ကရိသျှမုတ္တိ၊ ဂျေဒု

ဝီကီပီးဒီးယား မှ
ဂျေဒု ကရိသျှမုတ္တိ ငယ်စဉ်ကပုံ

အိန္ဒိယဒဿန ပညာရှင်၊ တရားဟောဆရာနှင့်စာရေးဆရာကြီး ဂျေဒုကရိသျှမုတ္တိသည် ၁၈၉၅ ခုနှစ် မေလ ၁၁ ရက်နေ့တွင် အိန္ဒိယတောင်ပိုင်း မဒရပ်မြို့မြောက်ဘက် မိုင် ၁၅ဝ အကွာရှိ မဒနာပါလေအရပ်၌ ဗြဟ္မဏမိဘမျိုးရိုးမှ မွေးဖွားခဲ့သည်။ ရှစ်ယောက် မြောက်သားဖြစ်သည်။ ဖခင် သီအိုအိုဖီ (ပရမတ္ထ ဉာဏဓမ္မ) အသင်းသားလည်း ဖြစ်သည်။ ဂျေဒု ကရိသျှမုတ္တိ အသက် ၁၄ နှစ်အရွယ်တွင် ဖခင်သည် အစိုးအလုပ်မှ အငြိမ်းစားယူပြီး သီအိုဆိုဖီအသင်းဌာနချုပ်၌ လက်ထောက် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။

ဟိန္ဒူအယူဝါဒ၊ ဒိဗ္ဗဉာဏ်ဝါဒ (Occultism) တို့ အပါအဝင် ဘာသာရေးအယူဝါဒအမျိုးမျိုးကို ပေါင်းရုံး လေ့လာသည့် သီအိုဆိုဖီ အသင်းလူကြီးများသည် ကရိသျှမုတ္တိ၏ရုပ်ဆင်း အင်္ဂါနှင့် အမူအရာကိုကြည့်ကာ အလောင်းအလျာဖြစ်သည်။ ယောက်ျားမြတ်လက္ခဏာ ပါသည်ဟု နိမိတ်ဖတ်ကြလေသည်။ ၁၉၁ဝ ပြည့်နှစ် တွင် သီအိုဆိုဖီအသင်းဥက္ကဋ္ဌသည် အိုင်းရစ် အမျိုးသမီးကြီး ဒေါက်တာအန္နီဗီဆင့်ဖြစ်သည်။ ဒေါက်တာ ဗီဆင့်သည် ကရိသျှမုတ္တိနှင့်ညီဖြစ်သူ နိတျာနန္ဒတို့နှစ်ဦးကို မွေးစားခဲ့သည်။ ကရိသျှမုတ္တိသည် အင်္ဂလန်၊ ပြင်သစ်နှင့် ဆွစ်ဇာလန်နိုင်ငံတို့၌ ပညာဆည်းပူးခွင့်ရရှိခဲ့သည်။ ဒေါက်တာ ဗီဆင့်သည် လူ့လောက၌ တရားပြမည့် အချိန်အခါအတွက် ကြိုတင် ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ အသင်းလူကြီး အချို့နှင့် အတူ အရှေ့ ဘက်ကကြယ်အဖွဲ့ကို ထူထောင်ခဲ့သည်။ ကရိသျှမုတ္တိသည် အဖွဲ့ကြီး၏ခေါင်းဆောင်အဖြစ် တင်မြှောက် ခံခဲ့ရပြီး ၁၉၂၉ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ အဖွဲ့ဝင်တစ်သိန်း ထက်မနည်း ရှိလာသည်။

ကရိသျှမုတ္တိသည် ညီငယ် နိတျာနန္ဒအဆုတ်ရောဂါဖြင့် ကွယ်လွန်သွားသဖြင့် အလွန်ပူဆွေးသောက ရောက်ပြီးမှ သတိပြန်လည်ကာ တရားပွဲများဆက်တိုက် ဟောကြားနေ ခဲ့သည်။ အမေရိကန်၊ ဟော်လန်၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ ဩစတြေးလျ၊ အိန္ဒိယစသည့် နိုင်ငံအသီးအသီး၌ သဒ္ဒါကြည်ညို သူများက တရား ရိပ်သာစခန်းများ လှူဒါန်းပေးကြသည်။ သို့ရာတွင် ၁၉၂၉ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ဟော်လန် နိုင်ငံ အိုမန်တရားစခန်း၌ ကျင်းပသော အရှေ့ဘက်က ကြယ် အဖွဲ့ အစည်းအဝေးကြီးသို့ တက်ရောက်လာကြကုန်သော ပရိသတ် ၃ဝဝဝ ၏ရှေ့မှောက်၌ ကရိသျှမုတ္တိသည် အမှန် တရားကို အစည်းအရုံး အကူအညီအားဖြင့် မတွေ့နိုင်။ မိမိ ကိုယ်ကို မိမိအားကိုး၍သာ အမှန်တရားကို ရှာတွေ့နိုင်သည်။ ကျွန်ုပ်၏နောက်သို့ တပည့်ခံ၍ လိုက်မနေကြပါနှင့်။ ကျွန်ုပ်ကို မှီ၍ မိမိအတွက် လှောင်ချိုင့်မဖန်တီးပါလေနှင့်ဟူ၍ ဟော ပြောခဲ့ပြီး မိမိ ကိုယ်မိမိလောကကို လမ်းညွှန်သည့် ဆရာရှင် ဟူသော ဂုဏ်ဒြပ်နှင့်မထိုက်ကြောင်း ကြေညာကာ ယင်းအဖွဲ့ ကြီးကို ဖျက်သိမ်းပစ်ခဲ့သည်။ သို့ရာတွင် တရားနာ လိုသူတိုး၍ သာ များလာလေရာ ကမ္ဘာတစ်ဝန်းသို့ ခရီးလှည့်၍ အတွေး အမြင်များကို ဆက်လက်ဟောပြောနေခဲ့သည်။

ကရိသျှမုတ္တိ၏တရားအချို့ကား လူတို့တွင် ရှိနေတတ် သော ငါနှင့်သူခွဲခြားမှု၊ ငါနှင့်သူအယုတ်အမြတ် နှိုင်းယှဉ်မှု စသည့် ဥပါဒါန်များသည် အတိတ်မှ ပစ္စုပ္ပန်သို့ ချင်းနင်း ဝင်ရောက်လာသည့်ပြင် အနာဂတ်ကို လှမ်းမျှော်လျက်ရှိ နေသည်။ ဤသို့ဖြင့် မိမိတို့သန္တာန်တွင် ဝန်ထုပ်ဝန်ပိုးသဖွယ် ဖိစီးနေသည်။ ထိုဝန်ထုပ်ဝန်ပိုးမှ လွတ်အောင်နှုတ်ဖြင့် ဆုတောင်း၍လည်း မရနိုင်။ ပုဂ္ဂိုလ်ဆည်းကပ် ကိုးကွယ်၍ လည်းမထူး။ ကျမ်းဂန်သက်သက်ဖတ်ရှု၍လည်း အချည်းနှီးပင် ဖြစ်၏။ ညီမျှသောမေတ္တာဖြင့် အချင်းချင်း ဆက်ဆံပါမှ၊ မိမိ အတွင်းစိတ်ကို စေ့စေ့ငုငုကြည့်၍ သုံးသပ်ပါမှ အာရုံယူသူနှင့် ယူစရာအာရုံ၊ သိစရာ ညေယျနှင့် သိသူဉာ တာ၊ ပြုလုပ်သော ကတ္တား နှင့် အပြုခံကမ္မတို့ အတူတူသဘောကို ဟုတ်တိုင်းမှန်ရာ မြင်မည်။ ဉာဏ် အမြင်ပေါ်မည်ဟူ၍ ဖြစ်သည်။ စာအုပ် ၄ဝ ကိုလည်း ရေးသားပြုစုခဲ့ရာ ပညာနှင့်ဘဝ၏ ထူးခြားသော အဓိပ္ပာယ် (၁၉၅၃)၊ တစ်သက်တာဋီကာ (သုံးတွဲ) (၁၉၅၆- ၆ဝ)၊ ပြောင်းလဲခြင်း၏အရေးကြီးပုံ (၁၉၇ဝ) စာအုပ်တို့သည် အထူးထင်ရှားသည်။

ကရိသျှမုတ္တိသည် တပည့်သာဝကနောက်လိုက်ခြွေရံ များပြားသော်လည်း မိမိကိုယ်ကို အစဉ်နှိမ့်ချနေထိုင် ကျင့်ကြံ သည်။ မျက်မှောက်ခေတ်ရေးရာကိုလည်း မျက်ခြည်မပြတ် လေ့လာသည်။ တရားဖြန့်ဖြူးနိုင်အောင် အနေအထိုင်၊ အစား အသောက်မှစ၍ ခန္ဓာကိုယ်ကို စနစ်တကျ စောင့်ရှောက်လေ့ ရှိသည်။ တရားပွဲမဝင်ခင် ဆံပင်တစ်ပင်တလေမျှပင် အစ ထောင်မနေရအောင် ဂရုစိုက်သည်။ ဗြိတိသျှ စာရေးဆရာကြီး ဂျော့ဘားနဒ် ရှော (၁၅၈၆-၁၉၅ဝ) ကပင်လျှင် မြင်တွေ့ဖူး သမျှ လူသားအားလုံးထဲတွင် ကရိသျှမုတ္တိသည် ဥပဓိရုပ် အကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။ အတွေးအခေါ် ပညာရှင်ကြီး ဂျေဒုကရိသျှမုတ္တိသည် ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အိုဂျေမြစ်ဝှမ်း ဒေသနေအိမ်၌ ကွယ်လွန်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)