ကာဒင်နယ်ဂိုဏ်းချုပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကာဒင်နယ်ဂိုဏ်းချုပ်ဝတ်စုံ

ဗရင်ဂျီရဟန်းမင်း၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကာဒင်နယ်ဂိုဏ်းချုပ်ဟုခေါ်သည်။ ဗရင်ဂျီဂိုဏ်းတွင် ပုပ်ရဟန်းမင်းမှအပ ကာဒင်နယ်ဂိုဏ်းချုပ်တို့သည် တန်ခိုးအာဏာ အရှိဆုံး ဘုန်းကြီးများဖြစ်သည်။ ကာဒင်နယ်ဆိုသော စကားမှာ ပတ္တာဟု အနက်ထင်သော လက်တင်ဘာသာစကား ကာဒိုမှ ဆင်းသက်လာ၍ ကြီးမြတ်သည်ဟု အဓိပ္ပာယ်ရသည်။ ရှေးအခါက အဆောက်အအုံတစ်ခုတွင် တံခါးကို ပတ္တာဖြင့် တွယ်ကပ်ထားသကဲ့သို့ ဘုရားရှိခိုးကျောင်း တစ်ခုခုကို ကြည့်ရှုအုပ်ချုပ်နေသော ခရစ်ယန်ဘုန်းကြီးများကို ကာဒင်နယ်ဂိုဏ်းချုပ်ဟု ခေါ်ကြသည်။

ဝတ်စုံဆင်ယင်ထားသော ကာဒင်နယ် ဂိုဏ်းချုပ် ရစ်ရှလျူး

သို့ရာတွင် ၅ ရာစုနှစ် နောက်ပိုင်းလောက်ကစ၍ ရောမမြို့ရှိ ပုပ်ရဟန်းမင်း လက်အောက်ခံ ဘုန်းတော်ကြီးများကိုသာ ကာဒင်နယ်ဂိုဏ်းချုပ်ဟု ခေါ်ကြသည်။ ထို့အပြင် နှောင်းအခါများတွင် အရေးပါသော ဘုရားရှိခိုးကျောင်းကြီးများမှ ထင်ရှားသော ဘုန်းကြီးများကို ကာဒင်နယ်ဂိုဏ်းချုပ်ဟု ခေါ်ပြန်သည်။ သို့သော် ၁၅၆၈ ခုနှစ်သို့ ရောက်သည့်အခါ ပုပ်ရဟန်းမင်း လက်အောက်ရှိ ရောမဘုန်းတော်ကြီးများကိုသာ ကာဒင်နယ်ဂိုဏ်းချုပ်ဟု ခေါ်လေတော့သည်။ ၁၅၀၉ ခုနှစ်မှစ၍ ကာဒင်နယ်ဂိုဏ်းချုပ်များ ပါဝင်သည့် ကာဒင်နယ်ကောလိပ်ခေါ် ကာဒင်နယ်ဂိုဏ်းချုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ပုပ်ရဟန်းမင်းတစ်ပါး ပျံလွန်တော်မူလျှင် ထိုအဖွဲ့သည် ပုပ်ရဟန်းမင်း အရိုက်အရာ ဆက်ခံမည့်သူကို မိမိတို့အထဲမှ ရွေးချယ်တင်မြှောက်ရလေသည်။ ထိုအခါမျိုးတွင် ကာဒင်နယ်ဂိုဏ်းချုပ်များသည် ပုပ်ရဟန်းမင်းကို အများသဘောတူ ရွေးချယ်မပြီးမခြင်း လျှို့ဝှက်သော အခန်းထဲတွင် ဆက်လက် စည်းဝေးရလေသည်။

ပုပ်ရဟန်းမင်းကိုယ်တိုင် ကာဒင်နယ်ဂိုဏ်းချုပ်များကို ရွေးချယ် ခန့်အပ်ရသည်။ ကာဒင်နယ်ဂိုဏ်းချုပ်အဖြစ် ခန့်အပ်ခြင်းခံရသူတို့သည် တစ်နှစ်အတွင်း ပုပ်ရဟန်းမင်းထံမှ ရာထူးတံဆိပ် အမှတ်အသားဖြစ်သော ဦးထုပ်နီ လက်ခံပွဲ အခမ်းအနား တက်ရောက်ရန် ရောမမြို့သို့ လာရောက်ကြရလေသည်။ ယင်းဦးထုပ်နီကို အခမ်းအနားတွင်သာ တစ်ကြိမ်ဆောင်းပြီး နောက်တွင် မည်သည့်အခါမျှ မဆောင်းတော့ချေ။ သို့သော် သူကွယ်လွန်သောအခါ သူ၏ အခေါင်းသေတ္တာပေါ်တွင် တင်ထားရသည်။ ဘာသာရေးနှင့် စပ်လျဉ်းသော ကိစ္စများတွင် ကာဒင်နယ်ဂိုဏ်းချုပ်တို့သည် ပုပ်ရဟန်းမင်းအား အကြံဉာဏ်ပေး၍ ကူညီရသည်။

အရေးကြီးသော ဘာသာရေးဆိုင်ရာ ဝါဒများကို ထုတ်ပြန်ကြေငြာရန် ကျင်းပသည့် ကာဒင်နယ်ဂိုဏ်းချုပ် အစည်းအဝေးများတွင် ပုပ်ရဟန်းမင်းကိုယ်တိုင် သဘာပတိအဖြစ် ဆောင်ရွက်သည်။ ထို အစည်းအဝေးများကို ‘ကွန်စစ္စတိုရီ’ဟု ခေါ်သည်။ ဂိုဏ်းစီမံအုပ်ချုပ်ရေး ကိစ္စများကိုလည်း ကာဒင်နယ်ဂိုဏ်းချုပ် အမှုဆောင်အဖွဲ့များက ကြီးကြပ်အုပ်ချုပ်ရ၍ ထိုအမှုဆောင်အဖွဲ့များကို ‘ကွန်ဂရီဂေးရှင်း’ဟု ခေါ်သည်။

ကာဒင်နယ်ဂိုဏ်းချုပ်များကို ‘ကာဒင်နယ်အသျှင်မြတ်’ (အင်းမိနင့်) ဟု ဘွဲ့တပ်၍ ခေါ်ရသည်။ ဤကဲ့သို့ ဗရင်ဂျီဂိုဏ်းကို အုပ်ချုပ်စီမံရာ၌ ပုပ်ရဟန်းမင်းမှတစ်ပါး အမြင့်ဆုံးသော ရာထူးကို ထမ်းဆောင်ရသော်လည်း ကာဒင်နယ်ဂိုဏ်းချုပ်များသည် ဘာသာရေးတွင် ဂိုဏ်းအုပ်၊ ဂိုဏ်းချုပ်စသော ဘုန်းကြီးရဟန်းများကဲ့သို့ အခွင့်အရေး မရှိကြပေ။

၁၅၈၆ ခုနှစ်မှစ၍ ကာဒင်နယ်ဂိုဏ်းချုပ် ရာထူးပေါင်း အများဆုံး ၇၀ အထိ သတ်မှတ်ခဲ့၍ ကာဒင်နယ်ဂိုဏ်းချုပ် ရာထူးသက်တမ်းမှာ တသက်ပတ်လုံးဖြစ်သည်။ သို့သော် ၁၉၄၆ ခုနှစ်အထိ ကာဒင်နယ်ဂိုဏ်းချုပ်ပေါင်း ၇၀ ပြည့်သည်ဟု မရှိခဲ့ပေ။ ထို့အပြင် ကာဒင်နယ်ဂိုဏ်းချုပ် အဖွဲ့တွင် နိုင်ငံတိုင်းမှ ကိုယ်စားလှယ်များ ပါဝင်ရန် ရည်ရွယ်ရင်း ရှိသော်လည်း အီတာလျံလူမျိုးသာ အပါများသည်။ ၁၉၄၆ ခုနှစ်တွင် ၁၂ နှစ်မြောက် ပိုင်းယပ် ပုပ်ရဟန်းမင်းသည် ကာဒင်နယ်ဂိုဏ်းချုပ် အဖွဲ့တွင် အဖွဲ့ဝင်ဦးရေပြည့်အောင် ကာဒင်နယ်ဂိုဏ်းချုပ် အသစ် ၃၂ ဦး ထပ်မံခန့်ထားခဲ့သည်။ ထိုသို့ ခန့်ထားရာတွင် ဘာသာရေးသည် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည်ဟူသော သဘောပေါ်လွင်အောင် ၁၉ နိုင်ငံမှ ရွေးချယ်ခန့်ထားခဲ့သည်။

ကာဒင်နယ်ဂိုဏ်းချုပ်တို့၏ အဆောင်အယောင်များတွင် ဦးထုပ်သာမက ဝတ်ရုံများမှာလည်း အနီရောင်ဖြစ်သည်။ စတုတ္ထ အင်နိုဆင့် ပုပ်ရဟန်းမင်း လက်ထက်မှစ၍ ကာဒင်နယ်ဂိုဏ်းချုပ်များအား မိမိတို့၏ ဘာသာရေးဂိုဏ်းအတွက် သွေးမြေကျ ကြိုးပမ်းဆောင်ရွက်မည့်သူများဟူသော အထိမ်းအမှတ်ဖြင့် အနီရောင်ဦးထုပ်နှင့် ဝတ်ရုံများကို ဝတ်ဆင်စေခဲ့သည်။ ထို့ကြောင့် အနီရောင်များထဲတွင် အနီသွေးတစ်မျိုးကို ကာဒင်နယ်အနီရေင်ဟု ခေါ်စမှတ်ပြုကြသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

မြန်မာ့စွယ်စုံကျမ်း