ကယ်လီဖိုးနီးယား တက်နိုလော်ဂျီ အင်စတီကျု (ကယ်တက်)

ဝီကီပီးဒီးယား မှ
ကယ်လီဖိုးနီးယား စက်မှုတက္ကသိုလ်
California Institute of Technology
ဆောင်ပုဒ်The truth shall make you free[၁]
အမျိုးအစားPrivate university
တည်ထောင်၁၈၉၁
ပံ့ပိုးမှု$ ၁.၈၅ ဘီလီယံ (၂၀၁၃)[၂]
ဥက္ကဋ္ဌThomas F. Rosenbaum
ဆရာဦးရေ
ကျွမ်းကျင် ၂၉၄
အခြား ၁၂၀၇[၃]
သင်တန်းသား၂၂၃၁[၄]
ဘွဲ့ကြိုဦးရေ၉၇၈[၄]
ဘွဲ့လွန်ဦးရေ၁၂၅၃[၄]
တည်နေရာ1200 East California Boulevard
Pasadena
, ကယ်လီဖိုးနီးယားပြည်နယ်,  အမေရိကန်
ပရဝုဏ်ဆင်ခြေဖုံး၊ ၁၂၄ ဧက
အထိမ်းအမှတ် အရောင်လိမ္မော်နှင့် အဖြူ   
AthleticsNCAA Division IIISCIAC
အားကစားအသင်း အမည်ပြောင်Beavers
နှီးနွယ်အဖွဲ့အစည်းများ
  • အမေရိကန် တက္ကသိုလ်များ အဖွဲ့အစည်း
  • တက္ကသိုလ်များ သုတေသန အဖွဲ့အစည်း
  • လွတ်လပ်သော စက်မှုတက္ကသိုလ်များ အဖွဲ့အစည်း
  • ပစိဖိတ်ပတ်လည် တက္ကသိုလ်များ အဖွဲ့အစည်း
လာဘ်ကောင်Beaver
ဝဘ်ဆိုဒ်caltech.edu

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နေတဲ့ အမေရိကန်ပြည်ထောင်စုက ကယ်လီဖိုးနီးယား နည်းပညာ အင်စတီကျု (California Institute of Technology) ကို ၁၈၉၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။

ကဲလ်တက်ချ် (Caltech[၅]) လို့ အတိုကောက်ခေါ်တဲ့ ကယ်လီဖိုးနီးယား နည်းပညာ အင်စတီကျု ဟာ ကယ်လီဖိုးနီးယား ပြည်နယ်၊ ပါဆာဒေနာ (Pasadena ) ဒေသမှာ တည်ရှိတဲ့ ဘွဲ့လွန် တက္ကသိုလ်တစ်ခုပါ။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကဲလ်တက်ချ် ဖြစ်လာမယ့် ကျောင်းကို ၁၈၉၁ ခုနှစ်မှာ စီးပွားရေးသမားနဲ့ နိုင်ငံရေးသမား ဖြစ်သူ အေမွန်စ် ဂျီ ထရု (ပ်) (Amos G. Throop) က သက်မွေးပညာကျောင်း အဖြစ် စတင်တည်ထောင်ခဲ့ခြင်းပါ။ အဲဒီတုန်းက ကျောင်းနာမည်က ထရု (ပ်) တက္ကသိုလ်၊ ထရု (ပ်) ပေါ်လီတက္ကနစ် အင်စတီကျုလို့ ခေါ်ဝေါ်ခဲ့ပါတယ်။

၁၉၀၇ ခုနှစ်မှာ ကျောင်းကို ဖျက်သိမ်းလိုက်ပြီး ပေါ်လီတက္ကနစ်ကျောင်းအဖြစ် ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကာလတုန်းက သိပ္ပံနည်းကျသုတေသနဟာ အမေရိကန်မှာ စတင်အစပျိုးစ ကာလဖြစ်ပြီး ချီကာကိုတက္ကသိုလ်က အာကာသနက္ခတ်ဗေဒပညာရှင် ဂျော့ အယ်လာရီ ဟေလ်း (George Ellery Hale) က ၁၉၀၇ ခုနှစ်မှာ ထရု (ပ်) ရဲ့ ဘုတ်အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပါဝင်လာပါတယ်။

ဟေးလ်က ပညာရှင် ဂျိမ်းစ် အေ၊ ဘီ၊ ရှာရာကို ခေါ်ယူခန့်အပ်ပြီး ရန်ပုံငွေရှာဖွေစေခဲ့ပါတယ်။ ရှာရာဟာ စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ချားလ်စ် ဂိတ်စ် ဆီကနေ ဂိတ်စ်ဓာတ်ခွဲခန်း တည်ထောင်ဖို့ ရန်ပုံငွေ ဒေါ်လာ ၂ သောင်း ၅ ထောင် ရရှိခဲ့ပါတယ်။

၁၉၁၀ ခုနှစ်မှာတော့ ထရု (ပ်) ကျောင်းဟာ လက်ရှိတည်နေရာကို ပြောင်းရွှေ့လာခဲ့ပြီး ၁၉၁၁ ခုနှစ် ထရု (ပ်) အင်စတီကျုဖွင့်ပွဲမှာ သီအိုဒို ရုစဗဲ့စ်က မိန့်ခွန်းပြောပါတယ်။ အဲဒီနှစ်မှာပဲ ကျောင်းနာမည်ကိုလည်း ကယ်လီဖိုးနီးယား စက်မှုတက္ကသိုလ်လို့ အမည်ပေးခဲ့ပါတယ်။

ပထမကမ္ဘာစစ်အတွင်းမှာ ဟေးလ်က အမျိုးသားသုတေသနကောင်စီကို စုစည်းတည်ထောင်ပြီး စစ်ရေးနဲ့ပတ်သက်တဲ့ သိပ္ပံအခက်အခဲတွေကို ကူညီဖြေရှင်းပေးပါတယ်။ အဲဒီလိုကူညီဖို့ အစိုးဆီကနေ ရန်ပုံငွေ ဒေါ်လာ ၁ သန်း ရရှိခဲ့ပါတယ်။

ဒီလိုနဲ့ ဟေးလ်ဟာ သိပ္ပံသုတေသနနဲ့ နိုင်ငံတော်ဆိုင်ရာလုပ်ငန်းခွင်တွေမှာ ကျယ်ပြန့်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ရရှိတဲ့ရန်ပုံငွေတွေကနေ ရူပဗေဒသုတေသနတွေ လုပ်ဆောင်ပြီး နော်မန် ဘရစ်ဂျ် ဓာတ်ခွဲခန်းကိုလည်း ထူထောင်နိုင်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်ကာလအတွင်းမှာ ဟေးလ်၊ နွိုင်းစ် နဲ့ မီလီကန် တို့ဟာ အမျိုးသားသုတေသနဓာတ်ခွဲခန်းမှာ အလုပ်လုပ်ကြရင်း ကဲလ်တက်ချ်ကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့ကြပါတယ်။

ကယ်လီဖိုးနီးယားတောင်ပိုင်းဒေသရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ၁၉၂၀ခုနှစ်ဝန်းကျင်မှာ ကဲလ်တက်ချ်ဟာ နာမည်ကျော်ကြားလာခဲ့ပါတယ်။ ၁၉၂၃ ခုနှစ်မှာ ကဲလ်တက်ချ် တက္ကသိုလ်ကျောင်းဆင်းဖြစ်တဲ့ မီလီကန်ဟာရူပဗေဒနဲ့ နိုဘယ်ဆုရရှိခဲ့ပြီး ပိုပြီးကျော်ကြားလာခဲ့ကာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ စတဲ့ အခြေခံသိပ္ပံတွေကိုလည်း သေချာသင်ကြားပေးပါတယ်။ တပြိုင်တည်းမှာပဲ အင်္ဂလိပ်၊ သမိုင်း၊ စီးပွားရေး စတာတွေလည်း သင်ကြားခဲ့ပြီး တက္ကသိုလ်အဆင့်နဲ့ လျော်ညီတဲ့ဌာနအသစ်များကိုလည်း ထူထောင်နိုင်ခဲ့ပါတယ်။

၁၉၂၅ ခုနှစ်မှာ ဟားဗတ် တက္ကသိုလ်က ဝီလျံ ဘင်းနက် မွန်ရိုကို ငှားပြီး ပထဝီဌာနကို ထူထောင်ခဲ့ပါတယ်။ ၁၉၂၈ ခုနှစ်မှာ နာမည်ကျော် ဇီဝဗေဒပညာရှင် သောမတ် ဟန့် မော်ဂန်ရဲ့ ဦးဆောင်မှုနဲ့ ဇီဝဗေဒ ဌာနကို ထူထောင်ပါတယ်။ ၁၉၂၆ ခုနှစ် မှာ အာကာသသိပ္ပံ၊ ဒုံးပျံသိပ္ပံ၊ ၁၉၃၀ ခုနှစ်မှာ ခရက်ဟော့ဖ် ရေကြောင်း ဓာတ်ခွဲခန်း စတာတွေကို ထူထောင်ခဲ့ပါတယ်။ မီလီကန်ရဲ့ ကျော်ကြားမှုကြောင့် ကဲလ်တက်ချ်ကို မီလီကန့် ကျောင်းလို့တောင် ခေါ်ကြပါတယ်။ မီလီကန်က ဧည့်ပညာရှင် အစီအစဉ်ကို ကဲလ်တက်ချ်မှာ စတင်ပါတယ်။ အဲဒီအစီအစဉ်နဲ့ နာမည်ကျော်သိပံပညာရှင်များ ဖြစ်တဲ့ ပေါလ် ဒိုင်ရပ်၊ အာဝင် ရှရိုဒင်ဂါ၊ ဝါနာ ဟိုင်စင်ဘာ့ဂ်၊ ဟန်းဒရစ် လောရင့်ဇ်၊ နီး ဘိုး စသူတွေ ကဲလ်တက်ချ်ကို လာရောက်ခဲ့ကြပါတယ်။

၁၉၃၁ ခုနှစ်မှာ သိပ္ပံပညာရှင် အဲလ်ဘတ် အိုင်းစတိုင်းဟာ ကဲလ်တက်ချ်ကို ပထမဆုံးအကြိမ် ရောက်လာခဲ့ပြီး နှိုင်းရသီအိုရီနဲ့ ပတ်သက်လို့ ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၃၂ ကနေ ၁၉၃၃ အထိ ဧည့်ပါမောက္ခအဖြစ် အိုင်းစတိုင်းဟာ ကဲလ်တက်ချ်ကို နောက်တကြိမ် ပြန်လာခဲ့ပါ သေးပါတယ်။

ဒုတိယ ကမ္ဘာစစ်ကာလအတွင်းမှာ ရေကြောင်း ကောလိပ် သင်တန်းကျောင်း အစီအစဉ် လက်ခံသင်ကြားပေးတဲ့ ကောလိပ်နဲ့ တက္ကသိုလ် ၁၃၁ ခုအနက် ကဲလ်တက်ချ်လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အမေရိကန် ရေတပ်ကလည်း ကဲလ်တက်ချ်မှာ အမျိုးသား ကာကွယ်ရေးသုတေသန ကော်မတီ အရာရှိရုံးကို လာရောက် ဖွင့်လှစ်ထားပါတယ်။

ကဲလ်တက်ချ်ရဲ့ ဥက္ကဋ္ဌ လီ အေ ဒူဘရစ်ဂျ် (Lee A. DuBridge) (၁၉၄၆-၁၉၆၈) လက်ထက်အတွင်းမှာ တက္ကသိုလ် ပရဝုဏ်ကလည်း နှစ်ဆ ကျယ်ဝန်းလာပါတယ်။ ဖက်ဒရယ် ရန်ပုံငွေကိုလည်း လက်ခံခဲ့ပြီး ဓာတု ဇီဝဗေဒ၊ ဂြိုဟ်ကမ္ဘာ သိပ္ပံ၊ နျူကလီးယား ရူပဗေဒ၊ ဘူမိ ဓာတုဗေဒ စတဲ့ ဘာသာရပ်တွေကို တိုးချဲ့စေခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာ တက္ကသိုလ်အနီးရှိ ပလိုမာတောင်ပေါ်မှာ လက်မ ၂၀ဝ ရှိတဲ့ တယ်လီစကုပ်ကို တည်ဆောက်ခဲ့ပြီး ကမ္ဘာ့ အားအကောင်းဆုံး တယ်လီစကုပ်အဖြစ် နှစ် ၄၀ ကျော်ကြာ ရပ်တည်နိုင်ခဲ့ပါတယ်။

ကဲလ်တက်ချ် ဥက္ကဋ္ဌ ဟာရိုး ဘရောင်းလက်ထက် ၁၉၇၀ ခုနှစ် ကစတင်ပြီး ကဲလ်တက်ချ်မှာ မိန်းကလေး ကျောင်းသူတွေကို ဘွဲ့ကြိုတန်းမှာ စတင် လက်ခံခဲ့ပါတယ်။ ကျောင်းဝင်ခွင့်ရသူတွေရဲ့ ၁၄ ရာခိုင်နှုန်းဟာ မိန်းကလေးတွေ ဖြစ်လာခဲ့ပါတယ်။

၂၀ဝ၀ ပြည့်နှစ်ကစပြီး ခေတ်သစ် ကဲလ်တက်ချ်မှာ အိုင်းစတိုင်း စာတမ်းများ စီမံကိန်းကို စတင်ခဲ့ပြီး အိုင်းစတိုင်းနဲ့ တခြား ပညာရှင်များရဲ့ စာတမ်းများကို ပြန်လည် စုစည်းခြင်း၊ ထိန်းသိမ်းခြင်း၊ ဘာသာပြန်ခြင်း၊ ထုတ်ဝေခြင်းများ လုပ်ဆောင်တဲ့ စီမံကိန်းပါ။

၂၀ဝ၈ ခုနှစ်မှာတော့ ကဲတက်ချ် ဘွဲ့ကြိုတန်း လူငယ်သစ်လွင်တွေအနက် ၄၂ ရာခိုင်နှုန်းဟာ မိန်းကလေးတွေ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ကဲလ်တက်ချ်ဟာ လောရင့် ဘာကလေ အမျိုးသား ဓာတ်ခွဲခန်းနဲ့ ပါတနာ လုပ်ဆောင်ခဲ့ပြီး သုတေသန များစွာ ပြုလုပ်နေပါတယ်။

ကျောင်းပရိဝုဏ်[ပြင်ဆင်ရန်]

ကဲလ်တက်ချ်ရဲ့ ကျောင်းပရိဝုဏ်ဟာ ၁၂၄ ဧက ကျယ်ဝန်းပါတယ်။ ၁၉၁၇ မှာ ဟေးလ်က ဗိသုကာ ဘာထရန် ဂွတ်ဟု ကို ငှားရမ်းပြီး ၂၂ ဧကပေါ်မှာ တည်ဆောက်မယ့် မာစတာ ပလန်ကို ရေးဆွဲစေပါတယ်။ ဂွတ်ဟုက ရူပဗေဒဆောင်၊ ဒက်ဘနီ ခန်းမတို့ အပါအဝင် အဆောက်အဦးများစွာရဲ့ ဒီဇိုင်းကို ရေးဆွဲခဲ့ပါတယ်။ ရေးဆွဲရာမှာ ဒေသတွင်း ရာသီဥတု၊ ကျောင်းဆောင်များရဲ့ သဘောလက္ခဏာနဲ့ ဟေးလ်ရဲ့ ပညာရေး ဒဿနများကို ထင်ဟပ်စေခဲ့ပါတယ်။ ဂွတ်ဟုရဲ့ ဒီဇိုင်းလက်ရာဟာ တောင်ပိုင်း ကယ်လီဖိုးနီးယားမှာ စပိန် မစ်ရှင် အစဉ်အလာ ဗိသုကာအဖြစ် လွှမ်းမိုးခဲ့ပါတယ်။

၁၉၇၁ ခုနှစ် ဆန်ဖရန်စစ္စကို ငလျင်ဟာ ကဲလ်တက်ချ်ကိုလည်း ထိခိုက်ခဲ့ပါတယ်။ ခေတ်ဟောင်း အဆောက်အဦး ၂ ခုဖြစ်တဲ့ ထရု (ပ်) ခန်းမနဲ့ ဂွတ်ဟု ဒီဇိုင်းထုတ်ခဲ့တဲ့ ကယ်လ်ဘာစတန် အခမ်းအနားအဆောက်အဦးတို့ အက်ကွဲပြိုကျမှုများ ရှိခဲ့ကြောင်း အင်ဂျင်နီယာများက တွေ့ရှိခဲ့ပါတယ်။

ပညာရေး[ပြင်ဆင်ရန်]

လက်ရှိ ကဲလ်တက်ချ်မှာ အဓိက ပညာရေးဌာနကြီး ၆ ခုရှိပါတယ်။ ဇီဝဗေဒနှင့် ဇီဝဗေဒဆိုင်ရာ အင်ဂျင်နီယာ ဌာန၊ ဓာတုဗေဒနှင့် ဓာတုဗေဒဆိုင်ရာ အင်ဂျင်နီယာဌာန၊ အင်ဂျင်နီယာနှင့် အသုံးချ သိပ္ပံ၊ ဘူမိဗေဒနှင့် ဂြိုဟ်ကမ္ဘာ သိပ္ပံ၊ လူမှုဗေဒနှင့် လူမှုသိပ္ပံ၊ ဓာတုဗေဒ၊ သင်္ချာနှင့် နက္ခတ်ဗေဒဌာနတို့ ဖြစ်ပါတယ်။

ပါမောက္ခ၊ နည်းပြ၊ တွဲဖက် သုတေသီ၊ စာကြည့်တိုက်မှူး စတာတွေကို မဲစနစ်နဲ့ ရွေးချယ်ပါတယ်။ ကဲလ်တက်ချ် ပညာရေးဝန်ထမ်းများဟာ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း၊ ပညာရေး စံသတ်မှတ်ခြင်း၊ ဝင်ခွင့်စိစစ်ခြင်း စတာတွေ တာဝန်ယူရပါတယ်။ အချိန်ပြည့် ခန့်အပ်ထားတဲ့ ပါမောက္ခများဟာ သင်ကြားပို့ချခြင်း၊ သုတေသနပြုခြင်း၊ ကျောင်းသားများကို အကြံပေးခြင်း၊ အုပ်ချုပ်ရေးပိုင်း တာဝန်ယူခြင်းများ လုပ်ဆောင်ကြရပါတယ်။

ကဲလ်တက်ချ်မှာ ၄ နှစ် ဘွဲ့ကြိုတန်း အနည်းငယ်သာ ရှိပါတယ်။ အများစုကတော့ သုတေသန အထူးပြု ဘွဲ့လွန် ဘာသာရပ်တွေကိုသာ သင်ကြားနေပါတယ်။ ကဲလ်တက်ချ်ဟာ တိုင်းမ် အဆင့်မြင့် ပညာရေး သတ်မှတ်ချက်အရ ၂၀၁၁ ခုနှစ် ကတည်းက ကမ္ဘာ့ အဆင့် ၁ ဖြစ်ပါတယ်။ ကဲလ်တက်ချ်ဟာ အင်ဂျင်နီယာနှင့် နည်းပညာ၊ ရူပဗေဒ ဘာသာရပ် နှစ်မျိုးမှာ အထူးသဖြင့် ကမ္ဘာ့ ထိပ်တန်း စာရင်းဝင် တက္ကသိုလ်တစ်ခုပါ။ ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်အရ သိပ္ပံ သုတေသနမှာ ကဲလ်တက်ချ်ဟာ ၂၀၁၅ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုအတွင်းမှာ အဆင့် ၇ ဖြစ်ပါတယ်။

ဘွဲ့လွန်တန်းတွေကတော့ ပါရဂူ ကျောင်းသားတွေ များပါတယ်။ ဓာတုဗေဒ၊ ရုပဗေဒ၊ ဇီဝဗေဒ၊ နည်းပညာ၊ လျှပ်စစ် အင်ဂျင်နီယာ၊ ဓာတု အင်ဂျင်နီယာ၊ သင်္ချာ စတဲ့ နယ်ပယ်တွေမှာ ဖြစ်ပါတယ်။ ကဲလ်တက်ချ်ဟာ တောင်ပိုင်း ကယ်လီဖိုးနီးယား တက္ကသိုလ်ရှိ ကက်ခ် ဆေးပညာကျောင်း၊ ကယ်လီဖိုးနီးယား တက္ကသိုလ်ရှိ ဒေးဗစ် ဂက်ဖန် ဆေးပညာကျောင်း ၂ ခုနဲ့ ချိတ်ဆက်ပြီး ဆေးပညာ ပါရဂူဘွဲ့လည်း ပေးအပ်ပါတယ်။

ထင်ရှားကျော်ကြားသူများ[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ်အထိ စာရင်းအရတော့ ကဲလ်တက်ချ်ကျောင်းဆင်း နိုဘယ်ဆု ရရှိသူ ၃၄ ဦး ရှိပါတယ်။ ကဲလ်တက်ချ် ကျောင်းထွက် ၂၀ ဦး၊ လာရောက် သင်ကြားသူ ပါမောက္ခ ၁၄ ဦး၊ ပါမောက္ခ ၄ ဦးတို့ ဖြစ်ပါတယ်။

တကယ်တမ်း နိုဘယ်ဆုရတာ ၃၅ ခု ဖြစ်ပေမယ့် လီနပ်စ် ပေါ်လင် တဦးတည်းက ဓာတုဗေဒရော ငြိမ်းချမ်းရေးဆုပါ ရရှိတာကြောင့် ၃၄ ဦးလို့ ရေတွက်ရတာ ဖြစ်ပါတယ်။ အမေရိကန် အမျိုးသား သိပ္ပံ ဆုရသူက ၅၈ ဦးရှိပြီး၊ အမျိုးသား နည်းပညာ ဆုရ ၁၃ ဦး ရှိပါတယ်။

အမေရိကန်နဲ့ ကမ္ဘာတလွှားမှာ ကဲလ်တက်ချ် ကျောင်းထွက် သက်ရှိထင်ရှားရှိသူ ၂ သောင်း ၂ ထောင် ၉ ရာကျော် ရှိပါတယ်။ သိပ္ပံနည်းပညာ နယ်ပယ်အရပ်ရပ်မှာ ထူးချွန်ထင်ရှားသူတွေ များစွာပဲ ရှိပါတယ်။

ဤတက္ကသိုလ်သည် ဌာနပေါင်း ၃၀၀၀ ဖြင့် ဖွဲ့စည်းထားပြီး သိပ္ပံပညာ၊ အင်ဂျင်နီယာ ဘာသာရပ် စူးစမ်းရှာဖွေခြင်း နှင့် ပညာရေး ဘာသာများကို အဓိကထား သင်ကြားပေးသည်။ ကျောင်းသား ၂၃၀၀ ခန့် တက်ရောက်လျက် ရှိပြီး ၃၁ဦး သော နိုဘယ်ဆုရှင်များကို မွေးထုတ်ခဲ့သည်။ ထို့အပြင် ကယ်တက်မှ နာဆာ နှင့် အခြား ဆက်သွယ်ရေးကွန်ယက်များ၊ အာကာသ ဆိုင်ရာ စမ်းသက် လေ့လာမှုများ လုပ်ဆောင်သည်။[၆]

အကိုးအကား[ပြင်ဆင်ရန်]

  1. Caltech: Did you know?။ California Institute of Technology။ 24 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 26, 2013 တွင် ပြန်စစ်ပြီး။
  2. As of June 30, 2013. U.S. and Canadian Institutions Listed by Fiscal Year 2013 Endowment Market Value and Change in Endowment Market Value from FY 2012 to FY 2013 (PDF)။ National Association of College and University Business Officers and Commonfund Institute။ 1 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 29, 2014 တွင် ပြန်စစ်ပြီး။
  3. Caltech: At a Glance။ California Institute of Technology။ 26 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 1, 2013 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ ၄.၂ Caltech Office of the Registrar Enrollment Statistics။ 10 June 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 15, 2010 တွင် ပြန်စစ်ပြီး။
  5. The university itself only spells its short form as "Caltech"; other spellings such as "Cal Tech" and "CalTech" are incorrect. The Institute is also occasionally referred to as "CIT", most notably in its alma mater, but this is uncommon.
  6. http://www.timeshighereducation.co.uk/world-university-rankings/2013-14/world-ranking/institution/california-institute-of-technology | accessdate=2014-07-05