ကရူးဆိုး၊ ရော်ဗင်ဆန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ရော်ဗင်ဆန် ကရူးဆိုး[ပြင်​ဆင်​ရန်​]

ကျေးငှက်ကြောင်ခွေးတို့ကိုသာ အဖေါ်ပြုခဲ့ရရှာသူ ကရူးဆိုး

ဒန်းနယဲ ဒီဖိုးရေးသားသော ရော်ဗင် ဆန်ကရူးဆိုးဝတ္ထုကို ကြားဘူးကြပေမည်။ ထို ဝတ္ထုမှာ စာရေး ဆရာ၏ ထိုးထွင်းဉာဏ်သက်သက်ဖြင့် ရေးသားသော ဝတ္ထု မဟုတ်ဘဲ တကယ်အဖြစ်အပျက် တစ်ခုကို မူတည်လျက် ရေးသားခြင်းဖြစ်သည်။ ဝတ္ထုတွင် ဇာတ်အိမ်တည်ထားသော ကျွန်းကလေးမှာ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံ ကမ်းခြေမှ မိုင် ၄ဝဝ အကွာတွင်ရှိသော ဂျူအန်ဖါနန်းဒက် ကျွန်းစုတွင် ပါဝင်လေသည်။

ဒီဖိုးသည် ရော်ဗင်ကရူးဆိုး ဝတ္ထုကို ရေးသားရာတွင် ထို ကျွန်းကလေးသို့ ကိုယ်တိုင်ရောက်ရှိ၍ နေထိုင်ခဲ့ရသော အယ်လက်ဇန္ဒာ ဆဲလကတ်၏ ကိုယ်တွေ့စွန့်စားခန်းတို့ကို မှီငြမ်းပြု၍ ရေးသားထားကြောင်း သိရ၏။ ထိုကြောင့် ကရူး ဆိုးသည် ဆဲလကတ်ဖြစ်ကြောင်း ထင်ရှားသည်။ အယ်လက် ဇန္ဒာ ဆဲလကတ်ကား ၁၆၇၆ ခုနှစ်တွင် မွေးဖွား၍ ၁၇၂၁ ခုနှစ်တွင် အနိစ္စရောက်ခဲ့သော ဗြိတိသျှလူမျိုး သင်္ဘောသား တစ်ဦး ဖြစ်လေသည်။

ဆဲလကတ်သည် အင်္ဂလန်ပြည် ဖိုက်ရှိုင်ယာနယ် လားဂိုး ကျေးလက်တွင် ဖွားမြင်၍၊ လူလားမြောက်သောအခါ သင်္ဘော သားအဖြစ် အသက်မွေးခဲ့၏။ ထိုအချိန်တွင် အင်္ဂလန်နှင့် စပိန် နိုင်ငံတို့သည် စစ်ဖြစ်လျက် ရှိကြရာ၊ ဆဲလကတ်သည်လည်း ရန်သူ စပိန်သင်္ဘောများကို တိုက်ခိုက်ရာ၌ ကူညီဆောင်ရွက်ရန် တောင်ပင်လယ်ဟု ခေါ်တွင်သော ပစိဖိတ် သမုဒ္ဒရာသို့ ထွက် ခွာလာခဲ့သည်။ တဖန် ၁၇ဝ၄ ခုနှစ်တွင် အင်္ဂလိပ် ရွက်သင်္ဘော တစ်စင်း၌ မာလိန်အဖြစ် အမှုထမ်း၍ ပင်လယ်ခရီး ထွက်ခဲ့ ပြန်ရာ၊ လမ်းခရီးတွင် သင်္ဘော ကပ္ပီတန်နှင့် မသင့်မမြတ် ဖြစ် သောကြောင့် မိမိအား နီးရာကျွန်းတစ်ကျွန်း၌ ချထားခဲ့ရန် ပြောလေသည်။ ထိုအချိန်တွင် ရွက်သင်္ဘောသည် တောင်ပိုင်း ပစိဖိတ်ဒေသရှိ ဂျူအန်ဖါနန်းဒက် ကျွန်းကလေးအနီးမှ ဖြတ် သွားလျက်ရှိသဖြင့် ဆဲလကတ်ကို ထိုကျွန်းပေါ်သို့ ချထားခဲ့ သည်။ သင်္ဘောကို ကမ်းမှခွာတော့မည် အပြုတွင် ဆဲကလတ် သည် သူ၏အမှားကို နောင်တရကာ သူ့ကို ထားမပစ်ခဲ့ဘဲ ပြန် ခေါ်သွားရန် တောင်းပန်ပြန်သည်။ သို့ရာတွင် ကပ္ပီတန်သည် သူ၏တောင်းပန်ချက်ကို မလိုက်လျောဘဲ သင်္ဘောကို ကမ်းမှ ခွာ၍ ခရီးဆက်လက် ထွက်ခဲ့လေသည်။ ဤသို့ဖြင့် လူသူ ကင်းမဲ့သော ကျွန်းကလေးပေါ်တွင် ဆဲလကတ်သည် တစ် ယောက်ထီးတည်း နေထိုင်ခဲ့ရရာ လေးနှစ်နှင့် လေးလမြောက် သော ၁၇ဝ၉ ခု ဇန်နဝါရီလတွင်မှ ထိုကျွန်းကလေးအနီးသို့ ဖြတ်သန်းသွားသော အင်္ဂလိပ်ရွက်သင်္ဘောတစ်စင်းက တွေ့ရှိ သဖြင့် ကယ်ဆယ်ခဲ့ရလေသည်။

ထိုလေးနှစ်ကျော် ကာလအတွင်း၌ ဆဲလကတ်သည် ကျွန်း ကလေးအနီးမှ သင်္ဘောများ မကြာခဏ ဖြတ်သန်းသွားသည်ကို လှမ်း၍ မြင်ရသော်လည်း၊ ထိုသင်္ဘောများပေါ်မှ လူများ ကြား သိအောင် အော်ဟစ် ခေါ်ငင်ရန် မတတ်နိုင်သဖြင့် သောင်တင် လျက် နေခဲ့၏။ တစ်ခါ၌ကား သင်္ဘောတစ်စင်းသည် ကျွန်း ကလေး၏ ကမ်းခြေသို့ အလွန်နီးကပ်စွာ ဆိုက်ကပ်လာသည် တွင်၊ ဆဲလကတ်သည် ဝမ်းသာအားရ ပြေး၍ကြည့် လိုက်ရာ ရန်သူစပိန်နိုင်ငံမှ သင်္ဘောဖြစ်နေသောကြောင့်၊ အကူအညီ မတောင်းဝံ့ရုံ သာမက သင်္ဘောသားများ သူ့ကို မမြင်စေရန် သစ်ပင်ကြီးတစ်ပင်ပေါ်သို့ပင် တက်၍ ပုန်အောင်း၍ နေခဲ့ရဘူး လေသည်။ တစ်နေ့သော် 'ဒျု' အမည်ရှိ ဗြိတိသျှ ရွက်သင်္ဘော တစ်စင်းသည် ကံအားလျော်စွာ ထိုကျွန်းအနီးသို့ ရောက်ရှိလာ ပြီးနောက် ကပ္ပီတန်က သင်္ဘောသားအချို့ကို သောက်ရေရှာ ရန် အလို့ငှါ ကျွန်းပေါ်သို့ စေလွှတ်လိုက်ရာ သင်္ဘောသားများ သည် ထိုကျွန်းပေါ်၌ သားရေများကို ဆင်မြန်းထားသော လူရိုင်းတစ်ယောက်ကို တွေ့မြင်ကြရလေသည်။ ထိုလူရိုင်းကား ဆဲလကတ်ပင်ဖြစ်၏။ သင်္ဘော ကပ္ပီတန်ဝုရော့ဂျားသည် ဆဲ လကတ်၏အဖြစ်သနစ် အလုံးစုံကို မေးမြန်းစုံစမ်း၍ မှတ်တမ်း တင်ထားပြီးနောက် နှစ်အနည်းငယ်အတွင်း၌ 'ပင်လယ်ခရီးဖြင့် ကမ္ဘာလှည့်ခဲ့ခြင်း' ခေါ် စာအုပ်တွင် ဆဲကလတ်အကြောင်းကို ထည့်သွင်း ရေးသားခဲ့လေသည်။

ဆဲကလတ်သည် ကျွန်းပေါ်၌ တစ်ကိုယ်တည်း ကျန်ရစ်ခဲ့စဉ် သူ့တွင်ရှိသောပစ္စည်းများမှာ သူ၏ အဝတ်အစားများ၊ အိပ်ရာ လိပ် တစ်ခု၊ တူမီးသေနတ်တစ်လက်၊ ခဲယမ်းမီးကျောက်နှင့် ဆေးရွက်အနည်းငယ်၊ ပုဆိန် တစ်လက်၊ မောင်းချဓါး တစ် ချောင်း၊ လက်ဖက်ရည်ကရား တစ်လုံး၊ ကျမ်းစာအုပ်နှင့်အခြား သေးနုပ်သော ပစ္စည်း အနည်းငယ်ဖြစ်၏။ အဆိုပါ ပစ္စည်း များတွင် အတိုင်းအတာ အတွက်အချက်ဆိုင်ရာ တန်ဆာပလာ များနှင့် စာအုပ်အချို့လည်း ပါသေးရာ ထိုစာအုပ်များကို ဖတ်ရှု ယင်းဖြင့် ပျင်းရိအားငယ်မှုကို ဖြေဖျောက် ခဲ့ရလေသည်။ ဆဲ လကတ်သည် နေထိုင်ရန် တဲငယ်တစ်ခုကို ပါလာသော ကရိယာ တန်ဆာပလာတို့ဖြင့် မဖြစ်ဖြစ်အောင် ဆောက်လုပ်၍ အမိုးကို မြက်ခြောက်များဖြင့် မိုးသည်။ ကျွန်းပေါ်တွင် ရိက္ခာ ဟူ၍ မရှိသဖြင့် တောရိုင်း တိရစ္ဆာန်များကို ပစ်ခတ်ဖမ်းယူ၍ မီးကင် စားသောက်ရ၏။

ဤသို့ဖြင့် နေထိုင်လာခဲ့ရာ အနည်းငယ်မျှသာ ပါလာသော ယမ်းများလည်း ကုန်ခန်းခဲ့လေပြီ။ ထိုအခါ တိရစ္ဆာန်များကို အလွယ်တကူ ပစ်ခတ်ဖမ်းယူခြင်း မပြုနိုင်ရုံမျှမက မီးအလို့ငှါ ပင်လျှင် သစ်သားနှစ်ချောင်းကို တပင်တပန်း ပွတ်တိုက် ယူရ လေသည်။ သားကောင်များကို တစ်နေကုန် တစ်နေခန်း ချောင်းမြောင်း ဖမ်းယူမှသာ တစ်ရက်စာ နှစ်ရက်စာ လုံလောက်ရုံမျှ ရရှိသည်။ သို့ဖြစ်၍ ယခင်ကကဲ့သို့ အဝ မစားနိုင်တော့ဘဲ အလွန်တရာ ဆာလောင်မွတ်သိပ်မှသာ စား ရတော့သည်။ ငါးများကိုမူ လိုသလောက် ဖမ်းယူရရှိနိုင်၏။ သို့ရာတွင် ရက်ကြာရှည်ခံအောင် ဆားနယ်ထားရန် ဆားမရှိ သောကြောင့် ငါးအစားပုဇွန်တုပ်များကိုသာ ဖမ်းယူလေတော့ သည်။ ဆဲလကတ်သည် နေသားကျလာသောအခါ ပင်လယ်လိပ် များကို ရှာဖွေ၍ စားသောက်သည့်ပြင် တော ဆိတ်များကို နောက်မှ အတင်းပြေးလိုက်၍ ဖမ်းဆီး သတ်ဖြတ်နိုင်သည်အထိ ဖျတ်လတ် လျင်မြန်လာသည်။

ပါလာသော အဝတ်အစားများကို နေ့စဉ် ဝတ်ဆင်နေရသော ကြောင့် မကြာမီပင် ဟောင်းနွမ်း စုတ်ပြတ်ကြသည်တွင် ပစ်ခတ်ဖမ်းယူရရှိသော တောဆိတ်ရိုင်းများ၏ သားရေဖြင့် အင်္ကျီဘောင်းဘီနှင့်ဦးထုပ်များ ချုပ် လုပ်သည်။ ထိုသားရေများ ကို ချုပ်လုပ်ရာ၌ အဝတ်အစားဟောင်းများမှ ရရှိသောချည်ပင် တို့ဖြင့်၎င်း၊ ခြေအိတ် ဟောင်းများမှ ရရှိသော သိုးမွေးချည်ပင် တို့ဖြင့်၎င်း၊ အပ်မပါဘဲ ခဲယဉ်းစွာ ချုပ်လုပ်ရ၏။

ရော်ဗင်ဆန်ကရူးဆိုး ဝတ္ထုတွင် စာရေးဆရာ ဒီဖိုးက ကရူးဆိုးသည် ကြက်တူရွေးကလေးများနှင့် ဆိတ်ကလေးများကို အဖေါ်အလို့ငှါ ယဉ်ပါးအောင် မွေးမြူထားသည်ဟု ဆိုလေ သည်။ ဆဲလကတ်မှာမူကား သူနေထိုင်သော ကျွန်းကလေး တွင် ကြွက်များသောင်းကျန်းလှသဖြင့် ကြောင်များ မွေးမြူ၍ ထိုကြွက်တို့၏ရန်ကို သုတ်သင်ရသည်ဟုဆို၏။ ထိုကြောင် များမှာ ယခင်က ထိုကျွန်းကလေးသို့ တစ်ခါတစ်ရံ ဆိုက်ကပ် လာတတ်သော သင်္ဘောများမှ ကျန်ရစ်ခဲ့ဟန်ရှိသည့် ကြောင် များမှ ဆင်းသက်ပေါက်ဖွားလာ၍ လူနှင့်အနေ ဝေးသဖြင့် တဖြည်းဖြည်း တောစိတ်ဝင်သွားသည်ဟု ဆိုလေသည်။ ဆဲလကတ်သည် ပျင်းရိသောအခါများ၌ သူမွေးမြူထားသော ကြောင်များဆိတ်ငယ်ကလေးများနှင့်ပင် ကစားပျော်ပါးရလေ သည်။ ရော်ဗင်ဆန် ကရူးဆိုး ဝတ္ထု၌ ပါရှိသကဲ့သို့ ထိုကျွန်း ပေါ်တွင် တစ်ခါတစ်ရံ လူသားစား လူရိုင်းများ လာရောက် တတ်ကြောင်း၊ 'ဖိုးသောကြာ' ခေါ် တပည့်ကျော်ရှိကြောင်း စသည်တို့ကား ဆဲလကတ်၏ တကယ့်အဖြစ်အပျက် စွန့်စားမှု များတွင် မပါဝင်ခဲ့ကြချေ။

ဆဲလကတ်သည် ယဉ်ကျေးသော လူလောကကြီးနှင့် နှစ် အတန်ကြာမျှ အဆက်ပြတ်နေခဲ့သဖြင့်၊ သူ့အား ကယ်ဆယ် သော အဆက်ပြတ်နေခဲ့သဖြင့်၊ သူ့အား ကယ်ဆယ်သော သင်္ဘောသားများနှင့် တွေ့သောအခါ မိမိ၏ဘာသာရင်းစကားကို နားမလည်သလောက် ဖြစ်နေ၏။ အစားအသောက်တို့ကိုလည်း မစားတတ် သလောက် ဖြစ်နေတော့သည်။ ဆဲလကတ်သည် အင်္ဂလန်ပြည်သို့ ပြန်လည်ရောက်ရှိပြီးနောက်၊ ၁၇၁၁ ခုနှစ် အထိ ကပ္ပီတန်ရော့ဂျား လက်အောက်တွင်ပင် အမှုထမ်းခဲ့၏။ ထိုနောက် သင်္ဘောတစ်စင်းတွင် ဝင်ရောက် အမှုထမ်းယင်းပင် ၁၇၂၁ ခုနှစ်၌ ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)