ကာပို့တီ ထရူးမင်း

ဝီကီပီးဒီးယား မှ
Truman Capote
ထရူးမင်း ကာပို့တီ (၁၉၈၀)
မွေးဖွားTruman Streckfus Persons
(1924-09-30)စက်တင်ဘာ ၃၀၊ ၁၉၂၄
New Orleans, Louisiana, U.S.
ကွယ်လွန်ဩဂုတ် ၂၅၊ ၁၉၈၄(1984-08-25) (အသက် ၅၉)
Los Angeles, California, U.S.
ထာဝရ အိပ်စက်ရာWestwood Memorial Park
Los Angeles, California, U.S.
အလုပ်အကိုင်Artist, author, actor
ပညာရေးTimothy Dwight School
ကာလ၁၉၄၃–၈၄
စာပေလှုပ်ရှားမှုSouthern Gothic
ထင်ရှားသည့်လက်ရာများIn Cold Blood, Breakfast at Tiffany's
လက်တွဲဖော်Jack Dunphy

လက်မှတ်

ထရူးမင်း ကာပို့တီ (အင်္ဂလိပ်: Truman Capote) သည် အမေရိကန် စာရေးဆရာနှင့် သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ထရူးမင်း ကာပို့တီကို ၁၉၂၄ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နယူးအော်လင်းမြို့၌ မွေးဖွားသည်။ အရွယ် မရောက်မီကပင် မိဘနှစ်ပါး ကွာရှင်းခဲ့ကြ၍ လူဝီဇီယန္နားနှင့် အယ်လဗားမားပြည်နယ်များရှိ ဆွေမျိုးများထံတွင် မှီခို ကြီးပြင်းလာရသည်။ ခရစ်စမတ် အမှတ်တရ (၁၉၆၅)၊ ကျေးဇူးရှိသော ဧည်သည့် (၁၉၆၈) တို့သည် ကာပို့တီ ငယ်စဉ်က တစ်ကောင်ကြွက်ဘဝ ကျင်လည်ကြီးပြင်းလာရပုံကို ရေးထားသည့် ကိုယ်ရေး အတ္ထုပ္ပတ္တိ လက်ရာများ ဖြစ်သည်။ စိန့်ဂျွန်းအကယ်ဒမီနှင့် ဂရင်းနစ် အထက်တန်းကျောင်းတို့တွင် ပညာဆည်းပူးခဲ့သည်။

ကာပို့တီသည် အသက် ၁၇ နှစ်အရွယ်တွင် နယူးယော့ ကားဂျာနယ်တိုက်တွင် ကာတွန်းစာမူများ အမျိုးအစားရွေးချယ် ခွဲဝေပေးသူအဖြစ် ခန့်ထားခံရသည်။ ကာပို့တီ၏ အားသား ဗွိုက်ဆက်စ် အားသား ရွမ်းစ်(၁၉၄၈) ဝတ္ထုသည် အလား အလာကောင်းသော လူငယ်စာရေးဆရာတစ်ယောက်၏ လက်ရာအဖြစ် ထောပနာပြု ခံရသည်။ ယင်းဝတ္ထုတွင် ဖခင် ပျောက်ရှာပုံတော်ဖွင့်သည့် ၁၃ နှစ်သားတကောင်ကြွက် လုလင်ငယ်တယောက်၏ ဘဝကို သရုပ်ဖော်ရေးဖွဲ့ထားသည်။ ထရီးအော့ဖ်နိုက် (၁၉၄၉) သည် မေတ္တာဖွဲ့ ဝတ္ထုတိုပေါင်းချုပ် ဖြစ်သည်။ ဒေသခံအရောင် (၁၉၅ဝ) သည် ခရီးသွား ဆောင်းပါးပေါင်းချုပ်သည် ဖြစ်သည်။ သဂရတ်စ်ဟပ် (၁၉၅၁) ဝšုတွင် ကာပို့တီသည် အင်္ဂလန်ရေဖျန်းခရစ်ယာန်အသင်း ဥပဒေကို မလိုက်နာမိသော လူရိုး လူဖြောင့်တစ်စု၏ အဖြစ်ကို ရေးဖွဲ့ထားသည်။ ယင်းဝတ္ထုကို ပြဇာတ်အဖြစ်လည်း ရေးသား၍ စင်တင်ပေးခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ကာပို့တီသည် တေးစာဆို ဟဲရိုးအာလန်နှင့်တွဲ၍ ပန်းဂေဟာဝတ္ထုကို ရေးသား သည်။ အနောက်အိန္ဒိယကျွန်းစုတွင် ကျင်လည်သော ဂီတအဖွဲ့ တစ်ဖွဲ့အကြောင်းကို ခြယ်မှုန်းထားသည်။ ၁၉၅၄ ခုနှစ်တွင် မိစ္ဆာဆိုးကို ရိုက်ထိုးလေ ရုပ်ရှင်ဇာတ်ညွှန်းကို ရေးသည်။ နယူးယော့ ကားမဂ္ဂဇင်း၏ တာဝန်ပေးချက်အရ ကာပို့တီသည် နီဂရိုးဇာတ်အဖွဲ့ တစ်ဖွဲ့ကို ဦးဆောင်၍ ဆိုဗီယက်ပြည်ထောင်စုကို သွားခဲ့ပြီးနောက် ထိုခရီး အကြောင်းကို သမျူးဇက်စ်အာဟက်(၁၉၅၅)တွင် ထည့်ရေး သည်။ ၁၉၅၈ ခုနှစ်တွင် ရေး၍ ၁၉၆၁ ခုနှစ်တွင် ရုပ်ရှင် အဖြစ် တင်ဆက်ခဲ့သော တစ်ဖနီတို့ဆီမှာ နံနက်စာ ဝတ္ထုသည် ထင်ရှားသည်။

ကာပို့တီသည် စာနယ်ဇင်း အတွေ့အကြုံကို အခြေခံ၍ ပြုစုသော မှတ်သားမိသမျှ (၁၉၅၉)စာအုပ်တွင် ရုပ်ရှင်မင်းသား မာလွန်ဘရန်ဒိုအပါအဝင် ကျော်စောထင်ရှားသူတို့၏ အကြောင်းကို တစေ့တစောင်း မှတ်တမ်းတင်ထားသည်။ ၁၉၆၄ ခုနှစ်တွင် ထုတ်ဝေပြီး ၁၉၆၈ ခုနှစ်တွင် ရုပ်ရှင်ရိုက်ကူးခဲ့သော သွေးအေးအေးနှင့် ဝတ္ထုဇာတ်လမ်းမှာမူ စာနယ်ဇင်းသမား ရေးဟန်မဟုတ်ဟု ကာပို့တီက ငြင်းဆိုသည်။ အခြေအနေမဲ့ လေလွင့်လူငယ်နှစ်ဦးက မိသားစုတစ်စုလုံးကို သတ်ဖြတ်ပုံ တကယ့်ဖြစ်ရပ်ကို တင်ပြထားသည့် ယင်းစာအုပ်သည် အရောင်းရတွင်ကျယ်ဆုံး စာရင်းဝင် စာအုပ်ဖြစ်သည်။ စိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်သော ဝတ္ထု (ဖြစ်ရပ်မှန် ဝတ္ထု)ဟူသော စာပေရေးဟန် အသစ်ကို ဖန်တီးခဲ့သည်ဟု ကာပို့တီဂုဏ်ယူသော စာအုပ် ဖြစ်သည်။ ပြဇာတ်၊ ရုပ်ရှင် ဇာတ်ညွှန်း၊ ဝတ္ထုတိုနှင့် ဆောင်းပါးအများအပြားကိုလည်း ရေးသားခဲ့သည်။

ကာပို့တီသည် အထက်တန်းလွှာနှင့် အခွင့်ထူးခံ လူတန်းစားကို ထိုးနှက်သော အန်ဆာ့ထ်ပရေယားစ် ဝတ္ထုကို မဂ္ဂဇင်းအခန်းဆက်ဝတ္ထုအဖြစ် ရေးသားနေဆဲ ကွယ်လွန်သွားရာ ယနေ့ထိ ပေါ်ထွန်းသမျှ တစ်ပိုင်းတစ်စဝတ္ထုရှည်များအနက် အထူးခြားဆုံး လက်ရာအဖြစ် စာပေဝေဖန်ရေးသမားများက အကဲဖြတ်သည်။ ကာပို့တီသည် ၁၉၈၄ ခုနှစ် ဩဂုတ်လတွင် ကယ်လီ ဖိုးနီးယားပြည်နယ် ဘဲအဲယားမြို့၌ ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)