ကာမသုတ်

ဝီကီပီးဒီးယား မှ

(၃)သုတ် ရှိပါသည်။

[၁] အညတရနတ်သား၏ မေးလျှောက်ချက်အရ -(မိမိအကျိုးစီးပွားကို အလိုရှိသော) ပုဂ္ဂိုလ်, သတ္တဝါသည် (ကျွန်ပြုရန်အတွက်) မိမိကိုယ်ကို မပေးရာ၊ (ကျားစသည် စားရန် အတွက်)မိမိကိုယ်ကို မစွန့်ရာ၊ ကောင်းသောစကားကို ပြောဆိုရာ၏။ ယုတ်မာသော စကားကို မမြွက်ဆိုရ-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] သဒ္ဓါပဗ္ဗဇိတကုလပုတ္တ အမျိုးကောင်းသားဖြစ်ပုံ၊ ယင်းအမျိုးကောင်းသားသည် သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, ဝီရိယ, ပညာတို့ဖြင့် ကုသိုလ်တရားတို့၌ (ပြုလုပ်သင့်သည်ကို) မပြုလုပ်သေးသမျှ စောင့်ရှောက်ထားရပုံကို ကလေးထိန်းဥပမာဖြင့် ရှင်းလင်း၍ အကျယ်ဟောတော်မူသည့်သုတ်။


[၃] သလေးစပါးခင်းအားလုံး ပျက်စီးခြင်းကြောင့် သောကရောက်နေသော သာဝတ္ထိ မြို့သား ပုဏ္ဏားအား သောကကင်းပျောက် သောတာပန်အရိယာအဖြစ်သို့ ရောက်စေရန် ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-ဤသုတ်တော်ဖြစ်ပေါ်လာပုံမှစ၍ ဖွင့်ပြထားပါသည်။ [၄]


ဝတ္ထုကာမကို အလိုရှိသော သတ္တဝါအား ထိုဝတ္ထုကာမကို အလိုရှိတိုင်း အပြည့်အစုံရခဲ့မူ ယင်းသို့ အလိုရှိတိုင်း ရသောကြောင့် ဧကန် နှစ်သက် ဝမ်းမြောက်သော စိတ်ရှိ၏။

ကာမကိုအလိုရှိသည်ဖြစ်၍လိုလားတောင့်တမှုဖြစ်ပေါ်နေသောထိုသတ္တဝါအားထိုကာမတို့ဆုတ်ယုတ်ကုန်မူ မြားပစ်ခံရသူကဲ့သို့ ဖောက်ပြန်တော့၏။

မြွေ၏ဦးခေါင်းကိုမိမိ၏ခြေဖြင့်ရှောင်ဖယ်သွားသကဲ့သို့အကြင်သူသည်ကာမတို့ကိုရှာင်ဖယ်၏၊။သတိရှိသော ထိုသူသည် လောက၌ ဤကပ်ငြိမှု 'တဏှာ' ကို ကောင်းစွာ လွန်မြောက်နိုင်၏။

အကြင်သူသည်လယ်ယာမြေ အိမ်ရာရွှေ ၊ ငွေ ၊ နွား၊ မြင်း ၊ ကျွန် အမှုလုပ် မိန်းမဆွေမျိုးတို့နှင့် အခြားကာမဂုဏ်မျိုးတို့ကို တပ်မက်မော၏၊။ အားမရှိသော ကိလေသာတို့သည် ထိုပုဂ္ဂိုလ်ကို နှိပ်စက်ကုန်၏။ ထိုထိုဘေးရန်တို့ နှိပ်စက် ခံရသောကြောင့် ရေသည် လှေကွဲသို့ မပြတ်ဝင်ဘိ သကဲ့သို့ ဆင်းရဲသည် ထိုပုဂ္ဂိုလ်ကို မပြတ် လိုက်နေတော့၏။

ထို့ကြောင့် သတ္တဝါသည် သတိထားလျက် ကာမတို့ကို အခါခပ်သိမ်း ရှောင်ကြဉ်ရာ၏။ လှေကို ရေပက်ထုတ်လျက် တစ်ဖက်ကမ်းသို့ လှော်ခတ်သွား သကဲ့သို့ ထိုကာမတို့ကို ပယ်ထုတ်၍ ဩဃလေးဖြာ သံသရာကို ကူးမြောက်ရာ၏။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၄၁။ သံ၊မြန်၊၁၊၄၀-၁။ သံ၊ဋ္ဌ၊၁၊၉၄။ သံ၊ဋီ၊၁၊၁၄၀။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၈-ဆေတွာဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. -အံ၊၂၊၅။ အံ၊မြန်၊၂၊၆-၇။ အံ၊ဋ္ဌ၊၃၊၂-၃။ အံ၊ဋီ၊၃၊၂။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ပဌမပဏ္ဏာသက၊ ၁-သေခဗလဝဂ္ဂ၊ သတ္တမသုတ်။
  3. -သုတ္တနိ၊၃၉၉။ သုတ္တနိ၊မြန်၊၃၇၇။ သုတ္တနိ၊ဋ္ဌ၊၂၊၂၂၈-၂၃၀။ မဟာနိ။ ၁-၁၇။ မဟာနိ၊ဋ္ဌ၊၇၈-၉။ -ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ၊ ၄-အဋ္ဌကဝဂ္ဂ၊ ပဌမသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  5. ကာမသုတ်၊ အဋ္ဌကဝဂ်၊ သုတ္တန္တပိဋကတ်၊ ခုဒ္ဒကနိကာယ်