ကမ္ဘာ့အိုလံပစ်နေ့

ဝီကီပီးဒီးယား မှ

နှစ်စဉ်ဇွန်လ ၂၃ ရက်နေ့သည် နိုင်ငံ အသီးသီးရှိ အားကစားနှင့် ကာယဗလလိုက်စားသူများအဖို့ အမှတ်တရထူးခြားလှသော နေ့တစ်နေ့ ဖြစ်ပေသည်။ ထိုနေ့ကို ကမ္ဘာ့တစ်ဝှန်းလုံး၌ ကမ္ဘာ့အိုလံပစ်နေ့ဟု အသိအမှတ် ပြု၍ အထိမ်းအမှတ်ပြု၍ အထိမ်းအမှတ်ပွဲများ ကျင်းပကြလေသည်။ ကမ္ဘာ့အိုလင်းပစ်နေ့ ပေါ်ပေါက်လာရခြင်းမှာ အိုလင်းပစ် ကစားပွဲများကြောင့် ဖြစ်သည်။ အိုလံပစ်ဟူသော အမည် သည် ရှေးနှစ်ပေါင်း ၂၅ဝဝ ကျော်က ဂရိနိုင်ငံ အိုလင်းပီယာ ရွာကလေးအနီးရှိ ကွင်းပြင်တွင်၊ ဂရိလူမျိုးတို့ ၄ နှစ် တစ်ကြိမ် ကျင်းပသောပွဲမှ အစပြု၍ဖြစ်ပေါ်လာခဲ့သည်။ ဂရိ တို့သည် အဆိုပါ အိုလင်းပီယာကွင်းပြင်တွင် ဇုနတ်မင်းကြီး ကို ပူဇော်သောနတ်ပွဲများကို ၄ နှစ်တစ်ကြိမ်ကျင်းပ၍ ထိုပွဲ များ၌ မြေပြန့်အပြေးပြိုင်ပွဲများကို ကျင်းပသော အလေ့အထ ရှိခဲ့သည်။ ထိုအိုလင်းပီယာ ပြေးပွဲ၌ အနိုင်ရသော လူစွမ်း ကောင်းများအား ဂရိလူမျိုးတို့ အထွတ်အမြတ်ထားသော သံလွင်ပင်မှ အရွက်ဖြင့်လုပ်သည့် သရဖူကို ဦးခေါင်းတွင် ဆင်ပေးကာ လူအများက ချီးကျူးမြှောက်စားကြသည်။ အိုလင်းပစ်ပြိုင်ပွဲများကို ရှေးဦးစွာကျင်းပသောအခါက မြေပြန့်အပြေးပြိုင်ပွဲများသာ ရှိခဲ့သော်လည်း၊ နောက်ခေတ်များ တွင် အပြေးသာမက၊ နပန်းသတ်၊ သံပြားဝိုင်းပစ်၊ လှံအဝေး ပစ်၊ အမြင့်ခုန်နှင့် အလျားခုန်ပွဲများကို ထည့်သွင်းကျင်းပ ခဲ့သည်။ ထိုကဲ့သို့ ဘီစီ ရ၇၆ ခုနှစ်မှ အေဒီ ၃၉၄ ခုနှစ်အထိ အိုလံပစ်ပြိုင်ပွဲများကို လေးနှစ်တစ်ကြိမ် မှန်မှန်ကျင်းပခဲ့ကြ သည်။ ၃၉၄ ခုနှစ်မှ ၁၈၉၄ ခုနှစ်အထိမူကား အိုလံပစ်ပွဲများ တိမ်မြုပ်နေခဲ့သည်။ ၁၈၉၄ ခုနှစ် တွင်မှ တစ်ဖန်ပြင်သစ်လူမျိုး ဗဲရွန်ဘွဲ့ရ ပီယဲဒါကူဗာတင် (၁၈၆၃-၁၉၃၇)ဆိုသူက ရှေးဂရိ တို့၏ အားကစားလုပ်ငန်းများ ကို ယခုခေတ် အရပ်ရပ် ပညာသင်ကြားရေးတွင် ထည့်သွင်းအသုံးပြုလျက် အလွန်တန်ဖိုး များဖွယ်ရာရှိကြောင်းကို နိုင်ငံတကာရှိ အားကစားလိုက်စားသူ အကြီးအကဲများထံ အကြံဉာဏ်များပေးပို့သဖြင့် အိုလင်းပစ် ပြိုင်ပွဲများ ပြန်လည် ပေါ်ပေါက်လာလေသည်။ သူ၏ကြိုးပမ်းမှု ကြောင့် ထိုနှစ်ဇွန်လ ၂၃ ရက်နေ့တွင် ကမ္ဘာ့အိုလံပစ်အသင်း ကြီးကို တည်ထောင်နိုင်ခဲ့ပေသည်။

ထိုသို့တည်ထောင်ပြီးသောအခါ လွန်ခဲ့သည့်နှစ်ပေါင်း ၁၅ဝဝ ကျော်က ဂရိလူမျိုးတို့ကျင်းပခဲ့သော ကွင်းပြင်နေရာ၌ ကမ္ဘာ့နိုင်ငံများစွာမှ လာရောက်ပါဝင်ဆင်နွှဲသော ပထမအကြိမ် အိုလင်းပစ်ကစားပွဲကြီးကို ၁၈၉၆ ခုနှစ်တွင် ကျင်းပ နိုင်ခဲ့၏။ ထိုနောက် ၄ နှစ်အကြာ ၁၉ဝဝ ပြည့်နှစ်တွင် အိုလံပစ် ကစားပွဲကြီးကို ပြင်သစ်နိုင်ငံ ပါရစ်မြို့၌ ကျင်းပခဲ့သည်။ ဤသို့လျှင် ၁၉ဝ၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု စိန် လူဝီ မြို့၌၎င်း၊ ၁၉ဝ၈ ခုနှစ်တွင် လန်ဒန်မြို့၌၎င်း ၁၉၁၂ ခုနှစ်တွင် စတော့ဟုမ်းမြို့၌၎င်း၊ ၄ နှစ်တစ်ကြိမ် မှန်မှန်ကျင်းပ ခဲ့လေသည်။ ၁၉၁၆ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့တော်၌ ကျင်းပရန်ရှိသောပွဲကိုကား စစ်အတွင်းဖြစ်၍ မကျင်းပနိုင်တော့ ချေ။ သို့ရာတွင်စစ်အပြီး ၁၉၂ဝ ပြည့်နှစ်တွင် အန့်တွပ်မြို့၌ အိုလင်းပစ်ပွဲကြီးကို ကျင်းပခဲ့ပြန်သည်။ ထိုနောက် ၁၉၂၄ ခုနှစ်တွင် ပါရစ်မြို့၌၎င်း ၁၉၂၈ ခုနှစ်တွင် အမ္မစတာဒမ်မြို့၌ ၎င်း ၁၉၃၂ ခု နှစ်တွင် လော့စိန်းဂျလီးမြို့၌၎င်း ၁၉၃၆ ခုနှစ် တွင် ဘာလင်မြို့၌၎င်း လေးနှစ်တစ်ကြိမ် မှန်မှန်ဆက်လက် ကျင်းပခဲ့သည်။ တစ်ဖန် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားပြန်ရာ ၁၉၄ဝ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပရမည့်ပွဲနှင့် ၁၉၄၄ ခုနှစ်တွင် ဖင်လန်နိုင်ငံ ဟဲလဆင်းကီးမြို့၌ ကျင်းပရန် ဖြစ်သော အိုလံပစ်ပွဲများကို မကျင်းပခဲ့ရချေ။ စစ်ပြီးခေတ် တွင် ၁၉၄၈ ခုနှစ်ကမ္ဘာ့ အိုလံပစ်ပွဲကြီးကို လန်ဒန်မြို့၌၎င်း၊ ၁၉၅၂ ခုနှစ်တွင် ဖင်လန်နိုင်ငံ ဟဲလဆင်းကီးမြို့၌၎င်း ကျင်းပ အောင်မြင်ခဲ့ရာ နိုင်ငံပေါင်းများစွာမှ ပါဝင်ဆင်နွှဲခဲ့ကြလေသည်။ ဤသို့လျှင် ကမ္ဘာ့နိုင်ငံအရပ်ရပ်တွင် အိုလံပစ်ကစားပွဲကို စစ်အတွင်းကာလများမှတစ်ပါး ၄ နှစ်တစ်ကြိမ်တစ်လှည့်စီ ကျင်းပ၍ ကမ္ဘာပေါ်ရှိ အားကစားဖက်တွင် ထူးချွန်သူများကို အချင်းချင်းတွေ့ဆုံရင်းနှီးစေခြင်း၊ တစ်ကမ္ဘာလုံး၏ ကိုယ်လက် ကြံ့ခိုင်ရေးကိုအားပေးခြင်း၊ အားကစားလုပ်ငန်းများကို တိုးတက် ပြန့်ပွားစေခြင်းစသည်တို့ကို ကမ္ဘာ့အိုလံပစ် အသင်းကြီးမှ ကြီးမှူး၍ ဆောင်ရွက်သည်။ ထိုအသင်းကြီးတွင် နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ်များပါဝင်၍ ထိုနိုင်ငံတို့တွင် လည်း အားကစား မြှင့်တင်ရေးကို ရှေးရှူကြသည့် အိုလံပစ်အသင်းများ တည်ထောင် ထားကြလေသည်။

ယခုအခါ နိုင်ငံအသီးသီးရှိ အိုလင်းပစ်အသင်းများသည် ကမ္ဘာ့အိုလံပစ်အသင်းကြီး ဇွန်လ ၂၃ ရက်နေ့၌ စတင် ပေါက်ဖွားခဲ့သည်ကို သတိရဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ထိုနေ့တွင် ကမ္ဘာ့အိုလံပစ်နေ့ အထိမ်းအမှတ်ပွဲများကို ကျင်းပ ကြလေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)