ကလီယို ပတ်ထရာ ကျောက်တိုင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဤကျောက်တိုင်မှာ အမေရိကန်ရောက် ရှေးဟောင်း ကလီယို ပါးထရားကျောက်တိုင်ဖြစ်၍ နယးယော့မြို့ စင်ထရယ်ပတ် ဥယျာဉ်အတွင်း၌စိုက်ထူထားသည် အမြင့်ပေ ၆၇ ပေခန့်ရှိ၏ ၆၈ ၁။၂ ပေခန့်မြင့်သော အလားတူ ကျောက်တိုင်တတိုင်ကို အင်္ဂလန်ပြည် လန်ဒန်မြို့ ဝိတိုရိယ တာပေါ်တွင် စိုက်ထူထား သည်။ ယင်းတို့၏ သက်တမ်းမှာ နှစ်ပေါင်း ၃၅ဝဝ ခန့် ရှိ ပေသည်။

ကလီယို ပတ်ထရာ ကျောက်တိုင်[ပြင်​ဆင်​ရန်​]

ရှေးနှစ်ပေါင်း ၃၅ဝဝ ခန့် က အီဂျစ်နိုင်ငံတွင် တတိယ သော့သမီးဘုရင်ကြီးသည် ဟီလီ ယိုပိုလစ်မြို့၌ စံနေတော်မူခဲ့၏။ ဟီလီယိုပိုလစ်၏ အဓိပ္ပါယ်မှာ ရေမြို့တော်ဖြစ်လေသည်။

သော့သမီးဘုရင်သည် ယခုအခါ နိုင်းမြစ်ပေါ်ရှိ အက်ဆွမ်း မြို့အနီး ဆိုင်အီးနီး ကျောက်ကျင်းများမှ တန်ချိန် ၂ဝဝ ခန့် စီရှိသော အလွန်ကြီးမား ရှည်လျားသည့် လုံးချင်းကျောက်တိုင် တစ်စုံကို တူးယူစေ၍ မြစ်သို့အရောက်သူ၏ကျေးကျွန်များကို ဆွဲယူစေခဲ့၏။ ထိုနောက် မြို့တော်သို့ရောက်အောင် မြစ်ကြော တစ်လျှောက် ဖေါင်ဖြင့် မျှောယူခဲ့သည်။ မြို့တော်သို့ ရောက် သောအခါ ဘုရင်၏ဘုန်းတန်ခိုးထင်ရှားစေရန်နှင့် နေနတ်သား ကို ပူဇော်ပသရန် ထိုကျောက်တိုင်ကြီးများကို စိုက်ထူးစေခဲ့လေ သည်။ ထိုကျောက်တိုင်ကြီးများကို ကလီယို ပတ်ထရာ ဇာထိုး အပ်များဟူ၍ ခေါ်ဝေါ်သမုတ်ကြသော်လည်း၊ ထိုဘုရင်မနှင့် တစ်စုံတစ်ရာ မသက်ဆိုင်ပေ။ ထိုကျောက်တိုင်များသည် လေး မြှောက်ဖြစ်ပြီးလျှင်၊ အဖျားဖက်သို့ ရှူးသွားကာ ချွန်နေသဖြင့် ဇာထိုးအပ်ဟု တင်စား၍ ခေါ်ခြင်း ဖြစ်လေသည်။ ဒုတိယ ရမ်မီးဆီးဘုရင် လက်ထက်သို့ရောက်သောအခါ ထိုကျောက်တိုင်ကြီးများကို အလက်ဇန္ဒြီးယားမြို့ရှိ နန်းတော် သို့ ရွှေ့ပြောင်း စိုက်ထူးထားခဲ့သည်။ ထိုမြို့တွင် နှစ်ပေါင်း ၂ဝဝ နီးပါးမျှ တည်နေခဲ့ပြီးနောက်၊ ပြိုလဲသဖြင့် မြေဖုံးသွားရာ ထိုကျောက်တိုင်များသည် နှစ်ပေါင်းအတန်ကြာမျှ တိမ်မြုပ်နေ ခဲ့လေသည်။ ၁၈ဝ၁ ခုနှစ်သို့ ရောက်မှ ဆာရပ်အက်ဗါ ကရွမ်ဗီသည် ထိုကျောက်တိုင်များကို တူးဖော်တွေ့ရှိခဲ့သည်၊ အက်ဗာကရွမ်ဗီသည် ထိုကျောက်တိုင်များကို အင်္ဂလန်ပြည်သို့ ယူဆောင်ပြီးနောက်၊ သူ၏ အောင်မြင်မှုကို အမှတ်တရ ဖြစ်စေ ခြင်းငှာ အထိမ်းအမှတ်တိုင်အဖြစ်ဖြင့် စိုက်ထူထားလို၏။

ထိုသို့သယ်ယူရန် စားရိတ်စားခအတွက် သူနှင့်သူ့မိတ်ဆွေ များသည် ပေါင် ၇ဝဝဝ ပင် စုဆောင်းထားခဲ့ကြ၏။ သို့သော် ဆာရပ်၏ အကြံအစည်ကား အထမမြောက်ဘဲ ရှိခဲ့၏။ ထိုမျှလောက် ထုထည်ကြီးမား၍ ရှည်လျားသော ကျောက်တိုင်ကြီးကို အီဂျစ်နိုင်ငံမှ အင်္ဂလန်ပြည်သို့ သယ်ယူ သွားရန်မှာ မလွယ်ကူလှပေ။ အင်္ဂလန်ပြည်တွင် စတုတ္ထ ဂျော့ ဘုရင် နန်းတက်စဉ်က အီဂျစ်ဘုရင်ခံ မေဟီမတ် အလီသည် ဂျော့ဘုရင်အား နန်းတက်ပွဲအထိမ်းအမှတ် လက်ဆောင်အဖြစ် ထိုကျောက်တိုင်ကြီးကို ပေးအပ်ဘူးရာ၊ ဂျော့ ဘုရင်က ငြင်းပယ်ခဲ့လေသည်။

၁၈၇၇ ခုနှစ်သို့ ရောက်သောအခါ ဆာ အီရက်ဇမမ်ဝီ လဆန် ဆိုသူက စရိတ်ကြေးငွေ စိုက်ထုတ်ပေးသဖြင့် ဆာဂျိမ်း အယ်လက်ဇန္ဒာသည် ထိုကျောက်တိုင်ကြီးကို အင်္ဂလန်ပြည်သို့ သယ်ယူရန် တာဝန်ယူခဲ့လေသည်။ ထိုကျောက်တိုင်ကြီးကို အလွန်ခဲယဉ်းစွာ သယ်ယူခဲ့ရ၏။ အယ်လက်ဇန္ဒြီးယားမြို့ ဆိပ်ကမ်းတွင် ကျောက်တိုင် ကိုငုံ၍ ပြောင်းသဏ္ဌာန် အခေါင်း ရှည် အိမ်ကြီး (ဝါ)သေတ္တာကြီး ပြုလုပ်ပြီးလျှင်၊ အောက်တွင် သင်္ဘောဧရာကဲ့သို့ ဧရာခံပေးပြီးနောက် တက်မလည်း တပ်ဆင် ပေးရသည်။ ထိုကျောက်တိုင်ကို လူ ၆ ယောက်ထိန်းလျက် အတူလိုက်ပါနိုင်ရန် အခန်းတစ်ခုကိုလည်း ဆောက်လုပ် ပေးရသည်။ ထိုနောက် မီးသင်္ဘောနှစ်စင်းဖြင့် ဆွဲယူရန် စီစဉ်ခဲ့လေသည်။

သို့သော် ပင်လယ်သို့ မရောက်မီ ကျောက်တိုင်ကြီးသည် ရှေးဟောင်း သင်းချိုင်းတွင်းကြီးတခုထဲသို့ ကျသွားခဲ့၏။ တွင်းထဲမှ ခဲခဲယဉ်းယဉ်း ထုတ်ယူပြီးနောက်၊ ပင်လယ်ထဲသို့ ဆွဲယူသည့်အခါ၊ ကျောက်ဆောင်တစ်ခုနှင့် တိုက်မိသဖြင့် နစ်မြုပ်သွားပြန်ရာ တစ်ဖန် ဆယ်တင်ရပြီးလျှင်၊ အပျက် အစီးများကို ပြင်ဆင်၍ အင်္ဂလန်ပြည်သို့ သင်္ဘောဖြင့် တဖြည်းဖြည်း ဆွဲယူခဲ့ရလေသည်။ သို့ရာတွင် အင်္ဂလန်ပြည်သို့ မရောက်မီ လမ်းခရီး၌ ဗစကေးပင်လယ်အော်သို့ ရောက်သောအခါ လှိုင်းလေအလွန် ပြင်းထန်သဖြင့် ဆွဲယူ လာသော သင်္ဘောသည်ကြိုးကို ဖြတ်၍ ထိုသေတ္တာရှည်ကြီးကို မျှောလိုက်ရသည်။ သို့သော် ကံအားလျော်စွာ အခြား အင်္ဂလိပ် သင်္ဘောတစ်စင်းကတွေ့၍ ဆွဲယူလာသဖြင့်၊ ထိုကျောက်တိုင်ကြီး သည် အင်္ဂလန်ပြည်သို့ ချောမောစွာ ဆိုက်ရောက်သွားလေ သည်။ ထိုကျောက်တိုင်ကြီးသည် အလျား ၆၈ ပေခွဲ ရှည်၍ ၁၈၆ တန်ခန့် စီးပြီးလျှင် နှင်းဆီသွေးရောင်ရှိသော နှမ်းဖတ်ကျောက် မျိုးဖြစ်သည်။ ထိုကျောက်တိုင်ကို လန်ဒန်မြို့ရှိ ဝိတိုရိယပေါ် တွင် ၁၈၇၈ ခု စက်တင်ဘာလ ၁၂ ရက်နေ့၌ စိုက်ထူးပြီးလျှင် အောက်ခုံတစ်ဖက်တစ်ချက်၌ ကြေးညိုစဖင့်ရုပ် တစ်ရုပ်စီထား ရှိသည်။အီဂျစ်နိုင်ငံ၌ ကျန်ရစ်ခဲ့သော အလားတူ ကျောက်တိုင်တစ်ခု ကို အမေရိကန် ပြည်ထောင်စုနိုင်ငံ နယူးယော့မြို့သို့ ၁၈၇၉ ခုနှစ်တွင် ယူဆောင်ခဲ့၍၊ ၁၈၈၁ ခုနှစ်တွင် စင်ထရယ်ပတ် ဥယျာဉ်အတွင်း၌ စိုက်ထူးထားရာ၊ ထိုကျောက်တိုင်မှာ ၆၇ ပေ ခန့် မြင့်လေသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)