်းများကို အဝင်ကိန်းအဖြစ် လက်ခံကြပြီး ဂဏန်းတစ်ခုကို အထွက်ကိန်း အဖြစ် ပြန်ထုတ်ပေးသည်။ ယူနရီ တွက်ချက်မှု (unary operation) ခေါ် တစ်လုံးသွင်းတွက်ချက်မှုတွင် ဂဏန်းတစ်ခုကို အဝင်ကိန်း အဖြစ် လက်ခံပြီး ဂဏန်းတစ်ခုကို အထွက်ကိန်း အဖြစ် ထုတ်ပေးသည်။ ဆပ်ဆက်ဆာ တွက်ချက်မှု ( successor operation) ခေါ် နောက်ဆက်တွဲတွက်ချက်မှုမှာ တစ်လုံးသွင်းတွက်ချက်မှု တစ်ခုဖြစ်သည်။ ယင်းတွက်ချက်မှုတွင် အဝင်ကိန်းတိုင်းကို ၁ ပေါင်းပေးရာ သာဓကဆိုသော် ၄ ထည့်လိုက်ပါက ၅ ပြန်ထွက်လာသည်။ ဘိုင်နရီ တွက်ချက်မှု (binary operation) ခေါ် နှစ်လုံးသွင်းတွက်ချက်မှုတွင် အဝင်ကိန်းနှစ်ခုကို လက်ခံပြီး အထွက်ကိန်းတစ်ခုကို ပြန်ထုတ်ပေးသည်။ ပေါင်းခြင်း၊ နှုတ်ခြင်း၊ မြှောက်ခြင်း၊ စားခြင်းနှင့် ပါဝါ (အထပ်ကိန်း) တင်ခြင်းတို့သည် ဘိုင်နရီ တွက်ချက်မှုများ ဖြစ်သည်။ ထိုသို့ အခြေခံဂဏန်းများ၏ တွက်ချက်မှုကို လေ့လာခြင်းအား အရစ်သ်မတစ် (arithmetic)၊ သို့မဟုတ် ဂဏန်းတွက်ခြင်း၊ သို့မဟုတ် ဂဏန်းသင်္ချာဟု ခေါ်သည်။

ကိန်းများတွင် အသုံးပြုသော သင်္ကေတများကို နျူမရယ် (numeral) သို့ နံပါတ်ဟု ခေါ်ကြသည်။ နံပါတ်များကို ရေတွက်ရန်နှင့် တိုင်းတာရန် အတွက်သာ မကဘဲ အမှတ်အသား ပြုလုပ်ရန် (ဖုန်းနံပါတ်) ၊ စီစဉ်ရန် (နံပါတ်စဉ်) နှင့် ကုတ်ဒ်သင်္ကေတ (ISBN နံပါတ်) စသည် တို့အတွက်လည်း အသုံးပြုကြလေ့ ရှိသည်။


မာတိကာ

ကိန်းများကို အမျိုးအစားခွဲခြင်း[ပြင်​ဆင်​ရန်​]

ကိန်းများကို အမျိုးအစားအဖုံဖုံ ခွဲခြားနိုင်သည်။ အမျိုးတူကိန်းများအားလုံးကို စုဝေး၍ အစုများ (sets) တွင်း ထည့်သွင်းခြင်းဖြင့် ကိန်းစနစ်များ (number systems) ဖြစ်ပေါ်လာသည်။ ကိန်းတစ်ခုတည်းကိုပင် ရေးသားပုံတစ်မျိုးမကသုံး၍ ရေးနိုင်သည်။ သာဓကအားဖြင့် ကိန်းဂဏန်းရှစ်ကို ဟိန္ဒူ-အာရေဗျနံပါတ် (Hindu-Arabic numeral) သုံး၍ ၈ ဟုရေးနိုင်သလို၊ ရောမနံပါတ် (Roman numeral) သုံး၍ VIII ဟုလည်း ရေးနိုင်သည်။

နံပါတ်စနစ်
 \mathbb{N} သဘာဝကိန်းများ ၀၊၁၊၂၊၃၊၄... သို့ ၁၊၂၊၃၊၄...
 \mathbb{Z} ကိန်းပြည့်များ ... -၅၊-၄၊-၃၊-၂၊-၁၊၀၊၁၊၂၊၃၊၄၊၅...
 \mathbb{Q} ရာရှင်နယ်ကိန်းများ \frac{a}{b} သဏ္ဌာန်ရှိကိန်းများ၊ (a နှင့် b သည် ကိန်းပြည့်များဖြစ်၍ b သည် သုညနှင့် မညီသော အခြေအနေ)
 \mathbb{R} ကိန်းစစ်များ လားရာစုစည်းသော (convergent) ရာရှင်နယ်ကိန်းတန်း (sequence of rational numbers) တို့၏ လားရာဆုံမှတ်များ (limits)
 \mathbb{C} ကွန်ပလက်စ်ကိန်းများ a+bi သဏ္ဌာန်ရှိကိန်းများ၊ (a နှင့် b တို့သည် ကိန်းစစ်များဖြစ်၍ i သည် -1 ၏ နှစ်ထပ်ကိန်းရင်း (square root) ဖြစ်သည့် အခြေအနေ)

သဘာဝကိန်းများ (Natural numbers)[ပြင်​ဆင်​ရန်​]


လူတို့ နိစ္စဓူဝ ထိတွေ့ရင်းနှီးမှု အများဆုံး ကိန်းအမျိုးအစားမှာ သဘာဝကိန်းများ ဖြစ်သည်။ သဘာဝကိန်းများကို ရေတွက်ကိန်းများ (counting numbers) ဟုလည်း ခေါ်ကြသည်။ ဂဏန်း ၁၊ ၂၊ ၃၊ ၄၊ ... စသည်တို့မှာ သဘာဝကိန်းများ ဖြစ်ကြသည်။ အချို့သင်္ချာသမားနှင့် စာအုပ်စာတမ်းများ (သာဓက၊ ဘိုဘာကီ ၁၉၆၈[၁] နှင့် ဟဲမော့ ၁၉၇၄[၂])[၃]တွင် သုညကို သဘာဝကိန်းဟု သတ်မှတ်ပြီး ကျန်အချို့က သုညကို သဘာဝကိန်းအဖြစ် မသတ်မှတ်ပါ။ မည်သို့ဖြစ်စေ သဘာဝကိန်းစု၏ အသုံးများသောသင်္ကေတမှာ  \mathbb{N} ဖြစ်သည်။ သုညကို သဘာဝကိန်းအဖြစ် သတ်မှတ်/မသတ်မှတ် ရှင်းလင်းစေချင်သောအခါတွင် သင်္ကေတ \mathbb{N}_0 နှင့် \mathbb{Z}_{\geqslant 0} တို့ကို သုညပါသော သဘာဝကိန်းစုအတွက်လည်းကောင်း၊ သင်္ကေတ \mathbb{N}_1 နှင့် \mathbb{Z}_{>0} တို့ကို သုညမပါသော သဘာဝကိန်းစုအတွက်လည်းကောင်း သုံးကြသည်။

ကိန်းပြည့်များ (Integers)[ပြင်​ဆင်​ရန်​]

တွက်ချက်၊ ရေတွက်၊ တိုင်းတာမှုများတွင် သဘာဝကိန်းများသက်သက်ဖြင့် မလုံလောက်သောအခါ ကိန်းပြည့်များကို သုံးရသည်။ သုညနှင့် အပေါင်းကိန်းများ ဖြစ်သည့် ၀၊ ၁၊ ၂၊ ၃၊ ၄၊ ... စသည်တို့အပြင် အနှုတ်ကိန်းများ ဖြစ်သည့် -၁၊ -၂၊ -၃၊ -၄၊ ... စသည်တို့ကို စုပေါင်း၍ ကိန်းပြည့်များဟုခေါ်သည်။ အနှုတ်ကိန်းများကို အဓိပ္ပာယ်သတ်မှတ်ရာတွင် ရှိရင်းစွဲဖြစ်သည့် သုညအပါအဝင် သဘာဝကိန်းများနှင့် နှစ်လုံးသွင်းတွက်ချက်မှုတစ်ခုဖြစ်သည့် ပေါင်းခြင်းကိုသုံး၍ သတ်မှတ်သည်။ သာဓကအနေဖြင့်၊ -၃ ဆိုသည်မှာ ၃နှင့်ပေါင်းပါက သုညရသည့် ဂဏန်းအဖြစ် သတ်မှတ်သည်၊ -၄ ဆိုသည်မှာ ၄နှင့်ပေါင်းပါက သုညရသည့် ဂဏန်းအဖြစ်သတ်မှတ်သည်၊ ယေဘုယျဆိုရသော် -n ဆိုသည်မှာ n နှင့်ပေါင်းပါက သုညရသည့် ဂဏန်းအဖြစ်သတ်မှတ်သည်။

ကိန်းပြည့်များ အဓိပ္ပာယ်သတ်မှတ်ချက်အရ သဘာဝကိန်းတိုင်းမှာ ကိန်းပြည့်ဖြစ်သော်လည်း၊ ကိန်းပြည့်တိုင်း သဘာဝကိန်းမဟုတ်ပေ။ (သာဓက၊ အနှုတ်ကိန်းပြည့်များမှာ သဘာဝကိန်းများ မဟုတ်။)

ကိန်းပြည့်အစုကို သင်္ကေတ \mathbb{Z} သုံး၍ ရေးသည်။ ကိန်းဂဏန်းများဟု အနက်ရသည့် ဂျာမန်စာလုံး "Zahlen“ ကိုအရင်းပြု၍ သုံးခြင်းဖြစ်သည်။[၄]

ရာရှင်နယ်ကိန်းများ (Rational Numbers)[ပြင်​ဆင်​ရန်​]


ရာရှင်နယ်ကိန်းဆိုသည်မှာ အပိုင်းကိန်း \frac{a}{b} အနေနှင့် ရေး၍ရသော ကိန်းကို ခေါ်သည်။ အပိုင်းကိန်း \frac{a}{b} တွင် a သည် ကိန်းပြည့်ပိုင်းဝေ (integer numerator) ဖြစ်ပြီး၊ b သည် သုညမဟုတ်သော ကိန်းပြည့်ပိုင်းခြေ (nonzero integer denominator) ဖြစ်သည်။ သာဓကဆိုရသော် ၁/၃၊ ၇/၈၊ -၁/၂ စသည်တို့မှာ ရာရှင်နယ် (ဝါ) အပိုင်းကိန်းများ ဖြစ်ကြသည်။ ပိုင်းခြေ သုညမဖြစ်ရခြင်းမှာ အရေးကြီးသည့် ကန့်သတ်ချက်ဖြစ်သည်။

မြန်မာဘာသာဖြင့် ရေရွတ်သောအခါ ၁/၃၊ ၇/၈ နှင့် -၁/၂ တို့ကို "သုံးပုံ၊ တစ်ပုံ၊" "ရှစ်ပုံ၊ ခုနစ်ပုံ၊" "အနှုတ် နှစ်ပုံ၊ တစ်ပုံ၊" စသည်ဖြင့် ပိုင်းခြေကိန်းကို ဦးစွာ ရေရွတ်ရသည်။ ("ပုံ" အစား "ပိုင်း" ဟုလည်း သုံးကြသည်။) တစ်စုံတစ်ခုကို သုံးပုံ၊ သုံးပိုင်း အညီအမျှပိုင်းပြီးနောက် တစ်ပုံနှင့် ညီမျှသော ပမာဏ၊ စသည့်ဖြင့် အနက်ကောက်ယူနိုင်သည်။

ကိန်းတစ်ခုတည်းကို အပိုင်းကိန်းဖြင့်ရေးရာတွင် တစ်မျိုးထက်ပို၍ ရေးနိုင်သည်။ သာဓကအားဖြင့် ၂/၄ နှင့် ၁/၂ နှစ်မျိုးစလုံးမှာ ကိန်းတစ်ခုတည်းကို ကိုယ်စားပြုသည်။ ထို့အတူ -၁/၂ ကို \frac{-1}{2} အနေဖြင့်လည်းကောင်း၊ \frac{1}{-2} အနေဖြင့်လည်းကောင်း ရေးနိုင်သည်။ သို့ရာတွင် အနှုတ်ကိန်းကို ပိုင်းဝေမှာထား၍ ရေးခြင်းက ပို၍တွင်ကျယ်သည်။

သဘာဝကိန်းတိုင်းမှာ ရာရှင်နယ်ကိန်းများ ဖြစ်သည်ကို သတိပြုသင့်သည်။ သာဓကဆိုသော် သဘာဝကိန်း ၅ ကို ၅/၁ ဟုရေး၍ ရသောကြောင့် ၅ မှာ ရာရှင်နယ်ကိန်းလည်း ဖြစ်သည်။ သို့သော် သဘာဝကိန်းမဟုတ်သော ရာရှင်နယ်ကိန်းများစွာရှိ၏။ သာဓက၊ ၁/၂၊ ၄/၅၊ -၁၃/၁၄။

ရာရှင်နယ်ကိန်းစုကို သင်္ကေတ \mathbb{Q} သုံး၍ ရေးသည်။ အချိုး (ratio) ဟု အနက်ရသည့် “Quotient” ဆိုသည့် ဂျာမန်စာလုံးကို အရင်းပြုထားခြင်းဖြစ်သည်။ ဤသင်္ကေတကို ၁၉၆၀ ပြည့်လွန်နှစ်များဆီက ဘိုဘာကီရေး Algèbre တွင်စတင် အသုံးပြုသည်။[၅]

ကိန်းစစ်များ (Real Numbers)[ပြင်​ဆင်​ရန်​]

လက်တွေ့တိုင်းတာရာတွင် သုံးသည့်နံပါတ်များ၊ ကိန်းများအားလုံးမှာ ကိန်းစစ်များဖြစ်သည်။ တစ်နည်းဆိုသော် ကိန်စစ်မျဉ်း (real number line) ပေါ်တွင် နေရာချထား၍ ရသောကိန်းအားလုံးမှာ ကိန်းစစ်များဖြစ်သည်။ ကိန်းစစ်မျဉ်းဆိုသည်မှာ မျဉ်ဖြောင့်တစ်ခုပေါ်တွင် နံပါတ်များကို အညီအမျှတိုင်းတာ၍ မှတ်သားထားသော အလျားလိုက်မျဉ်းဖြစ်သည်။ လက်တွေ့ဥပမာအားဖြင့် ကျောင်းသုံးပေတံမှာ ကိန်းစစ်မျဉ်း၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ ကိန်းပြည့်တစ်ခုနှင့် နောက်ကပ်လျက်ကိန်းတစ်ခု၏ အကွာအဝေးကို တစ်လက်မဟု သတ်မှတ်ပါလျှင်၊ တစ်ပေရှည်သော ပေတံသည် သုညနှင့် ၁၂အပါအဝင်နှင့် ယင်းကိန်းနှစ်ခုကြားရှိ ကိန်းစစ်များ အားလုံးကို ကိုယ်စားပြုနိုင်သည်။ သာဓကဆိုရသော် ၂.၅ ဆိုသည့်ကိန်းစစ်ကို ပေတံပေါ်ရှိ နှစ်လက်မ အမှတ်နှင့် သုံးလက်မ အမှတ်ကြားရှိ အလယ်တည့်တည့်အမှတ်ဖြင့် ကိုယ်စားပြုနိုင်သည်။ ထို့အတူ ၁/၃ ကို သုညနှင့် ၁လက်မ အမှတ်ကြား အကွာအဝေးကို သုံးပိုင်း အညီအမျှပိုင်းကာ သုညဘက်မှစ၍ ရေတွက်ပါက တစ်ပိုင်းမြောက် အမှတ်ဖြင့် ကိုယ်စားပြုနိုင်သည်။ ထို့အတူ သင်္ချာကိန်းသေ \pi သည်လည်း ၃လက်မနှင့် ၄လက်မကြားရှိ တစ်နေရာတွင် ရှိပေလိမ့်မည်။

ကိန်းစစ်များကို ဒသမကိန်းစနစ်သုံး၍လည်း ရေးနိုင်သည်။ သာဓက၊ ၃.၅၊ -၆.၉၉၂၀၊ ၀.၃၃၃...၊ ၃.၁၄၁၅၉၂၆၅၄... အစရှိသဖြင့်။ ဒသမကိန်းတစ်ခုတွင် ဒသမပွိုင့် (decimal point) နောက်ပါ ဂဏန်းတွဲမှာ အဆုံးသတ်သည်လည်း ရှိသည်၊ အဆုံးမသတ်သည်လည်း ရှိသည်။ သာဓကဆိုသော် ရာရှင်နယ်ကိန်း ၁/၂ ကို ဒသမပုံစံဖြင့်ရေးပါက ၀.၅ ဖြစ်၍ အဆုံးသတ်သည့် ဒသမကိန်း (terminating decimal number) ဟုခေါ်သည့် ကိန်းတစ်ခုဖြစ်သည်။ ရာရှင်နယ်ကိန်း ၁/၃ကို ဒသမပုံစံဖြင့်ရေးပါမူ ၀.၃၃၃... ဟူ၍ ဒသမနောက်တွဲ ၃ ဂဏန်းမှာ အဆုံးမရှိ ထပ်ကာထပ်ကာ ပေါ်နေရာ အဆုံးမသတ်သည့် ဒသမကိန်း (non-terminating decimal number) တစ်ခုဖြစ်သည်။ သို့သော် ၁/၃ ကို 0.\bar{3} ဟူ၍ ပြန်ထပ်သည့် ဂဏန်းများအပေါ် မျဉ်းတိုတစ်ခုတင်၍ ရေးနိုင်သည်။ ၎င်းဒသမကိန်းမျိုးကို ပြန်ထပ်ဒသမကိန်း (recursive/repeating decimal number) ဟုခေါ်သည်။ နောက်ဆုံးအနေဖြင့် \pi\sqrt{2} အစရှိသည့် ကိန်းများကို ဒသမကိန်းပုံစံဖြင့်ရေးပါက ၃.၁၄၁၅၉၂၆၅၄...၊ ၁.၄၁၄၂၁၃၅၆... ဟူ၍ ဂဏန်းတွဲမှာ ဆုံးလည်း မဆုံး၊ ပြန်လည်းမထပ် ဖြစ်နေရာ ၎င်းကိန်းအမျိုးအစားကို ပြန်မထပ်ဒသမကိန်း (non-recursive/non-repeating decimal number) ဟု ခေါ်သည်။ အဆုံးသတ်ဒသမကိန်း၊ ပြန်ထပ်ဒသမကိန်း၊ ပြန်မထပ်ဒသမကိန်း အားလုံးကို စုပေါင်း၍ ကိန်းစစ်များဟု ခေါ်သည်။

ကိန်းစစ်များကို ပို၍စနစ်တကျ အဓိပ္ပာယ်ဖွင့်လိုပါက ကဲကုလသင်္ချာမှ လားရာစုစည်းသည့် ကိန်းစဉ်တန်း (convergent sequence)၊ ကိန်းစဉ်တန်းတို့၏ လားရာဆုံချက် (limit) အစရှိသည့် သဘောတရားတို့ကို သုံးလေ့ရှိသည်။ ထိုသို့အဓိပ္ပာယ်ဖွင့်ရသော် ကိန်းစစ်တစ်ခု ဟူသည်မှာ ကိုရှီရာရှင်နယ်ကိန်းစဉ်တန်း (Cauchy sequence of rational numbers) တစ်ခု၏ လားရာဆုံချက် (limit) ဖြစ်သည်။ ယခုဖော်ပြပြီးဖြစ်သည့် ကိန်းစုများအနက် ကိန်းစစ်အစု \mathbb{R} သည် (ပြင်သစ်သင်္ချာပညာရှင် ကိုရှီကို ဂုဏ်ပြုမှည့်ဆိုထားသော) ကိုရှီကိန်းစဉ်တန်းတိုင်း၏ လားရာဆုံချက်အားလုံးပါဝင်သည့် အသေးဆုံးသော အစုဖြစ်သည်။

အပိုင်းကိန်းအားလုံးကို ဒသမပုံစံဖြင့်ရေး၍ ရသောကြောင့် ရာရှင်နယ်ကိန်းတိုင်းသည် ကိန်းစစ်များဖြစ်သည်။ သို့သော် အပိုင်းကိန်းပုံစံဖြင့် ရေး၍မရသော ကိန်းစစ်များစွာရှိသည်။ သာဓက၊ \sqrt{2}\pi အစရှိသဖြင့်။

ကိန်းစစ်အစုကို သင်္ကေတ \mathbb{R} သုံး၍ရေးသည်။

ကွန်ပလက်စ်ကိန်းများ (Complex Numbers)[ပြင်​ဆင်​ရန်​]


သင်္ချာပညာ အဆင့်မြင့်လာသည်နှင့်အမျှ အချို့ကိစ္စများတွင် ကိန်းစစ်များဖြင့်သာ မလုံလောက်သည့် အခြေအနေကို ရောက်ရှိလာသည်။ သာဓကပြရသော် အချို့သော ပိုလီနိုမီရယ် ညီမျှခြင်းများ (polynomial equations) မှာ ကိန်းစစ်အဖြေမရှိပါ။ ပိုလီနိုမီရယ်ညီမျှခြင်း x^2-1=0 ကို x အတွက်ဖြေရှင်းပါက ၁ နှင့် -၁ ဟူ၍ ကိန်းစစ်ကိန်းရင်းအဖြေ နှစ်ခုရှိသော်လည်း၊ x^2+1=0 ကို ဖြေရှင်းပါက ကိန်းစစ်ကိန်းရင်းအဖြေ (real root) တစ်ခုမျှမရှိသည်ကို တွေ့ရမည်။ (မည်သည့် ကိန်းစစ် x ကိုမဆို နှစ်ထပ်ကိန်းတင်ပြီးပါက x^2 ၏တန်ဖိုးမှာ အနည်းဆုံး သုညဖြစ်ရာ တစ်သာထပ်ပေါင်းပါက ပေါင်းလဒ်မှာ သုညထက် အနည်းဆုံး တစ်ယူနစ်ပိုကြီးနေမည် ဖြစ်သည်။ ထို့ကြောင့် x^2+1 သည် သုညနှင့် မည်သို့မှ ညီမည်မဟုတ်ပါ။) ဤအခြေအနေမျိုးကို ကျော်လွှားနိုင်ရန် ကိန်းအသစ်များလိုအပ်လာသည်။ ထိုအခါ x^2+1=0 ၏ (ကိန်းစစ်မဖြစ်နိုင်သော) ကိန်းရင်းအဖြေတစ်ခုကို i ဟု သတ်မှတ်ကာ ၎င်းကို ကိန်းယောင်ယူနစ် (imaginary unit) ဟုခေါ်သည်။ (ဖော်ပြပါ ပိုလီနိုမီရယ်ညီမျှခြင်းကို ရှင်းပါက x^2=-1 ဟုထွက်ရာ i ကို -၁ ၏ နှစ်ထပ်ကိန်းရင်း (square root) ဟုလည်း ခေါ်ကြသည်။ i သည် -၁၏ နှစ်ထပ်ကိန်းရင်း ဖြစ်ပါက -i သည်လည်း -၁၏ နှစ်ထပ်ကိန်းရင်း တစ်ခုဖြစ်ကြောင်း သတိချပ်သင့်သည်။) အချုပ်ဆိုရသော် i ဆိုသည်မှာ နှစ်ထပ်ကိန်းတင်ပါက -၁ ရသည့် ကိန်းသစ်တစ်ခုဟု အဓိပ္ပာယ်သတ်မှတ်နိုင်သည်။ မည်သည့်ကိန်းစစ်မဆို နှစ်ထပ်ကိန်းတင်ပါက -၁ မရနိုင်ရာ i မှာ ကိန်းစစ်မဟုတ်သည့် ကိန်းအသစ်တစ်ခု ဖြစ်ကြောင်း ထင်ရှားသည်။

အထက်ပါ ကိန်းယောင်ယူနစ်ကို အသုံးပြု၍ ကွန်ပလက်စ်ကိန်းများကို အဓိပ္ပာယ်သတ်မှတ်နိုင်သည်။ ကွန်ပလက်စ်ကိန်းတစ်ခု ဆိုသည်မှာ a+bi သဏ္ဌာန်ရှိသည့် ကိန်းတစ်ခုကို ဆိုသည်။ ဤတွင် a နှင့် b မှာ ကိန်းစစ်များဖြစ်သည်။ သာဓက၊ 2+3i, -2+(1/3)i, 4-\pi i။ ကွန်ပလက်စ်ကိန်း -2+(1/3)i ၏ ကိန်းစစ်ပိုင်း (real part) မှာ -2 ဖြစ်ပြီး ကိန်းယောင်ပိုင်း (imaginary part) မှာ 1/3 ဖြစ်သည်။ ယေဘုယျဆိုရသော် ကွန်ပလက်စ်ကိန်း a+bi ၏ ကိန်းစစ်ပိုင်းမှာ a ဖြစ်၍၊ ကိန်းယောင်ပိုင်းမှာ b ဖြစ်သည်။

ကိန်းစစ်တိုင်းမှာ ကွန်ပလက်စ်ကိန်းဖြစ်သည်။ သာဓကဆိုရသော် ကိန်းစစ် 4 ကို 4+0i ဟူ၍ ရေးနိုင်သောကြောင့် ကိန်းစစ် ၄မှာ ကိန်းစစ်ပိုင်း ၄ရှိပြီး ကိန်းယောင်ပိုင်း သုညရှိသည့် ကွန်ပလက်စ်ကိန်းတစ်ခုဖြစ်သည်။ သို့သော် ကွန်ပလက်စ်ကိန်းတိုင်း ကိန်းစစ်မဟုတ်ပါ။ ပို၍တိတိကျကျ ဆိုရသော် ကိန်းယောင်ပိုင်း သုညမဟုတ်သည့် ကွန်ပလက်စ်ကိန်းတိုင်းမှာ ကိန်းစစ်များ မဟုတ်ကြပါ။

ကွန်ပလက်စ်ကိန်းစုကို သင်္ကေတ \mathbb{C} သုံး၍ ရေးနိုင်သည်။

ကွန်ပလက်စ်ကိန်းစုကို ပို၍စနစ်ကျစွာ အဓိပ္ပာယ်သတ်မှတ် တည်ဆောက်လိုပါက ခေတ်သစ်အက္ခရာသင်္ချာ (abstract algebra) ရှိ ကွင်း (ring) များ တိုးချဲ့တည်ဆောက်ခြင်းဟူသည့် သဘောတရားကို သုံးလေ့ရှိသည်။ ထိုသို့အဓိပ္ပာယ် ဖွင့်လိုပါက \mathbb{C} ဆိုသည်မှာ \mathbb{R} အပေါ်တွင် ကိန်းရင်းများဖြင့် ထပ်ဖြည့်တည်ဆောက်ထားသည့်အစု (algebraic closure of \mathbb{R}) ဖြစ်သည်။

ကိန်းအမျိုးအစားအသီးသီးတို့ ဆက်နွယ်ချက်[ပြင်​ဆင်​ရန်​]

သဘာဝကိန်းတိုင်း ကိန်းပြည့်ဖြစ်သည်၊ ဤအချက်ကြောင့် သဘာဝကိန်းအစု \mathbb{N} သည် ကိန်းပြည့်အစု \mathbb{Z} ၏ အစုငယ် (subset) တစ်ခုဖြစ်သည်ဟု ပြောလေ့ရှိသည်။ သင်္ကေတအားဖြင့် \mathbb{N}\subseteq\mathbb{Z} ဟူ၍ ရေးနိုင်သည်။ သို့သော် ကိန်းပြည့်တိုင်း သဘာဝကိန်း ဖြစ်သည်ဟု မဆိုသာ၊ သဘာဝကိန်းမဟုတ်သော ကိန်းပြည့်များ ရှိ၍ဖြစ်သည်။ ထို့ကြောင့် သဘာဝကိန်းစုနှင့် ကိန်းပြည့်စုနှစ်ခုမှာ မတူညီ။ ဤသည်ကို \mathbb{N}\neq \mathbb{Z} ဟု ရေးနိုင်သည်။ ဤ \mathbb{N}\subseteq\mathbb{Z} နှင့် \mathbb{N}\neq \mathbb{Z} နှစ်ချက်ကို ပေါင်း၍ \mathbb{N}\subsetneq \mathbb{Z} ဟူ၍ ရေးနိုင်သည်။ ထိုအခါ ကိန်းစုအမျိုးမျိုးကြား ဆက်နွယ်မှုကို

 \mathbb{N} \subsetneq \mathbb{Z} \subsetneq \mathbb{Q} \subsetneq \mathbb{R} \subsetneq \mathbb{C}

ဟု သင်္ချာသင်္ကေတများသုံး၍ ရေးနိုင်သည်။

ကိန်းပြည့်အမျိုးအစားများ[ပြင်​ဆင်​ရန်​]

စုံကိန်းနှင့် မကိန်း (Even vs. Odd)[ပြင်​ဆင်​ရန်​]

ကိန်းပြည့်များထဲတွင် ...၊ -၄၊ -၂၊ ၀၊ ၂၊ ၄၊ ... အစရှိသည်တို့ကို စုံကိန်းများဟု ခေါ်သည်။ အတိအကျဆိုရသော် ကိန်းပြည့် ၂ ဖြင့် စား၍ပြတ်သော (ဝါ) အကြွင်းမကျန်သော ကိန်းပြည့်ဟူသမျှကို စုံကိန်းများဟု ခေါ်သည်။ သုညကို ၂ ဖြင့်စားလျှင် အကြွင်းသုညသာ ကျန်သောကြောင့် သုညသည်လည်း စုံကိန်းတစ်ခုဖြစ်သည်။

နှစ်ခုတွဲ အစုံလိုက် အစုံလိုက် တွဲ၍ရသော ပမာဏများ ဖြစ်သောကြောင့် စုံ ဆိုသည့် ဝေါဟာရကို သုံးခြင်းဖြစ်သည်။ မြန်မာပြည် ကျေးလက်ဒေသအချို့တွင် တစ်စုံကို “တစ်ပြူ”[၆] ဟုလည်း ခေါ်လေ့ရှိရာ ကိန်းပြည့် ၂ ကို မြန်မာလို တစ်ပြူဟု ခေါ်သည်လည်း ရှိသည်။ မြန်မာကျေးလက်ရှိ ကလေးများ ရေတွက်တတ်စေရန် ၂၊ ၄၊ ၆၊ ၈၊ ၁၀ စသည့် စုံကိန်းပြည့်များကို “တစ်ပြူ၊ တစ်လံ၊ ညောင်ကန်၊ ထမ်းပိုး၊ အကျိုး”[၆] ဟု စကားပုံဆောင်၍ မှတ်သည်လည်း ရှိသည်။[၇]

စုံကိန်းမဟုတ်သော ကိန်းပြည့်များကို မ ကိန်းဟုခေါ်သည်။ ...၊ -၃၊ -၁၊ ၁၊ ၃၊ ... စသည့် ကိန်းပြည့်များမှာ မကိန်းများဖြစ်သည်။ အတိအကျဆိုရသော် ကိန်းပြည့် ၂ ဖြင့်စားသောအခါ အကြွင်း ၁ ကျန်သော ကိန်းပြည့်ဟူသမျှကို မကိန်းများဟု ခေါ်သည်။

စုံကိန်းစုနှင့် မကိန်းစုကို သင်္ကေတအဖုံဖုံ သုံး၍ကိုယ်စားပြုတတ်ကြသည်။ အုပ်စုသီအိုရီ (group theory) မှလာသည့် 2\mathbb{Z} နှင့် 2\mathbb{Z}+1 ကို စုံကိန်းစုနှင့် မကိန်းစု အသီးသီးတို့ကို ဖော်ပြရန် သင်္ချာပညာရှင်များကြားတွင် သုံးလေ့ရှိသည်။

သုဒ္ဓကိန်းပြည့်များ (Prime Integers)[ပြင်​ဆင်​ရန်​]


တစ်ထက်ကြီးသော အပေါင်းကိန်းပြည့်တစ်ခုသည် ၎င်းကိန်းပြည့်ကိုယ်တိုင်နှင့် ကိန်းပြည့် ၁ မှအပါး အခြားဆခွဲကိန်းမရှိပါက ၎င်းကိန်းပြည့်ကို သုဒ္ဓကိန်းပြည့်ဟု အများအားဖြင့် ခေါ်ကြသည်။ တစ်နည်းဆိုရသော် သုဒ္ဓကိန်းတစ်ခုကို ၎င်းကိန်းကိုယ်တိုင်နှင့် ကိန်းပြည့် ၁ မှအပါး အခြားမည်သည့် အပေါင်းကိန်းပြည့်နှင့်မှ စား၍မပြတ်ပါ။ သာဓကအားဖြင့် ဆိုရသော် ၂၊ ၃၊ ၅၊ ၇၊ ... အစရှိသည်တို့မှာ အပေါင်းသုဒ္ဓကိန်းပြည့်များ ဖြစ်ကြသည်။

သုဒ္ဓကိန်းများ၏ လူသိများသော အထက်ဖော်ပြပါ အဓိပ္ပာယ်သတ်မှတ်ချက်အပြင် ပို၍ယေဘုယျကျသော၊ ပို၍တိကျသော အဓိပ္ပာယ်သတ်မှတ်ချက်ကို ကွင်းသီအိုရီ (ring theorey) တွင်တွေ့နိုင်သည်။ ၎င်းအဓိပ္ပာယ်သတ်မှတ်ချက်အရဆိုလျှင် ယူနစ် (unit) (ဆိုလိုသည်မှာ တစ်နှင့် အနှုတ်တစ်) မဟုတ်သည့် ကိန်းပြည့် x သည် ကိန်းနှစ်ခု၏မြှောက်လဒ် ab ကို စား၍ပြတ်ပါက ၎င်းကိန်းနှစ်လုံးထဲမှ အနည်းဆုံးတစ်လုံးကိုလည်း စား၍ပြတ်မှသာ (ဆိုလိုသည်မှာ x သည် a ကိုသော်လည်းကောင်း၊ b ကိုသော်လည်းကောင်း စား၍ပြတ်မှသာ) ထိုကိန်းပြည့် x ကို သုဒ္ဓကိန်းဟုခေါ်သည်။ သာဓကအရ ကိန်းပြည့် ၂ ကိုကြည့်ပါ။ မည်သည့်ကိန်းနှစ်ခု၏ မြှောက်လဒ်ကိုမဆို ၂ ဖြင့်စား၍ပြတ်ပါက ထိုကိန်းနှစ်လုံးထဲမှ အနည်းဆုံးတစ်လုံးကိုလည်း ၂ ဖြင့်စား၍ ပြတ်သည်၊ ထို့ကြောင့် ၂ သည် သုဒ္ဓကိန်းတစ်ခုဖြစ်သည်။ ဤအဓိပ္ပာယ်သတ်မှတ်ချက်အရဆိုလျှင် ကိန်းပြည့်စုထဲရှိ -၂၊ -၃၊ -၅၊ -၇၊ ... စသည်တို့သည်လည်း သုဒ္ဓကိန်းများ ဖြစ်ကြသည်။

သုဒ္ဓကိန်းများကို သင်္ချာသန့်သန့်နယ်ပင်တွင်သာမက အသုံးချသင်္ချာ၊ သိပ္ပံနှင့် နည်းပညာ စသည့် ဘာသာရပ် နယ်ပယ်အသီးအသီးတို့တွင် တွေ့နိုင်သည်။ သုဒ္ဓကိန်းတို့၏ ဂုဏ်သတ္တိ မြောက်မြားစွာအနက် အချို့မှာ လူသိများသည်။ ကိန်းပြည့် ၂ သည် တစ်ခုတည်းသော အပေါင်း စုံ သုဒ္ဓကိန်းဖြစ်ပြီး၊ ကျန် အပေါင်း သုဒ္ဓကိန်းများမှာ မကိန်းများဖြစ်သည်။ တစ်ထက်ကြီးသော အပေါင်းကိန်းပြည့်များကို သုဒ္ဓကိန်းများသက်သက်သာ သုံး၍ ဆခွဲကိန်း ခွဲနိုင်သည်။ (ဤအချက်ကို ဂဏန်းသင်္ချာ၏ အခြေခံသီအိုရမ် Fundamental Theorem of Arithmetic ဟုခေါ်သည်။) သုဒ္ဓကိန်းများနှင့် ပတ်သက်၍ သက်သေမပြရသေးသောအဆိုများ (conjectures) များလည်းရှိ၏။ ၎င်းတို့အနက် “နှစ်ထက်ကြီးသော စုံကိန်းများကို သုဒ္ဓကိန်းနှစ်ခု၏ ပေါင်းလဒ်အဖြစ် ဖော်ပြနိုင်သည်” ဆိုသည့် ဂိုးဘ၏ အဆို (Goldbach's conjecture) သည် ထင်ရှားသည်။

အခြားကိန်းပြည့်အမျိုးအစားများ[ပြင်​ဆင်​ရန်​]

အထက်ဖော်ပြပါ ကိန်းပြည့်များအပြင် သင်္ချာနှင့် အခြားပညာရှင်များ လေ့လာစူးစမ်းသည့် အခြားကိန်းပြည့်အမျိုးအစားများလည်း ရှိသည်။ ထင်ရှားသော သာဓကများမှာ ဖီဘိုနာချီကိန်းစဉ်တန်း (Fibonacci sequence) (OEIS ရှိ A000045) နှင့် ဆခွဲပေါင်းကိန်းဟု ခေါ်ဆိုနိုင်မည့် perfect number (OEIS ရှိ A000396) တို့ဖြစ်သည်။ ကျန်ရှိသော ကိန်းစဉ်တန်းအမျိုးအစားများကို On-Line Encyclopedia of Integer Sequences (OEIS) တွင် ကြည့်နိုင်သည်။

ကွန်ပလက်စ်ကိန်းအမျိုးအစားများ[ပြင်​ဆင်​ရန်​]

ကိန်းစစ်နှင့် ကိန်းယောင် (Real vs. Imaginary)[ပြင်​ဆင်​ရန်​]

အထက်ပါ ကွန်ပလက်စ်ကိန်း ခေါင်းစဉ်အောက်တွင် ဖော်ပြခဲ့သည့်အတိုင်း၊ ကိန်းစစ်များဖြင့် မလုံလောက်သောအခါ ကွန်ပလက်စ်ကိန်းခေါ် ကိန်းရှုပ်များကိုလည်း အသုံးပြုရန်လိုအပ်လာသည်။ ကိန်းစစ်စုနှင့် ကွန်ပလက်စ်ကိန်းစုတို့အကြား ဆက်နွယ်ချက်မှာ \mathbb{R} \subsetneq \mathbb{C} ဖြစ်သည်။ တစ်နည်းဆိုရသော် ကိန်းစစ်တိုင်း ကွန်ပလက်စ်ကိန်းဖြစ်သော်လည်း ကိန်းစစ်မဟုတ်သော ကိန်ပလက်စ်ကိန်းများလည်း ရှိသည်။ ထိုသို့ ကိန်းစစ်မဟုတ်သော ကွန်ပလက်စကိန်းများကို ကိန်းယောင်သန့်သန့်များ (pure imaginary numbers) ဟု ခေါ်ဆိုသည်။ ထိုကိန်းယောင်များသည် bi ပုံသဏ္ဌာန် (ဤတွင် b မှာ ကိန်းစစ်တစ်ခု) ရှိကြသည်။ သာဓက၊ i,-i, 3i, (5/7)i, -\pi i

ကိန်းစစ်များကို ကိန်းစစ်မျဉ်းတစ်ခုတည်းဖြင့် ဖော်ပြ၍ ရသော်လည်း ကွန်ပလက်စ်ကိန်းများကိုမူ ကိန်းမျဉ်းနှစ်ခု (ကိန်းစစ်ပိုင်းအတွက် အလျားလိုက်ဝင်ရိုး၊ ကိန်းယောင်ပိုင်းအတွက် ဒေါင်လိုက်ဝင်ရိုး) သုံးမှ ဖော်ပြနိုင်သည်။ ထိုသို့ဖော်ပြသည့်စနစ်ကို ကွန်ပလက်စ် ပြင်ညီ (complex plane) ဟုခေါ်သည်။ ကိန်းစစ်များသည် ကွန်ပလက်စ်ပြင်ညီတွင် အလျားလိုက်ဝင်ရိုးပေါ်ရှိ ကိန်းများဖြစ်ပြီး၊ ကိန်းယောင်များသည် ဒေါင်လိုက်ဝင်ရိုးပေါ်ရှိ ကိန်းများဖြစ်သည်။

ကိန်းယောင်(သန့်သန့်) အစုကို \mathbb{C} \setminus \mathbb{R} ဟု သင်္ကေတပြု၍ ဖော်ပြနိုင်သည်။

ရာရှင်နယ်ကိန်းစစ်နှင့် အီရာရှင်နယ်ကိန်းစစ် (Rational vs. Irrational)[ပြင်​ဆင်​ရန်​]

ရာရှင်နယ်ကိန်းများခေါင်းစဉ်အောက်တွင် ဖော်ပြခဲ့သည့်တိုင်း ရာရှင်နယ်ကိန်းတိုင်းသည် ကိန်းစစ်ဖြစ်သော်လည်း ရာရှင်နယ်ကိန်းမဟုတ်သော ကိန်းစစ်များလည်းရှိသည်။ ထို ရာရှင်နယ်ကိန်းမဟုတ်သော ကိန်းစစ်များကို အီရာရှင်နယ်ကိန်း (irrational number) (ဝါ) အပိုင်းကိန်းမဟုတ်သော ကိန်းစစ်များ ဟု ခေါ်သည်။ တစ်နည်းဆိုရသော် အဆုံးလည်းမသတ်၊ ပြန်လည်းမထပ်သည့် ဒသမကိန်းများမှာ အီရာရှင်နယ်ကိန်းများဖြစ်သည်။ သာဓကအားဖြင့် \sqrt{2} နှင့် \pi တို့မှာ အီရာရှင်နယ်ကိန်းစစ်များ ဖြစ်ကြသည်။

အစုသီအိုရီရှိ အစုအရွယ်အစား (cardinality of a set) သဘောအရဆိုလျှင် ကိန်းစစ်စုအတွင်းရှိ ကိန်း “အားလုံးနီးပါး” (almost all) မှာ အီရာရှင်နယ်ကိန်းများဖြစ်ကြသည်။ (ဤတွင် “အားလုံးနီးပါး” ဟူသောအသုံးမှာ သာမန်မြန်မာစာ အသုံးမဟုတ်ဘဲ အစုသီအိုရီနှင့် အတိုင်းအတာသီအိုရီ (measure theory) ဆိုင်ရာ တိကျသည့် အဓိပ္ပာယ်သတ်မှတ်ချက် ရှိသည်။)

အီရာရှင်နယ်ကိန်းစစ်အစုကို \mathbb{R}\setminus\mathbb{Q} ဟုသင်္ကေတပြုနိုင်သည်။

ကိန်းရင်းနှင့် ကိန်းလွန် (Algebraic vs. Transcendental)[ပြင်​ဆင်​ရန်​]

ကွန်ပလက်စ်ကိန်းတစ်ခုကို ကိန်းပြည့်အမြှောက်ကိန်း (integer coefficient) များသာပါဝင်သည့် ပိုလီနိုမီရယ် ညီမျှခြင်းတစ်ခု၏ ကိန်းရင်းအဖြေ (root) အဖြစ်ဖော်ပြနိုင်ပါက ၎င်းကွန်ပလက်ကိန်းကို ကိန်းရင်းဟု ခေါ်သည်။ သာဓကဆောင်ရသော် -၃ မှာ x^2-9=0 ၏ အဖြေတစ်ခုအဖြစ် ဖော်ပြနိုင်သောကြောင့် ကိန်းရင်းတစ်ခုဖြစ်သည်။ ရာရှင်နယ်ကိန်းတိုင်းမှာ a/b (ဤတွင် b မှာ သုညမဟုတ်) သဏ္ဌာန်ရှိ၍ bx-a=0 ပိုလီနိုမီရယ်ညီမျှခြင်း၏ အဖြေဖြစ်ရာ ရာရှင်နယ်ကိန်းတိုင်းမှာ ကိန်းရင်းများဖြစ်သည်။ ထို့အတူ \sqrt{2}နှင့် \sqrt{3}i တို့မှာ အီရာရှင်နယ်ကိန်းနှင့် ကိန်းယောင်အသီးသီး ဖြစ်သော်လည်း x^2-2=0 နှင့် x^2+3=0 တို့၏ မသိကိန်းအဖြေများ အသီးသီးဖြစ်သောကြောင့် ၎င်းတို့မှာလည်း ကိန်းရင်းများ ဖြစ်ကြသည်။

ကိန်းရင်းမဟုတ်သော ကွန်ပလက်စ်ကိန်းများကို ကိန်းလွန်များ (transcendental numbers) ဟုခေါ်သည်။ တစ်နည်းဆိုရသော် ကိန်းပြည့်အမြှောက်ကိန်းသက်သက်ပါ ပိုလီနိုမီရယ် ညီမျှခြင်းတစ်ခု၏ အဖြေအဖြစ် ဖော်ပြ၍မရသော ကွန်ပလက်စ်ကိန်းများကို ကိန်းလွန်များဟု ခေါ်သည်။ သာဓကဆိုရသော် \pie အစရှိသည်တို့ဖြစ်သည်။

အခြားကိန်း အမျိုးအစားများ[ပြင်​ဆင်​ရန်​]

အထက်ဖော်ပြပါ ကိန်းအမျိုးအစားများအပြင် တွက်ချက်နိုင်သောကိန်းများ (computable numbers)၊ “p-အခြေခံကိန်းများ” ဟုခေါ်ဆိုနိုင်မည့် p-adic ကိန်းများ၊ ဟိုက်ပါကွန်ပလက်စ် (hypercomplex) ကိန်းများ၊ စံမဟုတ်သည့် ကိန်းများ (non-standard numbers) စသည်ဖြင့် ကိန်း၏သဘောတရားကို ချဲ့ထွင်ပြုပြင်ထားသော ကိန်းများစွာလည်းရှိသေးသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ကိန်းများစတင်အသုံးပြုလာခြင်း[ပြင်​ဆင်​ရန်​]

သမိုင်းဦးမတင်မီခေတ်ကပင် ကိန်းများကိုစတင်အသုံးပြုလာသော အထောက်အထားများရှိသည်။ တိရိစ္ဆာန်အရိုးစသည့် ပစ္စည်းများတွင် ကိုက်ရာများဖြင့် တာလီမှတ်ခဲ့သည်ဟု ခန့်မှန်းကြသည်။[၈] သို့သော် တာလီစနစ်တွင် နေရာလိုက်တန်ဖိုး (positional value) သဘောကို အသုံးမပြုသောကြောင့် အကန့်အသတ်များ ရှိသည်။ ရှေးအကျဆုံးသော ကိန်းစနစ်များဖြစ်သည့် အီဂျစ်၊ ရောမ၊ ဟီဘရူးနှင့် ဂရိကိန်းစနစ်များတွင် နေရာလိုက်တန်ဖိုးကို အသုံးမပြုသော်လည်း၊ အခြားကိန်းစနစ်များဖြစ်သည့် ဘေဘီလုံ ကိန်းစနစ်၊ အိန္ဒိယကိန်းစနစ်တစ်မျိုး၊ တရုတ်ကိန်းစနစ်တစ်မျိုးနှင့် မာယာကိန်းစနစ်တို့တွင် နေရာကို အခြေခံ၍ တန်ဖိုးတွက်သည့် သဘောကိုတွေ့နိုင်သည်။[၉]

သုညကို စတင်အသုံးပြုလာခြင်း[ပြင်​ဆင်​ရန်​]

သုညကို စတင်၍ အမှတ်အသားပြုသူတို့မှာ ဆူမယ်ရီယန် (Sumerian) များဖြစ်သည်ဟု ခန့်မှန်းရသည်။[၁၀] သို့သော် သုည၏သဘောတရား၊ သုည၏နေရာလိုက်တန်ဖိုး စသည်တို့ကိုမူ ဆူမယ်ရီယန်တို့ အသေအချာ နားလည်ခဲ့ပုံမရချေ။ သင်္ချာအခြေခံများကို အီဂျစ်တို့ထံမှ သင်ယူခဲ့သည့် ဂရိပညာရှင်သည်လည်း ထိုသဘောကို နားလည်ကြောင်း အထောက်အထား အခိုင်အမာ မတွေ့ရပေ။[၁၀]

သုညကို သင်္ကေတအဖြစ်သာမကဘဲ သဘောတရားတစ်ခုအဖြစ်ပါ အသေအချာ စတင်အသုံးပြုခဲ့သူများမှာ အိန္ဒိယလူမျိုးများဖြစ်သည်။[၁၀] အိန္ဒိယမှ ဗြာဟ္မဂုတ္တ (Brahmagupta) သည် ၆၅၀စီအီးတွင် သုညကိုသုံး၍ ဂဏန်းသင်္ချာတွက်ချက်ခြင်းကို စနစ်တကျလုပ်ဆောင်ခဲ့သည်။[၁၀] သင်္ကရိုက် (Sanskrit) ဘာသာဖြင့် သုညကို “sunya” ဟုခေါ်ရာမှ မြန်မာဘာသာရှိ ပါဠိမွေးစားစကားလုံး “သုည” ဖြစ်လာဟန်ရှိသည်။

အာရပ်ကုန်သည်များသည် အိန္ဒိယမှ ဟင်းခတ်အမွှေးအကြိုင်နှင့် အခြားကုန်ပစ္စည်းအသစ်အဆန်းများအပြင် ဗြာဟ္မဂုတ္တ၏ သင်္ချာကျမ်းကိုပါ ပြန်လည်သယ်ဆောင်လာကြရာ ၇၇၃စီအီးသို့ရောက်သော် (ယခုခေတ် အီရတ်နိုင်ငံရှိ) ဘဂ္ဂဒက်မြို့သို့ သုည၏သဘောတရား ရောက်ရှိပြီးဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသတွင် သုည၏သဘောတရား ပြန့်ပွားစည်ပင်လာရာ ကိုးရာစုနှစ်သို့ ရောက်သောအခါ မိုဟာမက် အီဘင်မူဆာ အယ်ခိုဝါရစ်ဇမီ (Mohammed ibn-Musa al-Khowarizmi) သည် သုညပါ ညီမျှခြင်းများကို စတင်လေ့လာခဲ့ပြီး မြှောက်ခြင်းနှင့် စားခြင်းတို့ကို အမြန်တွက်နည်းတို့ကိုလည်း တီထွင်တွေ့ရှိခဲ့သည်။[၁၀] အယ်ခိုဝါရစ်ဇမီက သုညကို “sifr” ဟုခေါ်ခဲ့သည်။ ခုနှစ် ၈၇၉စီအီးသို့ရောက်သော် သုညကို မျက်မှောက်ခေတ်ရေးသားပုံအတိုင်း ဘဲဥပုံဖြင့် ရေးသားလာကြသည်။

စပိန်ပြည်တောင်ပိုင်းကို မောတို့ (Moors) သိမ်းပိုက်ရာမှစပြီး တစ်ဆယ့်နှစ်ရာစုအလယ်ပိုင်းသို့ ရောက်သောအခါ အယ်ခိုဝါရစ်ဇမီ၏ကျမ်းကို ဘာသာပြန်ထားသောကျမ်းများသည် အင်္ဂလန်သို့ တဖြည်းဖြည်း ရောက်ရှိလာသည်။ ကုန်သွယ်စီးပွားရေးရာများတွင် သုညသည် အလွန်အသုံးဝင်သော်လည်း သုညနှင့် နေရာလိုက်တန်ဖိုးကို အသုံးပြုရေးသားထားသော နံပါတ်များကို တုပပြင်ဆင်ရေးသားရန် လွယ်ကူလွန်းသည်ဟုဆိုကာ ဥရောပရှိ အစိုးရများက သုညနှင့် အာရေဗျ ကိန်းစနစ်ကို ပိတ်ပင်ခဲ့သည်များလည်းရှိသည်။[၁၀] သို့သော် ကုန်သည်များက လျှို့ဝှက်သုံးစွဲခဲ့ရာမှာ “sifr” ခေါ်သုည၏ အာရေဗျအမည်မှ ရွေ့လျောလာသည့် “cipher” ဆိုသည့် မျက်မှောက်ခေတ်စကားလုံးမှာ ဝှက်စာ ဟု အဓိပ္ပာယ်ရလာသည်။[၁၀] နောင်တွင် ရနေးဒေးကား (Rene Descartes) ၏ နာမည်ကျော် ကာတေးရှန်း ကိုသြဒိနိတ်စနစ်တွင် လည်းကောင်း၊ အခြားသင်္ချာပညာရှင်များဖြစ်သည့် နယူတန် (Newton) နှင့် လိုက်ဘနစ် (Leibniz) စသည်တို့၏ လေ့လာမှုများတွင် သုညကို အသုံးပြုခဲ့ပြီး ကဲကုလပ်နှင့် အခြားသင်္ချာဆိုင်ရာ တိုးတက်မှုများ ပေါ်ပေါက်ခဲ့ပေသည်။

အနှုတ်ကိန်းများ စတင်အသုံးပြုလာခြင်း[၁၁][ပြင်​ဆင်​ရန်​]

အနှုတ်ကိန်းဟူသည့် သဘောတရားကို အစောဆုံး ၁၀၀ ဘီစီအီး နှင့် ၅၀ ဘီစီအီးအကြားတွင် တရုတ်လူမျိုးတို့ သိမြင်နားလည်ခဲ့ပုံရသည်။ “သင်္ချာအနုပညာနှင့် ပတ်သက်သည့် အခန်းကိုးခန်း” အမည်ရ တရုတ်ကျမ်းတွင် ပုံသဏ္ဌာန်အမျိုးမျိုး၏ ဧရိယာရှာပုံရှာနည်းကို ဖော်ပြရာတွင် အပေါင်းအမြှောက်ကိန်း (positive coefficient) များကို အနီရောင်အစက်ပြောက်များနှင့်လည်းကောင်း၊ အနှုတ်အမြှောက်ကိန်း (negative coefficient) များကို အနက်ရောင်အစက်ပြောက်များနှင့်လည်းကောင်း ကိုယ်စားပြုရေးသားထားသည်။[၁၂]

သုံးရာစုနှစ်အတွင်းသို့ ရောက်သောအခါ ဂရိပညာရှင် ဒိုင်အိုဖန်တပ် (Diophantus) ၏ Arithmetica ခေါ် ဂဏန်းသင်္ချာကျမ်းတွင် 4x+20=0 ဟူ၍ ယခုခေတ်ပုံစံဖြင့် ရေး၍ရမည့် ညီမျှခြင်းကို ဖြေရှင်းရာတွင် ရရှိသည့် အနှုတ်ကိန်းအဖြေကို အဓိပ္ပာယ်မရှိဟု ကျမ်းပြုသူကိုယ်တိုင် မှတ်ချက်ချဖူးသည်။ ဒိုင်အိုဖန်တပ်သည် အနှုတ်ဂဏန်းပါ တွက်ချက်မှုအချို့ကို ပြုလုပ်ခဲ့သော်လည်း အနှုတ်၏ ယေဘုယျသဘောတရားအကြောင်းကို ရှင်းလင်းရေးသားခဲ့ခြင်းမရှိပေ။[၁၃]

စီအီး ခုနစ်ရာစုသို့ ရောက်သောအခါမှသာ အိန္ဒိယပညာရှင် ဗြာဟ္မဂုတ္တ၏ကျမ်းတွင် နှစ်ထပ်ကိန်းညီမျှခြင်းရှင်းနည်းကို အနှုတ်ကိန်းများသုံး၍ ဖော်ပြခဲ့သည်။[၁၄] အနှုတ်ကိန်းသုံး၍ တွက်ချက်ရာတွင် လိုက်နာရမည့် စည်းမျဉ်းများကိုလည်း ရေးသားခဲ့သည်။[၁၅]

နောက်ပိုင်းရာစုများတွင် အနှုတ်ကိန်းအကြောင်းကို ကမ္ဘာအရပ်ရပ်မှ ပညာရှင်တို့ မှတ်ချက်ပြုရေးသားခဲ့သော်လည်း ဤအနှုတ်သဘောကို အလွယ်တကူ လက်ခံခဲ့ခြင်းမရှိပေ။ စီအီး ကိုးရာစု အရှေ့အလယ်ပိုင်းမှ အယ်ခိုဝါရစ်ဇမီက အနှုတ်ကိန်းများကို အသုံးမပြုဘဲ နှစ်ထပ်ကိန်းညီမျှခြင်းရှင်းနည်းကို ခြောက်မျိုးခွဲ၍ရေးသားခဲ့ပြီး[၁၆]၊ တစ်ဆယ့်နှစ်ရာစု အိန္ဒိယမှ ဘက်ရှ်ကာရာ (Bhaskara) က အနှုတ်ကိန်းရင်းအဖြေကို “မပြည့်စုံ၍၊ လူတို့သဘောမတူ၍ ယူစရာမလို”[၁၇] ဟုလည်းကောင်း၊ ဆယ့်ငါးရာစု ဥရောပမှ ရှူကေး (Chuquet) က “အဓိပ္ပာယ်မရှိသော နံပါတ်များ” ဟူ၍လည်းကောင်း၊ ဆယ့်ခြောက်ရာစု ဥရောပမှ ရှတီဖယ်က သုညထက်နည်းသည့် အတုအယောင်ကိန်း အဖြစ်လည်းကောင်း၊ ဆယ့်ခုနစ်ရာစု ဥရောပမှ ဒေးကားက အနှုတ်ကိန်းရင်းများသော အဖြေမှားများ အဖြစ်လည်းကောင်း အသီးသီး ရေးသားခဲ့ကြသည်။ သမိုင်းအဆက်ဆက်မှ ပညာရှင်အချို့က အနှုတ်ကိန်းကို အလုံးစုံသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းမျှသာလည်းကောင်း လက်ခံခဲ့သည့် ဖြစ်ရပ်များ ရှိသော်လည်း တစ်ဆယ့်ကိုးရာစု နောက်ပိုင်းရောက်မှသာ အနှုတ်ကိန်းများကို တဖြည်းဖြည်း တွင်ကျယ်စွာ အသုံးပြုလာဟန်ရှိသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Bourbaki, N. Elements of Mathematics: Theory of Sets. Paris, France: Hermann, 1968.
  2. Halmos, P. R. Naive Set Theory. New York: Springer-Verlag, 1974.
  3. Weisstein, Eric W. "Natural Number." From MathWorld--A Wolfram Web Resource.
  4. Dummit, D. and Foote, R., Abstract Algebra. John Wiley & Sons, Inc., p. 1, 2004.
  5. Weisstein, Eric W. "Rational Number." From MathWorld--A Wolfram Web Resource.
  6. ၆.၀ ၆.၁ မြကေတု။ “ကလေးမှတ်ဉာဏ် တစ်ပြူ တစ်လံ။” စာပေတန်ဆောင်။ ၁၉၆၇။
  7. စုချစ်။ “တစ်ပြူ၊ တစ်လံ၊ ညောင်ကန်၊ ထမ်းပိုး၊ အချိုး (အကျိုး/ချိုး)။” စုချစ်သူ။ ၂၀၁၂။
  8. Marshak, A. The Roots of Civilisation; Cognitive Beginnings of Man’s First Art, Symbol and Notation. London: Weidenfeld & Nicolson, 1972, pp. 81ff.
  9. “Numeral system”. Encyclopædia Britannica. Encyclopædia Britannica Online. Encyclopædia Britannica Inc., 2014. Web. 25 Dec. 2014 <http://www.britannica.com/EBchecked/topic/422375/numeral-system>.
  10. ၁၀.၀ ၁၀.၁ ၁၀.၂ ၁၀.၃ ၁၀.၄ ၁၀.၅ ၁၀.၆ Wallin, N. “The History of Zero.” From YaleGlobal Online--Web. 25 Dec 2014.
  11. Smith, M. K. “History of Negative Numbers.” From M326K: Foundations of Number Systems--Web. 25 Dec 2014.
  12. Staszkow, R. and Bradshaw R. The Mathematical Palette (3rd ed.). Thomson Brooks/Cole, p. 41, 2004.
  13. Smith, David E. History of Mathematics, Vol. 2. Dover, p. 258, 1958.
  14. Cajori, Florian. History of Mathematics, 5th ed. New York: Chelsea, p. 94, 1991.
  15. Katz, Victor J. A History of Mathematics: An Introduction, 2nd edition, Reading, MA: Addison-Wesley, p. 226, 1998.
  16. Katz, Victor J. A History of Mathematics: An Introduction, 2nd edition, Reading, MA: Addison-Wesley, p. 245, 1998.
  17. Cajori, Florian. History of Mathematics, 5th ed. New York: Chelsea, p. 93, 1991.