ကာလိုင်း၊ သောမတ်စ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကမ္ဘာကျော် စာရေးဆရာကြီး သောမတ် ကာလိုင်း

ကာလိုင်း တီ(ခရစ် ၁၇၉၅-၁၈၈၁)[ပြင်​ဆင်​ရန်​]

သောမတ်ကာလိုင်းမှာ စကော့လူမျိုး ကမ္ဘာကျော်စာရေးဆရာကြီး တစ်ဦးဖြစ်၏။ ၁၇၉၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စကော့တလန်ပြည် ဒမ်ဖရီးရှိုင်ယာ အက်ကယ် လဖက်ကန်ရွာ၌ ဖွားမြင်သည်။ သူ၏ဖခင်မှာ ဆင်းရဲနွမ်းပါးသော ကျောက်ပန်းရန်သမား တစ်ဦးဖြစ်၍၊ ကာလိုင်းသည် သားသမီး ရှစ်ယောက်တွင် သားအကြီးဆုံး ဖြစ်လေသည်။

အလုပ်သမားတစ်ဦးပင်ဖြစ်သော်လည်း အမြော်အမြင်ကြီး သော ကာလိုင်း၏ဖခင်သည် သားကြီး၏ အရည် အသွေးကို သိမြင်ပြီးဖြစ်သဖြင့် ပညာကို ကောင်းစွာသင်ယူစေသည်။ ကာလိုင်းသည် ၁၄ နှစ်သား အရွယ် တွင် အက်ဒင်ဗာရာ တက္ကသိုလ်သို့ သွားရောက် ပညာဆည်းပူးခဲ့၏။ ဘာသာရေးကို လေးစားတတ်သော စကော့အနွယ် ဖြစ်သည့်အတိုင်း သာသနာ့ ဘောင်တွင် ရဟန်းပြုရန် ရည်ရွယ်ခဲ့သော်လည်း ကျောင်းမှ ထွက်သောအခါ ကျောင်းဆရာတစ်ဦး ဖြစ်လာလေတော့သည်။ ကာလိုင်းသည် စာပေအရေးအသားကို လွန်စွာဝါသနာပါ၍ ဆောင်းပါးစာပေများကို ရေးသားလိုသော ဆန္ဒသာ ဖြစ်ပေါ်ခဲ့ ၏။ သို့ရာတွင် သူလုပ်သောကျောင်းဆရာအလုပ်မှာ လွတ်လပ် မှုကို အလွန်လိုလား​သော ကာလိုင်းအဖို့ အချုပ်အနှောင်များ ကဲ့သို့ ရှိနေလေသည်။ သို့ဖြစ်၍ ကာလိုင်းသည် ၁၈၁၈ ခုနှစ် တွင် အလုပ်မှ ထွက်လိုက်ပြီးသော အက်ဒင်ဗာရာ မြို့ပေါ်ရှိ မဂ္ဂဇင်းဂျာနယ်များအတွက် ဆောင်းပါးများကို စတင်ရေးသား ခဲ့သည်။

၁၈၂၅ ခုနှစ်တွင် 'ရှီးလား၏ အတ္ထုပ္ပတ္တိ' စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ နောက်တစ်နှစ်တွင် ဂျိန်းဗေလီဝဲ့ အမည်ရှိသော အမျိုးသမီးတစ်ဦးနှင့် လက်ဆက်လိုက်သည်။ ထိုနောက် သူတို့ဇနီးမောင်နှံသည် ဗြိတိန်ကျွန်း၏ ချောင် အကျဆုံး နေရာတစ်ခုဖြစ်သော ကရေဂန်ပတ်တော့ရွာကလေးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြ၏။ ထိုအချိန်သည် ကာလိုင်းအဖို့ ငွေရေးကြေးရေး အကျပ်တည်းဆုံးသောအခါ ဖြစ်လေသည်။ ကာလိုင်းသည် 'ပြင်သစ်တော်လှန်ရေး'အမည်ရှိ စာအုပ် ပထမတွဲကို ရေးသားပြီးစီးသောအခါ သူ၏ မိတ်ဆွေဖြစ်သော ဂျွန်စတူးဝပ်မီးအား ဖတ်ကြည့်ရန် ပေးအပ်ထားခဲ့၏။ တစ်နေ့ သ၌မီး၏ အိမ်တွင်ခိုင်းစေထားသော အစေခံမကလေးသည် စာမူကို အသုံးမဝင်သော စာရွက်များသာ ဖြစ်သည်ဟု ထင်မှတ်၍ မီးမွှေး လိုက်လေသည်။

ဂျွန်မီးသည် ထိုအကြောင်းကို သိသောအခါ အတိုင်းမသိ တုန်လှုပ်ချောက်ချားသွား၏။ သူသည် ကာလိုင်းရှိရာသို့ အရူးပမာ ပြေးသွားပြီးလျှင် ဖြစ်သမျှကို ပြောပြလေသည်။ သို့သော် သဘောကြီးလှသော ကာလိုင်းသည် သူငယ်ချင်း၏ ဖြစ်ထွေကို မြင်သောအခါ သူ့ကိုပင် သနားအားနာမိပြီးလျှင် မိမိ၏ထိခိုက်သော စိတ်ကို ပြင်ပသို့ မပေါ်လွင်အောင် မျိုသိပ် ထားလိုက်သည်။

ဤသို့ ဆုံးရှုံးနစ်နာခြင်း ကြီးစွာဖြစ်ရသော်လည်း ကလိုင်း သည် စိတ်ပျက် အားလျော့ခြင်း မရှိဘဲ သူစိတ်ထဲ၌ မှတ်မိသမျှ နှင့်ပင် စာအုပ်ကို ပြန်လည်ရေးသားခဲ့လေသည်။ ကာလိုင်းမှာ အပင်ပန်းခံရကျိုး နပ်ပေသည်။ အကြောင်းမှာ ထိုစာအုပ် ထွက် သည်နှင့် တစ်ပြိုင်နက် ကာလိုင်းသည် နာမည်ကျော် စာရေး ဆရာကြီး အဖြစ်သို့ ရောက်ရှိလာသောကြောင့်တည်း။ ထင်ပေါ်ကျော်ကြားသော စာရေးဆရာကြီးတစ်ယောက် ဖြစ်လာသောအခါ ကာလိုင်းတို့အိမ်ထောင်သည် လန်ဒန်မြို့ ချဲလ်ဆီးအရပ်သို့ ရွှေ့ပြောင်းခဲ့သည်။ ထိုနေရာတွင် ၄၇ နှစ် ကြာမျှ နေထိုင်ခဲ့၍ စာအုပ်အများ ရေးသားခဲ့၏။ ထိုအိမ်တွင် ထိပ်တန်းစာရေးဆရာကြီးများဖြစ်သော ဒစ်ကင်း၊ တင်နီဆန်၊ သက္ကရေး၊ ဂျွန်စတူးဝပ်မီးတို့နှင့် မကြာခဏ တွေ့ဆုံ ဆွေးနွေးခဲ့ လေသည်။၁၈၆၆ ခုနှစ်တွင် သူ၏စာပေများကို အားတက်သရော ဝေဖန်ပေး၍ မယားဝတ္တရားနှင့် ပြည့်စုံသော ချစ်ဇနီး ကွယ်လွန် အနိစ္စရောက်လေရာ ကာလိုင်းမှာ မကြုံဘူးအောင် ပူဆွေးခဲ့ သည်။ ဤသို့ ဇနီးသည် သေဆုံးပြီးနောက် ကာလိုင်းသည် ထူးခြားသော စာအုပ်များကို မရေးနိုင်တော့ဘဲ အသက် ၈၆ ခုနှစ်တွင် အနိစ္စရောက်လေသည်။

ကာလိုင်း၏လက်ရာများတွင် စာရေးသူ၏ စိတ်နေသဘော ထားကို ကြေးမုံပြင်တွင် မြင်ရဘိသဘဲသို့ ထင်ရှားစွာ တွေ့မြင် ရသည်။ သူသည် အပေါ်ယံဟန်ဆောင်မှု အတုပအများကို လွန်စွာပင် မုန်းတီး၍ ထုံထိုင်းနုံအခြင်းကို ရှုတ်ချသည်။ အလဟဿ အချိန်ကုန်ခြင်းထက် အလုပ်လုပ်ခြင်းကို ပိုမို နှစ်သက် မြတ်နိုး၏။ သူ၏အလုပ်ထင်ပေါ်မှုထက် အလုပ် ပြီးစီးခြင်းကြောင့် ရရှိသောနှစ်သိမ့်ခြင်း ပီတိကို ပို၍ လိုလား ဟန် တူလေသည်။

နှောင်းလူအချို့က စာရေးဆရာကြီးကာလိုင်း၏ သဘော တရားများကို နာဇီဝါဒနှင့် နှိုင်းယှဉ်တတ်ကြ၏။ ကာလိုင်း သည် သူရေးသားပြုစုခဲ့သော စာအုပ်များတွင် တရားနည်းလမ်း မှန်ကန်မှုသည်ပင် အင်အားဖြစ်ကြောင်း၊ လူအချို့သည် ကျန်လူ များထက် အဆင့်အတန်းမြင့်ကြောင်း၊ ဒီမိုကရေစီဝါဒမှာ ရယ်စရာကောင်းသော ဝါဒသာဖြစ်ကြောင်း၊ လူတစ်ယောက်စီ အား လွတ်လပ်မှုကို မပေးနိုင်၊ မပေးသင့်ကြောင်း၊ နိုင်ငံကို အာဇာနည် တစ်ဦးဦးကသော်လည်းကောင်း၊ အာဏာရှင် တစ်ယောက် ယောက်ကသော်လည်းကောင်း၊ စီမံအုပ်ချုပ်သင့်ကြောင်းများကို ရေးသား ဖေါ်ပြခဲ့လေသည်။ ထိုသဘောတရားများကို သူရေးသားခဲ့သော 'ပြင်သစ် တော်လှန်ရေး'၊ အာဇာနည်နှင့် အာဇာနည်ကို လေးစားခြင်း၊ အော်လီဗာ ကရွမ်းဝဲ' အစရှိသော စာအုပ်များ တွင် တွေ့ရှိရပေသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)