ကလိုက်၊ ရောဘတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အိန္ဒိယတွင် ဗြိတိသျှအာဏာကို အခြေစိုက်ပေးခဲ့သူ ကလိုက် အာ

ကလိုက် အာ (ခရစ် ၁၇၂၅-၁၇၇၄)[ပြင်​ဆင်​ရန်​]

နောင်အခါတွင် ပလက်ဆီးစာ ဘေရွန်ဘွဲ့ရသူ ရောဗတ်ကလိုက်သည်ကား အိန္ဒိယနိုင်ငံတွင် ဗြိတိသျှတို့လွှမ်းမိုးနိုင်ရန် စတင်အခြေစိုက် ပေးခဲ့သူ ဖြစ်ပေသည်။ ထိုပုဂ္ဂိုလ်ကြီးသည် အုပ်ချုပ်ရေး တွင်လည်းကောင်း၊ စစ်မှုရေးရာတွင်လည်းကောင်း၊ ထူးခြားလှသော စွမ်းရည်သတ္တိ နှင့်ပြည့်စုံသူလည်း ဖြစ်လေသည်။ အချို့က လော့နော့သည် အမေရိကတိုက်သို့ ဗိုလ်ချုပ်ဗါဂွိုင်းကို လွှတ်မည့်အစား ကလိုက်ကို လွှတ်ခဲ့လျှင် အမေရိကန်လွတ်လပ်ရေးစစ်ပွဲသည် တစ်မျိုးတစ်ဖုံ အဆုံးသတ်စရာအကြောင်း ရှိသည်ဟုပင် ဆိုလေသည်။

ရောဗက်ကလိုက် အောင်ပွဲရလိုက်သောပလက်ဆီးတိုက်ပွဲ

ကလိုက်သည် ရှရော့ရှိုင်ယာနယ်တွင် ၁၇၂၅ ခု စက်တင်ဘာလ ၂၉ ရက်နေ့၌ မွေးဖွား၍ ကျောင်းနေစဉ်အခါက ဆိုဆုံးမခက်သော သူငယ်တစ်ဦးဖြစ်၏။ အသင့်အတင့် မျှသာ ပညာသင်ကြားတတ်မြောက်ခဲ့၍ ၁၈ နှစ်အရွယ်တွင် အိန္ဒိယနိုင်ငံ အရှေ့အိန္ဒိယကုမ္ပဏီသို့ သွားရောက်ကာ စာရေးအဖြစ် အမှုထမ်းခဲ့သည်။ ထိုအချိန်ကား အရှေ့အိန္ဒိယကုမ္ပဏီသည် ဂွတ်ဒ်ဟုပ်အငူ အရှေ့ဘက်ရှိ ဗြိတိသျှပိုင် နယ်သစ်များကို အုပ်ချုပ် နေရစဉ်အခါဖြစ်၏။ ထိုပြင် အိန္ဒိယနိုင်ငံရှိ ဗြိတိသျှ နှင့် ပြင်သစ်အရှေ့အိန္ဒိယ ကုမ္ပဏီများသည် အိန္ဒိယ၌ အာဏာ လွှမ်းမိုးရန် အကြံချင်းတူနေသဖြင့် ရန်သူများဖြစ်လျက် မာန်စောင်နေကြသောအခါလည်း ဖြစ်၏။ ၁၇၄၆ ခုတွင်ကား ပြင်သစ်တို့သည် ဗြိတိသျှတို့အား အိန္ဒိယမှ အပြီးအပိုင်နှင်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် မဒရပ် မြို့ကို တိုက်ခိုက်ခဲ့လေသည်။ ထိုအခါ စာရေးအလုပ်ဖြင့် ပျင်းပျင်းရိရိ အမှုထမ်းနေရသော ကလိုက်အဖို့ တစ်မျိုးတစ်ဖုံ အမှုထမ်းရန် အခါအခွင့်ရရှိခဲ့၏။ ပြင်သစ်တို့ကို ပြန်လည် ခုခံ တိုက်ခိုက်သော ကုမ္ပဏီ၏စစ်တပ်တွင် ကလိုက်သည် အလံ ကိုင်ဗိုလ် အဖြစ်ဝင်ရောက်ဆောင်ရွက်ခဲ့လေသည်။ သို့သော် စစ်မှုရေးရာအစွမ်းအစကို မပြလိုက်ရသေးမီ ပြင်သစ်နှင့် ဗြိတိသျှတို့ စစ်ရပ်ဆဲလိုက်ကြသည်။

သို့ရာတွင် ကလိုက်သည် သူ၏အစွမ်းအစပြသရန် အခါအခွင့်ကို မကြာမီ ရရှိခဲ့လေသည်။ တစ်ခါသော် ပြင်သစ်နှင့် ဗြိတိသျှတို့သည် တိုင်းရင်းသား စော်ဘွား နယ်တစ်နယ်၏ ရိုက်ရာဆက်ခံရေးတွင် တစ်ဖက်စီ ဝင်ရောက်စွက်ဖက်ကြရာမှ ယှဉ်ပြိုင်တိုက်ခိုက်ကြသော အခြေအနေသို့ပင် ဆိုက်ရောက်ခဲ့ကြရ၏။ ပြင်သစ်တို့က ထောက်ခံသော စော်ဘွားလောင်းချန္ဒာ ဆာဟစ်သည် အင်အားနည်းသော ဗြိတိသျှတပ်စုတစ်စု စောင့်ရှောက် ထိန်းသိမ်းထားသည့် ထရစ်ချီနော့ပိုလီမြို့ကို အလုံးအရင်းနှင့် တိုက်ခိုက်သဖြင့် ထိုမြို့ကျဆုံးလုဆဲဆဲ ရှိနေသောအခါ၊ ချန္ဒာ ဆာဟစ်၏ အင်အားကွဲသွားစေရန် ရည်ရွယ်ချက်ဖြင့် ထိုအရေး စတင်ရာ ကာနယ်တစ်နယ်၏မြို့တော် အားကော့မြို့ကို အကာ အကွယ် မရှိသည့်အခိုက်၊ ဥရောပတိုက်သားစစ်သည် တော် ၂ဝဝ စစ်ဗါရီ ၃ဝဝ မျှနှင့် ကလိုက်သည် တိုက်ခိုက်သိမ်းယူ လေသည်။

ထိုအခါ ချန္ဒာဆာဟစ်သည် အင်အားကောင်းလှသော တပ် ကြီးတစ်တပ်ကို သူ့သားကိုယ်တိုင်ဦးစီး၍ စေလွှတ်လိုက်ရာ၊ ကလိုက်တို့လူစုမှာ အင်အား အဆမတန်ကြီးမားသော ရန်သူ တပ်ကြီး၏ ဝိုင်းဝန်းတိုက်ခိုက် ခြင်းကို ခံခဲ့ရ၏။ သို့သော် ကလိုက်သည် မြို့ကိုရန်သူတို့ လက်သို့မကျအောင် သိမ်းပိုက် ထားခဲ့ပြီးနောက် ၅၃ ရက်တိုင်တိုင် ရန်သူတို့ကို တွန်းလှန် တိုက်ထုတ်နိုင်ခဲ့သည်။ ယင်းသို့ အင်အားချင်းမမျှဘဲ များပြား သည့်ရန်သူတို့ကို တွန်းလှန်နိုင်ခဲ့သည့်အတွက် ကလိုက်၏ ဂုဏ်သတင်းမှာ ထင်ရှားကျော်ကြားလာလေသည်။

ထိုနောက်ပင် ရန်သူတို့၏ အဝိုင်းခံနေရသော ထရစ်ချီနော့ပိုလီမြို့ကိုလည်း ကလိုက် ကယ်တင်ခဲ့လေသည်။ ထိုပြင် ကို့ဗလောင်းနှင့် ချင်ဂလာပတ် ခံတပ်များကိုလည်း တိုက်ခိုက်သိမ်း ပိုက်ခဲ့၏။ သို့နှင့် အင်္ဂလိပ်တို့ ထောက်ခံသော စော်ဘွား လောင်း မဟာမက်အလီသည် ကာနက်တစ်နယ်နာဝပ် စော်ဘွား အဖြစ် ရရှိသွားလေသည်။

၁၇၅၃ ခုနှစ်တွင် ကလိုက်သည် အင်္ဂလန်သို့ပြန်လာပြီးသော် အတန်ကြာ နေထိုင်ခဲ့သည်။ သို့နေထိုင်စဉ် ပါလီမန် အမတ် အဖြစ် အရွေးခံခဲ့ရ၏။ ၁၇၅၆ ခုနှစ်တွင် ကလိုက်အား အိန္ဒိယ သို့ ယခုအခါ မဒရပ်မြို့ဟုခေါ်တွင်သည့် ဖို့စိန် ဒေးဗစ်မြို့၏ ဘုရင်ခံအဖြစ် ခန့်ထား၍ စေလွှတ်ခဲ့သည်။

ထိုအတောအတွင်း စူးရားဂျွတ်ဒေါင်လာအမည်ရှိ ဘင်္ဂလား နယ် နာဝပ်စော်ဘွားသည် ကာလကတ္တားမြို့ကို သိမ်းပိုက်ခဲ့ပြီး နောက် ဗြိတိသျှလူမျိုး ယောက်ျားမိန်းမနှင့် ကလေး ၁၄၆ ယောက် တို့ကို ကာလကတ္တားရှိ အလုံထောင်အတွင်း ပိတ် လှောင်အကျဉ်းချထားခဲ့ရာ လေကောင်းစွာ မရှူရသောကြောင့် တစ်ညအတွင်းပင် ၁၂၃ ယောက် သေဆုံးခဲ့ကြရ၏။ ထိုကိစ္စကို 'ကာလကတ္တား အလုံထောင်ကိစ္စ'ဟု ခေါ်ဝေါ်ကြ၍ ဗြိတိသျှတို့မှာ များစွာ မခံမရပ်နိုင်အောင် ဖြစ်ခဲ့ကြလေသည်။ ထို့ကြောင့် ကလိုက်မှာ မဒရပ်သို့ ရောက်လျှင် ရောက်ခြင်းဆို သလိုပင် ကာလကတ္တားမြို့ကို သိမ်းပိုက်ရန် တာဝန်လွှဲအပ်ခြင်း ခံရသဖြင့် ရေကြောင်းမှ ချီတက်၍ ကာလတ္တားမြို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ခဲ့လေသည်။ ယင်းသည့်အရေး တွင် အင်အား တောင့်တင်းလှသော စော်ဘွားစစ်တပ်ကြီးကို ကလိုက်သည် အင်အားအဆမတန် နည်းပါးလှသော သူ၏ တပ်နှင့် တိုက်ခိုက်အောင်မြင်ခဲ့ပေသည်။

ဤသို့ဖြင့် စော်ဘွားမှာ စစ်ပြေငြိမ်းရန် စကားကမ်းလှမ်းခဲ့ ရပြီးသော်၊ ဗြိတိသျှတို့အဖို့ အကျိုးရှိစေမည့် စစ်ပြေငြိမ်းရေး စာချုပ်ကို လက်ခံလိုက်ရ၏။ ထိုနောက် ပြင်သစ်ပိုင် ချန္ဒနဂိုရ် မြို့ကိုလည်း တိုက်ခိုက် သိမ်းပိုက် ဖျက်စီးပစ်လိုက်လေသည်။ သို့သော် မကြာမီ ကလိုက်သည် ထိုစော်ဘွားအား ရာထူးမှချ၍ စော်ဘွား၏ စစ်သေနာပတိ မီရာဂျက်ဖါးအား၊ စော်ဘွား၏ နေရာတွင်တင်ရန် အစီအစဉ်တစ်ရပ်ကို လျှို့ဝှက်စွာ ပြုလုပ်ခဲ့ လေသည်။ ထိုကြောင့် ၁၇၅၇ ခုနှစ်တွင် လူ ၃ဝဝဝ ပါဝင် သောတပ်နှင့် စော်ဘွား စူရားဂျွတ်ဒေါင်လာကို တိုက်ရန် ထွက် လာခဲ့ရာ ပလက်ဆီးကွင်းပြင်တွင် လူ ၅ဝဝဝဝ ပါသော စော်ဘွားတပ်ကြီးနှင့် ဆုံမိလေသည်။ ထိုသို့ အင်အားချင်း မမျှဘဲ ဖြစ်နေသော်လည်း စော်ဘွားကြီး၏တပ်မှာ ကလိုက် စစ်တပ်၏ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုကို မခံရပ်နိုင်သဖြင့် မရှုမလှ အရေးရှုံးနိမ့်ရလေသည်။ ယင်းသို့ ပလက်ဆီးတိုက်ပွဲတွင် အောင်ပွဲရလိုက်ခြင်းဖြင့် ကလိုက်သည် အိန္ဒိယနိုင်ငံ၌ ဗြိတိသျှ တန်ခိုးအာဏာကို အထွက်အထိပ်သို့ရောက်အောင် စွမ်းဆောင် ခဲ့လေသည်။

ထိုပြင် ကလိုက်၏အကူအညီကြောင့် မီရာဂျက်ဖားမှာ ဘင်္ဂလားနယ်၏ နာဝပ်စော်ဘွား ဖြစ်လာလေရာ ကလိုက်အား ကောင်းစွာကျေးဇူးဆပ်သဖြင့် သူဌေးဖြစ်လောက်အောင် ပစ္စည်း ဥစ္စာများ ရရှိခဲ့၏။ ထိုမျှမကသေး မီရာဂျက်ဖါးသည် စော်ဘွား ဖြစ်လာသော်လည်း ကလိုက်ကသာ စီမံခန့်ခွဲ အုပ်ချုပ်ခဲ့လေ သည်။ ၁၇၆ဝ ပြည့်နှစ်တွင် ကလိုက်သည် အင်္ဂလန်ပြည်သို့ ပြန်သွား၏။ အင်္ဂလန်သို့ ပြန်ရောက်သောအခါ အထူးတလည် ချီးမြှင့်မြှောက်စားခြင်းခံရသည့်ပြင် ရှရူးစဗါရီနယ်မှ ပါလီမန် အမတ်အဖြစ်လည်း ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ ၁၇၆၂ ခုနှစ်တွင် ဗဲလွန်အဆင့်အတန်းဖြင့် သူကောင်းပြုခြင်း ခံရလေသည်။

၁၇၆၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံရှိ ဗြိတိသျှလူမျိုးတို့၏ အခြေအနေမှာ အတော်ပင် ဆိုးရွားလာသဖြင့် ကလိုက်မှာ အိန္ဒိယသို့ ဘင်္ဂလားနယ်၏ ဘုရင်ခံနှင့်သေနာပတိအဖြစ် ပြန်သွားရပြန်သည်။ ကလိုက်ရောက် သွားသောအခါ မဂို ဧကရာဇ်ဘုရင် ရှာအလမ်နှင့် သင့်တင့်စွာဆက်ဆံနိုင်အောင် ဆောင်ရွက်ခဲ့၏။ ထိုကြောင့်လည်း မဂိုဧကရာဇ်က အရှေ့ အိန္ဒိယကုမ္ပဏီအား ဗီဟား၊ ဩရိဿနှင့် ဘင်္ဂလားနယ်တို့မှ အခွန်ကောက်ခံပေးရန် စေခိုင်းခြင်း ခံရလေသည်။ ထိုအခါ အရှေ့အိန္ဒိယကုမ္ပဏီမှာ ထိုနယ်များကို အုပ်ချုပ်သူများသဖွယ် ဖြစ်လာသည့်ပြင် အကျိုးအမြတ်များလည်း များစွာခံစားခဲ့ရ ပေသည်။ ထိုပြင် ကလိုက်သည် စစ်တပ်ကို ပြန်လည်ပြုပြင် ဖွဲ့စည်းခဲ့၍၊ ဘင်္ဂလားနယ် မြို့ပြအုပ်ချုပ်ရေးစနစ်များကိုလည်း တိုးတက်ကောင်းမွန်အောင် ပြုပြင်ပေးခဲ့လေသည်။ ၁၇၆၇ ခုနှစ် တွင် ကလိုက်သည် အင်္ဂလန်သို့ ပြန်သွားပြန်၏။

ယင်းသို့ အိန္ဒိယ၌ ဗြိတိသျှ၏အာဏာစက် တည်တံ့ခိုင်မြဲ ရေးကို ဆောင်ရွက်ခဲ့ပြီး ပြန်လာခဲ့သော ကလိုက်အား အောက် လွတ်တော်တွင် အိန္ဒိယ၌ သူပြုခဲ့သည့် အချို့သောကိစ္စများနှင့် စပ်လျဉ်း၍ မလိုသူများက လာဘ်စားသူတစ်ဦးအဖြစ်ဖြင့်၎င်း၊ ကိုယ်ကျိုးရှာသူတစ်ဦး အဖြစ်ဖြင့်၎င်း၊ စွပ်စွဲပြောဆိုခြင်း ပြုခဲ့ ကြသည်။ ထိုကြောင့် ပါလီမန်က စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း စုံစမ်းစေလျက် သူ၏ဆောင်ရွက်ချက်အချို့ကို ရှုတ်ချသည့် အဆိုများ တင်သွင်းခဲ့သော်လည်း ကလိုက်မှာ ဗြိတိသျှ အင်ပိုင်ယာ၏အကျိုးကို ဆောင်သူအဖြစ် မှတ်တမ်း တင်ခံရသည့်အပြင် စွပ်စွဲချက်များမှာလည်း ရှင်းလင်းပြေလည် သွား၏။ သို့သော် ကလိုက်မှာ အိန္ဒိယတွင် အတော်ပင် ကြိုးကြိုးပမ်းပမ်း ဆောင်ရွက်ခဲ့သောကြောင့် ကျန်းမာရေး ချို့တဲ့နေခိုက် ထိုသို့ စွပ်စွဲပြောဆို အရေးယူခြင်း ခံရသောအခါ စိတ်တွင် အတော်ပင်ထိခိုက်သွားရုံသာမက ကျန်းမာရေး အခြေအနေမှာ ပို၍ ဆိုးရွားခဲ့လေရာ ၁၇၇၄ ခု နိုဝင်ဘာလ ၂၂ ရက်နေ့တွင် သူ့ကိုယ်သူ အဆုံးစီရင်လိုက်လေသည်။ ယင်းသို့ဖြင့် အိန္ဒိယနိုင်ငံတွင် ဗြိတိသျှ၏အင်ပိုင်ယာ တည်ဆောက် ပေးခဲ့သူတဦးမှာ မိမိဆောင်ရွက်ကြိုးပမ်းမှုများအတွက် ဂုဏ်မယူရဘဲ ရှက်စိတ်ကြီးစွာဖြင့် ဘဝသိမ်းသွားရရှာလေသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)