ကလေးစာပေ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကလေးစာပေ

ကလေးစာပေ[ပြင်​ဆင်​ရန်​]

ဥရောပတိုက်တွင် ပုံနှိပ်စက် မပေါ်မီကပင် ကလေးသူငယ်များအဖို့ စာအုပ်စာတမ်းများ ရှိခဲ့သည်။ အဲလဖရစ်နှင့် အဲလကွင်တို့၏ ဂျင်စတာ ရိုးမနိုးရမ်ခေါ် စကားထာ များ၊ သင်ခန်းစာများ၊ အီစွပ်၏ ဒဏ္ဍာရီပုံပြင်များ စသည် တို့ကို အသက်အနည်းငယ်ကြီးသော ကလေးများ ဖတ်ရှုကြလေ သည်။ ထိုစာအုပ်များမှာ အထက်တန်းကျသော စာကြီးပေကြီး များ မဟုတ်စေကာမူ ယင်းတို့ကို ဖတ်ရှုသဖြင့် ကလေးများ သည် လူ့အကြောင်း လူ့လောကသမိုင်းများကို သိမြင်နိုင်လေ သည်။

ထိုနောက်တွင် ပေါ်ပေါက်ခဲ့သော ဂျွန်ဗန်ညင်၏ 'ယောက်ျားကလေးများနှင့် မိန်းကလေးများအဖို့ စာအုပ်'နှင့် 'ကလေးများအဖို့ တောရွာ ဘွဲ့တေးကဗျားများ'သည် ကလေး များကို သဘာဝနှင့်မိတ်ဆက်ပေးသည့်ပြင်၊ ကောင်းမြတ်သော ကိုယ်ကျင့် တရားများကိုလည်း မျိုးစေ့ချပေးလေသည်။ ကလေး သူငယ်များသည် ယောက်ျားကလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ၊ ကဗျာလင်္ကာများကို ရိုးရိုးစကားပြေများထက် ပို၍ နှစ်သက်ကြ ၏။ ထိုကြောင့် ကလေးတို့အကြိုက် စရိုက်ကိုလိုက်၍ မိခင် များသည် သားငယ်သမီးငယ်များကို ချော့မြှူသည့်အခါ၊ ထွေရာ လေးပါး စကားများဖြင့် မဟုတ်ဘဲ ကလေးချော့ကဗျာများ သီချင်းဂီတများဖြင့်သာ ချော့မြှူကာ အိပ်ဆေးကို ပေးလေ့ ရှိသည်။

စာရေးဆရာများသည်လည်း ကလေးတို့အတွက် စာစပ်မည် ရေးမည်ဟု ရည်ရွယ်လိုက်သည့်အခါ၊ သူတို့ ကိုယ်တိုင် ကလေးများနှင့်အတူ ရောနှောပျော်ရွှင်နေသကဲ့သို့ စိတ်ကူးပြီးမှ၊ တိရိစ္ဆာန်ကျေးငှက်ကလေးများအကြောင်း၊ သစ်ပင်၊ ရေမြေ၊ တောတောင်၊ အာကာသ စသည့် ဩကာသလောက ကြီးအကြောင်းတို့ကို ကလေးတို့ ဉာဏ်အမြင်မှီနိုင်သလောက် မျက်စိထဲတွင် ပေါ်လာအောင် သုတိသံ သာသာဖြင့် ရေးစပ် လေ့ရှိ၏။

ရှေးရိုးပုံပြင်များမှာ ကလေးစာပေပေါက်ဖွားရာ အရင်း မူလဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ယင်းတို့မှာလည်း ရှေးလူကြီး များ ပြောကြားလေ့ရှိသော ငလက်မပုံ၊ မောင်အကြီးပုံ၊ ရွှေယုန် နှင့်ရွှေကျား သက်ငယ်ရိတ်သွား၊ ကြက်မကြီးနှင့် ကြက်ကလေး၊ စင်ဒါရဲလား(စန္ဒမာလာ)၊ စနိုးဝှိုက်နှင့် လူပုလေး ခုနစ်ဖေါ် စသည်တို့ ဖြစ်၏။ ဤပုံကလေးများမှာ ဘယ်သောအခါမျှမရိုးနိုင်ဘဲရှိ သည့်ပြင်၊ ငယ်ရွယ်သော ကလေးသူငယ်များအဖို့ မှတ်သား အတုယူနိုင်သည့် သင်ခန်းစာများလည်း ပါဝင်သည်။ ကဗျာ များမှာလည်း ကလေးစာပေတွင် အကျုံးဝင် လျက်ရှိ၍၊ ယင်း တို့မှာ ဖိုးလမင်း၊ ကြောင်နှင့် ကြွက်၊ ကြောင်ကြီး မြီးတံတို၊ ဝါဆိုဝါခေါင်၊ ဥပုသ်စောင့်၊ ပြက္ခဒိန်၊ တောက်တဲ့ အစရှိသည် တို့ ဖြစ်၏။ အင်္ဂလိပ်စာပေတွင်ကား ကလေး ကဗျာများစွာ ရှိလေရာ 'ဂူစီဂူစီဂင်ဒါ၊' 'ခြောက်ပဲနိသီချင်း၊' 'ဂျက်ဟော်နာ ကလေး' 'မျက်မမြင်ကြွက်ကလေးသုံးကောင်' စသော ကဗျာ ကလေးများမှာ ကလေးတို့ နှုတ်ဖျားတွင် သီးနေသောကဗျာများ ဖြစ်ပေသည်။

သိမှတ်ဖွယ်ရာအဖြစ်ဖြာဟူသော စာအုပ်ကလေးများမှာ ကလေးသူငယ်များအဖို့ မိတ်ကောင်းဆွေကောင်းများနှင့် တူလေ သည်။ မိတ်ဆွေသူငယ်ချင်းတို့သည် မိမိတို့နှင့်နီးစပ်ရာ အကြောင်းအရာများ အားလုံးကို ဖေါက်သည်ချသဖြင့် သိရှိ နိုင်သကဲ့သို့၊ စာအုပ်များထဲ၌ ရေးသားထားသော ထူးခြားသည့် အကြောင်းအရာများ၊ နုယဉ်ဆန်းသစ်သည့် အတွေးအခေါ်များ၊ အဖိုးတန် အကြံဉာဏ်များကို တဆင့်တဆင့် ရရှိသဖြင့် ဗဟု သုတ ကျယ်ပြန့်လာနိုင်ပေသည်။ ကလေးသူငယ်များ၏ ပင်ကိုယ်အသိဉာဏ်ကို ထိုထို စာအုပ်ကလေးများမှ အကြောင်း အရာတို့က ထပ်လောင်း၍ ပိုမိုထက်သန်အောင် ပြုပြင်ပေး သည်။ လောကကြီးအကြောင်းကို ကိုယ်တွေ့ မဆည်းပူးနိုင် သေးမီ ကလေးများသည် စာတွေ့ဖြင့် ကောင်းကောင်း သိ နားလည်လာနိုင်သည်။ ကလေးတစ်ယောက်စီ တစ်ယောက်စီ၌ အကြိုက်တစ်မျိုးစီ ရှိကြ၏။ အချို့ကလေးက သဘာဝဆန်သော ပုံပြင်ကဗျာများကို ကြိုက်၍ အချို့က ရဲရင့်သည့် အဖြစ်သနစ် မျိုးကို ဖေါ်ပြသောပုံများ သို့မဟုတ် သူရဲကောင်းများအကြောင်း ကို ကြိုက်ပြီးလျှင်၊ အချို့ကလည်း တစ္ဆေသူရဲစသည်တို့ ပါဝင် သော ထိတ်လန့်စရာ အံ့ဩဖွယ်ရာပုံမျိုးကို ကြိုက်လေသည်။

စာအုပ်များမှာလည်း သူတို့အကြိုက်ကိုလိုက်၍ အမျိုးမျိုး အဖုံဖုံ ရေးသားထား၏။ ကလေးတို့၏ စိတ်ဓါတ်ကို ဆွဲဆောင်သော စာအုပ်များမှာ များသောအားဖြင့် ဒဏ္ဍာရီပုံပြင်များ၊ ထုံးဟောင်း ပုံပြင်များနှင့် ရှေးရိုးပုံပြင်များ ဖြစ်လေသည်။ ပသီပုံပြင်များမှာ နာမည်ကြီးသလောက်လည်း စာဖတ်သူများကို ဆွဲဆောင်နိုင် လေသည်။ ယင်းတို့ကို ဖတ်လိုက်လျှင် စာဖတ်သူ ကိုယ်တိုင် ဆန်းကြယ်လှသည့် တစ်တိုင်းတစ်နိုင်ငံသို့ ရောက်နေဘိသကဲ့သို့ စိတ်တွင် ထင်မြင်လာတတ်၏။

ရောမနှင့်ဂရိတို့၏ ထုံးဟောင်းပုံပြင်များတွင် အိုလင်းပတ် တောင်ထက်၌ စံမြန်းသော ဇုနတ်မင်းနှင့်တကွ နတ်သား နတ် သမီးများ၏ ဘဝစခန်းကို ဆန်းပြားဖွေနှည် စာမွန်ရည်ဖြင့် တင်ဆက်ထားလေရာ၊ ဖတ်ရသူ၏ စိတ်တွင် သာဓိနမင်းကြီးကို တာဝတိံသာမှ သိကြားမင်းက နတ်ရထားဖြင့်ပင့်သွား၍ နတ် လောကကို လှည့်လည်ပြနေဘိသကဲ့သို့ ထင်ရလေသည်။ ဤ ဂရိထုံးဟောင်းပုံပြင်များတွင် ပါဝင်သော နတ်သားနတ်သမီး များအကြောင်းကို ကလေးများ အလွန်နှစ်သက်ကြ၏။ ကလေး အရွယ်သည် မည်သည်ကိုမဆို ပြောလျှင် ယုံလွယ်မှတ်လွယ် အာရုံစိုက်လွယ်သောအရွယ်ဖြစ်၍ ဒဏ္ဍာရီပုံပြင်များကိုပင် အဟုတ်ထင်ကာ ဖတ်ချင်သော ဝါသနာ၊ နားထောင်ချင်သော ဆန္ဒများ တဖွားဖွား တက်ကြွလာတတ်သည်။

ဝတ္ထုများတွင်လည်း ကလေးများအတွက် 'တွမ်ဗရောင်း၏ ကျောင်းသားဘဝ'၊ 'ဟပ်ကယ်ဗဲရီဖင်း၏ စွန့်စားခန်းများ'၊ 'ရောဗင်ဆန်ကရူးဆိုး'၊ 'ဂါလီဗါ၏ခရီးစဉ်'၊ 'အေမီနှင့်ကလေး စုံထောက်များ' စသော ဝတ္ထုများ အပြင်၊ 'ဝမ်းဘဲကလေးပီတာ' စသော လွယ်ကူသည့် ပုံတိုကလေးများ အများအပြား ရှိပေ သည်။ ဤပုံတို ကလေးများမှာ ကလေးများနားလည်နိုင်သည့် စကားလုံးများနှင့် ရေးထား၍ ပုံနှင့်ဆီလျော်သော အရုပ်များကို ဆေးရောင်စုံဖြင့် ပုံနှိပ်ထားရာ၊ ရူပါရုံဗန်းပြပြီးလျှင် ကလေး များစိတ်ကို ဆွဲဆောင်ထားလေသည်။ ကလေးအရွယ်သည် အရုပ်နှင့်အဖေါ်လုပ်ကာ ပျော်ရသောအရွယ် ဖြစ်သည့်အတိုင်း၊ အရုပ်ဆိုလျှင် မကြည့်ရ မနေနိုင်၊ မကိုင်ရ မနေတတ်အောင် စွဲစွဲလမ်းလမ်း အာသာရှိတတ်ရကား၊ သူတို့နှစ်သက်သည့် အရုပ်ကားများကို ပုံပြင်ကဗျာတို့၏ အဓိပ္ပါယ်ပေါ်မှုနှင့် ကလေးစိတ်ကြိုက်အတွက် စာအုပ်များ၌ ထည့်သွင်းပေးရ လေသည်။

ကလေးများအား သူတို့၏ အမျိုးသားသမိုင်းကို နားလည် ထားနှင့်စေရန် ကလေးများအတွက် သမိုင်းပုံပြင် စာအုပ်များ လည်း ရှိပေသေးသည်။ ယင်းစာအုပ်များကို ပုံဝတ္ထုသဘော သို့မဟုတ် ပြဇာတ်သဘောဖြင့် ရေးသားထားတတ်ကြသည်။ ပမာအားဖြင့် မြန်မာနိုင်ငံသမိုင်းကို အနည်းငယ် သိထားစေရန် အတွက် ကျန်စစ်သား၊ နော်ရထာမင်းစော၊ နတ်သျှင်နောင် စသည်တို့၏ အကြောင်းများကို ပုံဝတ္ထုသဖွယ် လွယ်ကူ ရှင်းလင်းသည့် စကားလုံးတို့ဖြင့် ရေးသားထားလေသည်။ ထိုပြင် မထီးတူမ သမ္ဘူလပြဇာတ်၊ ဝက်ဝံမင်းသားပြဇာတ် စသော ကိုယ်ဟန်လက်ဟန် အမူအရာနှင့် ပြောပြနိုင်သည့်၊ တစ်နည်းလည်း ကလေးများကိုယ်တိုင် ဇာတ်ကောင်များအနေ နှင့် ပါဝင်၍ သဏ္ဍာန်လုပ် သရုပ်ဖေါ်ကာ ကပြနိုင်သည့် ပြဇာတ်စာအုပ် များလည်း ရှိလေသည်။

ကလေးများကို ဖျော်ဖြေရန် အင်္ဂလန်ပြည်၌ ကလေးစာအုပ် များကို ၁၇၄၄ ခုနှစ်တွင် အဦးဆုံး ထုတ်ဝေခဲ့သူမှာ ဂျွန်နျူးဗဲရီ ဆိုသူ ဖြစ်၏။ သို့သော် ဥရောပတိုက်တွင် ဒဏ္ဍာရီပုံပြင်များကို ၁၆၉၇ ခုနှစ်၌ အဦးဆုံးရေးသား၍ ထုတ်ဝေခဲ့သူမှာ ပြင်သစ် နိုင်ငံမှ ချားပဲရိုးဆိုသူ ဖြစ်သည်။ သူသည် ပြင်သစ်ဘုရင် ၁၄ ဆက်မြောက်လူဝီ လက်ထက်တွင် လူကြိုက်များသော ဒဏ္ဍာရီ ပုံပြင်များကို ရေးသားထုတ်ဝေခဲ့သည်။ သူသည် စင်ဒရဲလား (စန္ဒမာလာ)၊ မုတ်ဆိတ်ပြာနှင့် ဖိနပ်ကြီးနှင့် ကြောင်ကလေး စသောပုံတိုကလေးများကို ပြင်သစ် ဘာသာမှ အင်္ဂလိပ်ဘာသာ သို့ ပြန်ဆိုခဲ့လေရာ၊ အင်္ဂလိပ်စာတတ် ကလေးများပင် ပြင်သစ် ကလေးများနည်းတူ ထိုပုံပြင်များကို အသည်းစွဲ ဖြစ်နေကြ၏။ ယင်းတု့ိကို မြန်မာဘာသာသို့လည်း ပြန်ဆိုထားပြီဖြစ်ရာ မကြာ မီ အတွင်း မြန်မာ့ကလေးစာပေ မြှင့်တင်ရေးအတွက် ပုံပြင် များ၊ ကဗျာများ၊ ပြဇာတ်များ၊ အမြောက်အမြား ပေါ်ထွက်လာ ဖွယ်ရာ အကြောင်း ရှိပေသည်။

ကလေးများ၏ စာရိတ္တဗလ ကောင်းမွန်စေရန် အခြေခံသော ပုံကလေးများကို နာမည်ကျော် ကလေးပုံ ပြောဆရာမ မရီယာ အက်ဂျဝပ်က အများအပြား ရေးသားထုတ်ဝေခဲ့သည်။ သူ၏မိတ်ဆွေ သောမတ်ဒေးသည် ရူးဆိုး၏သဘောတရား များကို မှီငြမ်းပြု၍ ကလေးပုံပြင် စာအုပ်များကို ကြိုးကြိုးပမ်းပမ်း ရေးသားထုတ်ဝေခဲ့၏။'ဆင်းဖို့နှင့်မားတန်' အမည်ရှိ ကလေးများအဖို့ ပုံပြင်မှာ သောမတ်၏ အကောင်းဆုံး လက်ရာ ဖြစ်၍ ထင်ရှားလှပေသည်။ သောမတ်သည် ကလေးများအဖို့ ပျော်တော်ဆက်စာအုပ် များရေးရာ၌၎င်း၊ သနားစရာကောင်း သည့် ပုံပြင်များရေးရာ၌၎င်း၊ ထူးချွန်သူ ဖြစ်လေသည်။ သောမတ်ကဲ့သို့ ပါရမီအထုံ ပါလာသော ကလေးကဗျာ စာရေးဆရာများမှာ အန်းနှင့်ဂျိန်းတေလာ ညီအစ်မတို့ဖြစ်၏။ သူတို့၏ လက်ရာ ဖြစ်သည့် 'မှိတ်တုတ် မှိတ်တုတ် ငယ်သော ကြယ်'ဟူသော ကဗျာကလေးတစ်ပုဒ်တည်းနှင့်ပင် သူတို့၏ ကဗျာစွမ်းရည်ကို ကောင်းစွာ ချိန်ဆနိုင်ပေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)