ကန်ပက်လက်မြို့

ဝီကီပီးဒီးယား မှ
ကန်ပက်လက်မြို့
Kanpetlet
ကန်ပက်လက်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကန်ပက်လက်မြို့
ကန်ပက်လက်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 21°12′0″N 94°1′0″E / 21.20000°N 94.01667°E / 21.20000; 94.01667ကိုဩဒိနိတ်: 21°12′0″N 94°1′0″E / 21.20000°N 94.01667°E / 21.20000; 94.01667
နိုင်ငံ မြန်မာ
ပြည်နယ်ချင်းပြည်နယ်
ခရိုင်မင်းတပ်ခရိုင်
မြို့နယ်ကန်ပက်လက်မြို့နယ်
လူဦးရေ (၂၀၁၄)၄,၁၅၉[၁]
 • ကိုးကွယ်မှုခရစ်ယာန်,ဗုဒ္ဓဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကန်ပက်လက်မြို့ သည် မြန်မာနိုင်ငံချင်းပြည်နယ်မင်းတပ်ခရိုင်ကန်ပက်လက်မြို့နယ်၏ မြို့နယ်ရုံးစိုက်မြို့ ဖြစ်သည်။ ချင်းပြည်နယ်တွင် အမြင့်ဆုံးဖြစ်သော နတ်မတောင် (ဝိတိုရိယတောင်) တည်ရှိရာ မြို့နယ်ဖြစ်ပြီး ရှားပါးငှက်မျိုးများ နေထိုင်ရာ နတ်မတောင် အမျိုးသားဥယျာဉ်သည်လည်း ဤမြို့နယ်တွင် တည်ရှိသည်။

ဗြိတိသျှတို့ အုပ်ချုပ်စဉ်အခါကပခုက္ကူတောင်တန်းဒေသ ကို စီမံခန့်ခွဲအုပ်ချုပ်ရာ ပခုက္ကူခရိုင်၊ မြောက်ပိုင်းချင်းတောင်ခရိုင်၊ တောင်ပိုင်းချင်းတောင်ခရိုင်ဟု ခရိုင် ၃ ခု ခွဲထားသည်တွင် တောင်ပိုင်းချင်းတောင် ခရိုင်ဝန် ရုံးစိုက်ရာမြို့ ဖြစ်ခဲ့သည်။

ပထဝီဝင်[ပြင်ဆင်ရန်]

ချင်း ဝိသေသတိုင်းတည်ရာ မြန်မာနိုင်ငံအနောက်ပိုင်းရှိ အနောက်ရိုးမ တောင်မြင့်တန်းကြီးတွင် မြင့်မားသော တောင်ထွတ်တောင်ထိပ်အများရှိသည့်အနက် ဝိတိုရိယတောင်ထိပ်ဟု ဗြိတိသျှတို့က ခေါ်ဝေါ်သော ခေါနုမထုန်း (နတ်မိမယ်) တောင်ဟု ချင်းတို့ကခေါ်သော ပေ ၁၀၀၁၈ မြင့်သော တောင်ထွတ်ကြီး၏ အရှေ့ဘက် ၁၂ မိုင်ကွာ ပေ ၆၂၇၄ မြင့်သော တောင်ရိုးပေါ်တွင် တည်နေပေသည်။ ထိုတည်နေရာမှ အရှေ့လောင်ဂျီတွဒ် ၉၄.၄ နှင့် မြောက်လတ္တီတွဒ် ၂၁.၁၂ လောက်တွင်ရှိသည်။

ရာသီဥတု[ပြင်ဆင်ရန်]

ပင်လယ်ရေပြင်ထက် ပေ ၆၀၀၀ ကျော်မြင့်သော ကုန်းမြင့်ပေါ်တွင် တည်နေရကား ကန်ပက်လက်မြို့၏ ရာသီဥတုမှာ အေးချမ်းသာယာပြီး များသောအားဖြင့် နှင်းမြူများ ဆိုင်းလျက်ရှိသည်။ ဆောင်းရာသီတွင် အအေးကဲသောကြောင့် ၂ ရက် ၃ ရက်မပြတ်‌ ရေခဲတတ်သည်။ ဘင်္ဂလားပင်လယ်အော် ကို မိုးကြည့်နေဘိသကဲ့သို့ မြင့်မားစွာ တည်နေသောကြောင့် အနောက်တောင်ရာသီလေကို ကောင်းစွာရရှိနေသည့်အားလျော်စွာ မိုးရာသီတွင် အဆက်မပြတ်လိုပင် မိုးရွာသွန်းသည်။ ဗြိတိသျှတို့ ကြီးစိုးစဉ်အခါက မြန်မာနိုင်ငံအလယ်ပိုင်း ရေနံချောင်းချောက်စသည်တို့တွင် ရေနံလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ အုပ်ချုပ်မှုလုပ်ငန်း လုပ်ကြကုန်သော ဥရောပတိုက်သားတို့သည် ကန်ပက်လက်မြို့ကို နွေရာသီစခန်း အဖြစ် အသုံးပြုခဲ့ကြသည်။ ဝိတိုရိယ တောင်ရိပ်အောက်တွင် အာကာပြင်သို့ မတ်မတ်မားမားထိုးဝင်နေဘိသကဲ့သို့ အပြိုင်အဆိုင်ပေါက်ရောက်နေသည့် ထင်းရှူးတောများ၊ ရာသီလိုက်လှပ တင့်တယ်စွာပွင့်သော ချယ်ရီတောများမှာ ကန်ပက်လက်မြို့ ပတ်ဝန်းကျင် ရှုမြော်ခင်းများပင်ဖြစ်ကြ၏။ ထိုဒေသတစ်ဝိုက် သဘာဝလှပဆန်းကြယ်မှုတို့ဖြင့် ပြည့်စုံသည်တွင် အရောင်အသွေးအမျိုးမျိုးရှိသော သစ်ခွပန်းမျိုးစုံဖြင့် ဖြစ်ထွန်းရာဒေသလည်း ဖြစ်ပေသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဗြိတိသျှတို့ အုပ်စိုးစဉ်အခါက ကန်ပက်လက်မြို့မှာ ပခုက္ကူတောင်တန်းနယ်တွင်အပါအဝင်ဖြစ်၍ ပခုက္ကူ အရေးပိုင်လက်အောက် နယ်ပိုင်ဝန်ထောက်တစ်ဦးက ဆပ်ဒီဝီဇံနယ်အဖြစ်စီမံအုပ်ချုပ်ခဲ့သည်။ လွတ်လပ်ရေးရပြီးသည်နောက် မဆလခေတ်တွင် အထက်တွင်ဆိုခဲ့သည့်အတိုင်း ချင်းဝိသေသတိုင်းတွင် အပါအဝင်ဖြစ်လာသည်။ တောင်ပိုင်းချင်းတောင်ခရိုင်၊ အချက်အချာနေရာဖြစ် လာသည်။ ယခင်က ရခိုင်တိုင်း၊ စစ်တွေခရိုင်တွင် အပါအဝင် ဖြစ်သော ပလက်ဝနယ်၊ အရိုင်းနယ်ဟုခေါ်ခဲ့သော မတူပီနယ် နှင့် မင်းတပ်နယ်တို့မှာ ကန်ပက်လက်မြို့မှ စီမံအုပ်ချုပ်ရသော အဆိုပါ တောင်ပိုင်းချင်းတောင်ခရိုင် အပါအဝင်ဖြစ်သည်။

ကန်ပက်လက်မြို့တစ်ဝိုက် မြင့်မားမတ်စောက်ကြမ်းတမ်းသော တောင်ထွတ်တောင်ရိုးတို့မှာ ကန်ပက်လက်ချင်းတို့ မူရင်းဒေသဖြစ်၏။ ထိုဒေသတစ်ဝိုက်တွင် ယောချောင်းနှင့် ဆောချောင်းတို့၏မြစ်ဖျားခံ၍ ထိုချောင်းရိုးတို့တွင် ယင်းဒူး ချင်းများ နေထိုင်ကြသည်။ ကန်ပက်လက်မြို့မှာ စီမံအုပ်ချုပ်ရေးအတွက် သီးသန့်ဆောက်လုပ်ထားသော အစိုးရအရာရှိများ၊ ကာကွယ်‌ရေးတပ်များ ရုံးစိုက်ရာ အစိုးရမြို့သက်သက်ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

ပြည်တွင်းလေကြောင်းသယ်ယူပို့ဆောင်ရေးရှိနေသဖြင့် ကန်ပက်လက်သို့သွားရန် မခဲယဉ်းလှချေ။ ကျောက်ထုလေယာဉ်ပျံကွင်းမှ ၂ မိုင်မျှဝေးသော ယောမြို့၊ ထိုမှတစ်ဆင့် ၁၅ မိုင်မျှ ကွာလှမ်းသော ဆောမြို့၊ ဆောမြို့မှသည် ကန်ပက်လက်အထိ တောင်ရိုးတောင်တန်းတို့ကို ကွေ့ကောက်တက်ရသည်။ ကုန်းလမ်းခရီးအားဖြင့်ဆိုသော် ပခုက္ကူသို့မဟုတ် ချောက်မြို့ တစ်ဖက်ကမ်းဖြစ်သော ဆိပ်ဖြူမြို့မှဆင်ဖြူကျွန်းမြို့ မင်းဘူးမကွေးမြို့များသို့ မော်တော်ယာဉ်ဖြင့် သွားရောက်နိုင်သည်။ ပခုက္ကူမြို့မှ သွားသော် ကုန်းလမ်းဖြင့် ၈၃ မိုင်ခရီးမျှရှိသည်။ ကန်ပက်လက်မြို့မှ မြောက်ဘက် မင်းတပ်မြို့၊ ချင်းတောင်မြောက်ပိုင်း ခရိုင်ဝန်ရုံးစိုက်ရာ ဖလမ်းမြို့တို့သို့ သွားရန် တောင်ပေါ်လမ်း ခရီးသည်။ မြို့နေလူတို့၏ စားသောက်ဖွယ်ရာနှင့် လူသုံးကုန်ပစ္စည်းများ အတွက် ဆောမြို့ကိုအမှီသဟဲပြုရသည်။ အမဲလိုက်ဝါသနာ ပါသူတို့၏အဖို့မှာမူ ကန်ပက်လက်မြို့တဝိုက်မှာ အမဲပစ်ရန် အလွန် ကောင်းသောစခန်းတစ်ခု ဖြစ်ပေသည်။ မြို့တည်ရာ နေရာတွင် တောင်ရိုးပေါ် အထီးတည်းတည်လျက်ရှိသော ကန်ကလေးကိုအကြောင်းပြု၍ ကန်ပက်လက် ဟုအမည်တွင်ကြောင်း သမိုင်းကျောက်စာများကဆိုသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁)၊ စာမျက်နှာ (၃၆၄)